မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်ငြိမ်းချိန်

စစ်ငြိမ်းချိန်

စစ်​ငြိမ်း​ချိန်

‘ကျွန်တော်​တို့​အသက် ၁၂ ပဲ​ရှိကြ​သေး​တယ်။ နိုင်ငံရေး နဲ့ စစ်​ကို ကျွန်တော်​တို့​သြဇာ​မ​လွှမ်း​နိုင်​ပေမဲ့ ကျွန်တော်​တို့ အသက်ရှင်​ချင်​သေး​တယ်! ငြိမ်းချမ်းရေး​ရဖို့ ကျွန်တော် တို့ စောင့်မျှော်​နေကြ​တာ။ အဲဒါကို အသက်ရှင် နေတုန်း တွေ့​နိုင်​ပါ့​မလား။’

—ပ​ဉ္စ​မ​တန်း​ကျောင်းသူ​ကျောင်းသား​များ

‘ကျွန်တော်​တို့​ကျောင်းနေ​ချင်​တယ်၊ ချောဆွဲ​ခံရ​မှာ​ကို ကြောက်စရာ​အကြောင်း​မရှိဘဲ သူငယ်ချင်းတွေ၊ ဆွေမျိုး​တွေ​ဆီ အလည်သွား​ချင်​တယ်။ အစိုးရ​က ကူညီ​ဆောင်ရွက်​ပေး​မယ်​လို့ မျှော်လင့်​တာ​ပဲ။ ကျွန်တော်​တို့ ပို​ပြီး​ကောင်း​တဲ့​ဘဝကို လိုချင်​တယ်။ ငြိမ်သက်​အေးချမ်းမှု ရချင်တယ်။’

—အဲလ်​ဟာ​ဂျီ၊ အသက် ၁၄ နှစ်

အဆိုပါ​စိတ်ထိခိုက်​စ​ရာ စကား​များ​က ပြည်တွင်းစစ်​ဒဏ် နှစ်ချီ​ခံ​ခဲ့​ရသော လူငယ်​ကလေး​များ​၏ မျှော်လင့်​ရာ​ကို ဖော်ပြ​သည်။ သူတို့​လိုလား​တောင့်တ​သည်​မှာ သာမန်​ဘဝ​အသက်တာ​ပင်​ဖြစ်သည်။ သို့သော် မျှော်လင့်ချက်များ​ကို အကောင်အထည်ဖော်​ရန် မလွယ်​လှ​ချေ။ စစ်​မဲ့​ကမ္ဘာ​ကို တွေ့မြင်​ရ​ပါ​ဦး​မည်​လော။

မကြာသေးမီ နှစ်​အနည်းငယ်​တွင် ငြိမ်းချမ်းရေး​သဘော​တူညီချက်​တစ်ခု​ကို လက်မှတ်​ရေးထိုး​ကြ​ရန် ပြိုင်ဘက်​အုပ်စု​များ​ကို ဖိအားပေး​ခြင်း​ဖြင့် ပြည်တွင်းစစ်​အချို့ ပြေငြိမ်း​သွား​စေဖို့ နိုင်ငံတကာ​ကြိုးပမ်းမှု​များ​ပြုလုပ်​ခဲ့​ကြသည်။ အဆိုပါ​သဘော​တူညီချက်​များ​အတိုင်း ပြုလုပ်​ဆောင်ရွက်​နိုင်​ကြ​ရန် နိုင်ငံ​အချို့​က ငြိမ်းချမ်းမှု​ထိန်းသိမ်းရေး​တပ်​များ စေလွှတ်​ပေး​ခဲ့​ကြသည်။ သို့သော် အလှမ်းဝေး​သော​နိုင်ငံ​များ​တွင် မုန်းတီးမှု​နှင့် သံသယစိတ် အမြစ်စွဲ​နေခြင်း​ကြောင့် အထိ​မခံ​စစ်​သွေး​ကြွ​အုပ်စု​များ​အချင်းချင်း သဘောတူညီ​မှု​ပြု​စေရန် စောင့်ကြည့်​ပေး​ဖို့ ငွေ​အင်အား​နှင့် ဆန္ဒရှိ​သည့်​နိုင်ငံ​များ မရှိသလောက်​ပင်​ဖြစ်သည်။ များသောအားဖြင့် အ​ပစ်​အ​ခတ်​ရပ်စဲ​ရန် သဘော​တူညီချက် လက်မှတ်​ရေးထိုး​ပြီး အပတ်​အနည်းငယ် သို့​မဟုတ် လအနည်းငယ်​အကြာတွင်​ပင် စစ်ပြန်​ဖြစ်လေ့​ရှိသည်။ စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး​သုတေသန​ဌာန ဖော်ပြ​သည့်​အတိုင်း “တိုက်ပွဲဝင်​သူများ​သည် ဆက်၍​စစ်​ဆင်နွှဲ​လို​သော ဆန္ဒ​နှင့်​အစွမ်း​ရှိနေ​သ၍ ငြိမ်းချမ်းရေး​ရရှိဖို့​ခက်​သည်။”

တစ်ချိန်တည်း​တွင် ကမ္ဘာ​ဒေသ​များစွာ​၌ ထိန်း​မရ​သော​တိုက်ခိုက်​ပွဲ​များ ဖြစ်ပွား​နေခြင်း​က ကျမ်းစာ​ပရောဖက်ပြုချက်​တစ်ခု​ကို ခရစ်ယာန်​များ​အား သတိ​ရစေသည်။ လူ့​သမိုင်း​တွင် ခဲယဉ်း​သော​ကာလ​တစ်ခု​အတွင်း “ငြိမ်ဝပ်ခြင်း​ကို မြေကြီး​က​ရုပ်သိမ်း” မည့် ပုံဆောင်​မြင်းစီးသူရဲ​တစ်ဦး​အကြောင်း ဗျာ.ကျမ်း​တွင် ဖော်ပြ​ထား​သည်။ (ဗျာ. ၆:၄) ဤသို့​မရပ်မနား​စစ်​ဖြစ်နေ​ခြင်း​က စုပေါင်း​နိမိတ်​တွင်​ပါဝင်​၏၊ ၎င်း​က သမ္မာကျမ်းစာ​ဖော်ပြ​သည့် ‘နောက်ဆုံး​ကာလ’ * တွင် ကျွန်ုပ်​တို့​အသက်ရှင်နေ​ကြောင်း သိသာ​စေ​သည်။ (၂ တိမောသေ ၃:၁) သို့သော် ဤ​နောက်ဆုံး​ကာလ​သည် စစ်​ငြိမ်း​ချိန်​၏ ရှေ့ပြေး​နိမိတ်​ဖြစ်သည်ဟု သမ္မာကျမ်းစာ​က အာမခံ​သည်။

စစ်မှန်သော​ငြိမ်းချမ်းမှု​ရှိဖို့ ကမ္ဘာ့​ဒေသ​တစ်ခု​၌​သာ​မဟုတ်၊ ကမ္ဘာ​တစ်ခွင် စစ်​ငြိမ်း​ဖို့​လို​ကြောင်း သမ္မာကျမ်းစာ​က ဆာလံ ၄၆:၉ တွင်​ဖော်ပြ​သည်။ ထို့​အပြင် ကျမ်းစာ​ခေတ်​မှ လက်နက်များ​ဖြစ်သော လေး၊ လှံ​နှင့် ရထားများ​ကို ဖျက်ဆီး​လိမ့်​မည်​ဟု ထို​ဆာလံ​က​ပင် အတိအကျ​ဖော်ပြ​သည်။ လူတို့သည် ငြိမ်းချမ်း​စွာ​နေထိုင်​နိုင်​ဖို့ ယနေ့ တစ်ဟုန်ထိုး တိုးပွား​များပြား​လာသော လက်နက်များ​ကိုလည်း ဖျက်ဆီး​ပစ်​ရမည်။

သို့သော် အဆုံး​တွင် စစ်​ကို မီးထိုး​ယပ်ခတ်​ပေး​သည်​မှာ ကျည်ဆန်​များနှင့် ရိုင်ဖယ်​သေနတ်​များ​မဟုတ်၊ မုန်းတီးခြင်း​နှင့် လောဘ​ကြီးခြင်း​တို့​ဖြစ်သည်။ လိုချင်​တပ်မက်မှု​ကြီးခြင်း သို့​မဟုတ် လောဘ​ကြီးခြင်း​သည် စစ်​ဖြစ်​ရသည့်​အကြောင်းရင်း​တစ်ခု​ဖြစ်​ပြီး မုန်းတီးခြင်းက အကြမ်းဖက်မှု​ဖြစ်ပွား​စေ​လေ့​ရှိသည်။ ဤ​အဖျက်​သဘောထားများကို အမြစ်​မကျန်​ဆွဲနုတ်​ပစ်​ရန် လူတို့သည် မိမိတို့​စဉ်းစား​တွေးခေါ်ပုံ​ကို ပြောင်းလဲ​လိုက်​ဖို့​လို​သည်။ ငြိမ်းချမ်း​စွာ​နေထိုင်​နိုင်သော​နည်းလမ်းများ​ကို သူတို့​သင်ယူ​ကြဖို့​လို​သည်။ ထို့​ကြောင့် ရှေးခေတ်​ပရောဖက်​ဟေရှာယ​က လူတို့သည် ‘စစ်​အတတ်ကို နောက်​တစ်ဖန် မသင်’ ကြ​တော့​မှ​သာ စစ်​ငြိမ်း​မည်​ဟု လက်တွေ့ကျကျ​ဖော်ပြ​ထား​၏။—ဟေရှာယ ၂:၄

သို့သော် ငြိမ်သက်ခြင်း​၏​တန်ဖိုး​ကို​မဟုတ်ဘဲ စစ်​၏​ဂုဏ်​ကျက်သရေ​ကို လူကြီးလူငယ်​မရွေး​အား သင်ကြား​ပေး​နေသည့်​လောကတွင် ယခု ကျွန်ုပ်​တို့​အသက်​ရှင်​နေကြ​ရသည်။ ကလေးငယ်​များ​ကို​ပင် သတ်ဖြတ်​ဖို့ လေ့ကျင့်ပေး​နေခြင်း​က အလွန်​ဝမ်းနည်းစရာ​ကောင်း​သည်။

သူတို့​သတ်ဖြတ်​တတ်လာ​ကြ

အသက် ၁၄ နှစ်အရွယ်​တွင် အဲလ်​ဟာ​ဂျီ​သည် စစ်​ထွက်​တစ်ဦး​ဖြစ်နေ​ပြီ။ သူပုန်များ သူ့ကို​ဖမ်းဆီး​သွားပြီး အေ​ကေ-၄၇ ချေမှုန်း​ရေး​ရိုင်ဖယ်​နှင့် တိုက်ခိုက်​ဖို့ လေ့ကျင့်ပေး​ခဲ့​ချိန်​တွင် သူ​အသက် ၁၀ နှစ်​သာ​ရှိသေး​သည်။ အတင်းအကျပ်​သိမ်းသွင်း​ခံရ​သော တပ်သား​သစ်​တစ်ဦး​အဖြစ် သူသည် တိုက်ခိုက်​လုယက်၊ စား​နပ်​ရိက္ခာ​စုဆောင်း​ခဲ့​ရသည်၊ အိမ်များ​ကို မီးရှို့​ပစ်​ရသည်။ လူ​တို့ကို သတ်​ရုံ​မ​က အင်္ဂါ​အစိတ်အပိုင်း​များ​ကို ဖြတ်တောက်​ပစ်​ခဲ့​သည်။ ယနေ့ အဲလ်​ဟာ​ဂျီ​သည် သူ၏​စစ်​အတွေ့အကြုံကို မေ့​ပစ်​ကာ အရပ်သား​ဘဝ​နှင့် နေသားကျ​ဖို့ အခက်တွေ့​နေသည်။ ကလေး​စစ်သား​နောက်​တစ်ဦး​ဖြစ်သူ အေ​ဗ​ရာ​ဟ​င်​သည်လည်း သတ်ဖြတ်​တတ်လာ​၏၊ သူသည် လက်နက်​မချ​လို​ခဲ့​ချေ။ သူက “သေနတ်​ထားခဲ့​ပြီး သွားတော့​လို့ ကျွန်တော့်​ကို​ပြော​ရင် ကျွန်တော်​ဘာလုပ်ရမလဲ၊ ဘယ်လို​အသက်မွေး​ရမလဲ” ဟု​ပြော​ခဲ့​သည်။

ယောက်ျားလေး​ရော မိန်းကလေးပါ​ပါ​သည့် ကလေး​စစ်သည် ၃၀၀,၀၀၀ ကျော်​တို့သည် ကျွန်ုပ်​တို့၏​ကမ္ဘာ​ဂြိုဟ်​ကို ဘေးသင့်နေ​စေသည့် မပြီး​ဆုံး​နိုင်သော​ပြည်တွင်းစစ်​များ​တွင် ပါဝင်​တိုက်ခိုက်​နေဆဲ၊ သေဆုံး​နေဆဲ​ရှိသည်။ သူပုန်​ခေါင်းဆောင်​တစ်ဦး​က ဤသို့​ရှင်းပြ​ခဲ့​ဖူး​သည်– “သူတို့လေးတွေ​က အမိန့်​ကို​နာခံ​ကြတယ်; ဇနီးသည်​ဆီ၊ မိသားစု​ဆီ ပြန်​ဖို့ မစဉ်း​စား​ဘူး; ပြီး​တော့ သူတို့မှာ ကြောက်စိတ်​မရှိကြဘူး။” အမှန်​မှာ ဤ​ကလေးငယ်​များလည်း သာ၍​ကောင်းသော​ဘဝကို လိုချင်​တောင့်တ​ကြ​၏၊ ၎င်းကို ရ​လည်း​ရထိုက်​ပေ​သည်။

ဖွံ့ဖြိုးပြီး​နိုင်ငံ​များ​တွင် ကလေး​စစ်သား​အဖြစ်​၏ ထိတ်လန့်​ချောက်ချား​စ​ရာ​အခြေအနေ​ကို စဉ်းစား၍​မရနိုင်​ချေ။ သို့​ဖြစ်သည့်​တိုင် အနောက်​တိုင်းနိုင်ငံ​သား ကလေး​များစွာတို့သည် အိမ်တွင်း၌​ပင် စစ်​အတတ်ကို သင်ယူ​နေကြ၏။ အဘယ်​သို့​နည်း။

ဥပမာတစ်ခု​အနေ​နှင့် စပိန်​အရှေ့​တောင်ပိုင်း​မှ ဟို​စေး​၏​အဖြစ်ကို သုံးသပ်ကြည့်​ပါ။ သူသည် ကိုယ်​ခံ​ပညာ​လေ့ကျင့်ခြင်း​ကို ခုံမင်​နှစ်သက်သော ဆယ်ကျော်သက်​တစ်ဦး​ဖြစ်သည်။ သူ​အထူး​တန်ဖိုး​ထားသော​ပစ္စည်း​တစ်ခု​မှာ ခရစ္စမတ်​လက်ဆောင်​အဖြစ် သူ့​ဖခင်​ဝယ်​ပေး​သော ဆာ​မူ​ရိုင်း​ဓား​ဖြစ်သည်။ ထို့​ပြင် ဗီဒီယို​ဂိမ်း​များ၊ အထူးသဖြင့် ရက်စက်​ကြမ်းကြုတ်​သော ဗီဒီယို​ဂိမ်း​များ​ကို သူ​အထူး​နှစ်သက်​သည်။ ၂၀၀၀ ပြည့်နှစ်၊ ဧပြီ ၁ ရက်​နေ့တွင် ဖန်သားပြင်​ပေါ်​မှ ဇာတ်​လိုက်​၏​ရန်လိုစိတ်​ကို သူ​အတုယူ လက်တွေ့​ပြုလုပ်​ခဲ့​သည်။ အကြမ်းဖက်​မြူးထူး​ပြီး သူ့​ဖခင်​ပေး​ထား​သည့်​ဓား​နှင့်​ပင် သူ၏​ဖခင်၊ မိခင်​နှင့် ညီမငယ်​တို့ကို သတ်ပစ်ခဲ့​သည်။ “လောကကြီး​မှာ ကျွန်တော်​တစ်ကိုယ်တည်း​နေချင်​တာ; မိဘတွေ ကျွန်တော့်​ကို ရှာ​နေတာ မလိုချင်ဘူး” ဟု​ရဲ​ကို သူ​ရှင်းပြ​ခဲ့​သည်။

အကြမ်းဖက်​ဖျော်ဖြေမှု​၏ အကျိုးဆက်များ​ကို စာရေး​ဆရာ​နှင့် စစ်​အရာရှိ ဒေ့ဗ် ဂ​ရော့စ်​မဲ​န်​က ဤသို့​မှတ်ချက်ချ​ခဲ့​သည်– “ကျွန်ုပ်​တို့သည် အနာတရ​ဖြစ်စေ​ပြီး ဝေဒနာ​ခံစား​စေခြင်း​တို့ကို ဖျော်ဖြေမှု​တစ်ခု​အဖြစ်ပင် ရှုမြင်​နိုင်​သည်​အထိ အရေ​ထူသည့်​အဆင့်​သို့ ရောက်ရှိ​နေကြပြီ၊ ယင်းကို စက်ဆုပ်​ရွံရှာ​မည့်​အစား ကြည့်ရှု​ပြီး အားရ​နှစ်သက်​နေကြ​သည်။ ကျွန်ုပ်​တို့သည် သတ်ဖြတ်​တတ်​ရန် သင်ယူ​နေကြ​ပြီး ယင်းကို အားရ​ကျေနပ်​နေကြ​သည်။”

အဲလ်​ဟာ​ဂျီ​ကော ဟို​စေး​ပါ သတ်ဖြတ်​တတ်လာ​ကြသည်။ လူသတ်သမား​များ​ဖြစ်​ဖို့ မရည်ရွယ်​ကြသော်လည်း သင်တန်း​တစ်မျိုး​မဟုတ်​တစ်မျိုး တက်​ထားခြင်း​က သူတို့၏​အတွေးအခေါ်ကို ဖောက်ပြန်​ပျက်ပြား​စေ​ခဲ့​သည်။ ကလေး​များ​အတွက်​ဖြစ်စေ၊ လူကြီး​များ​အတွက်​ဖြစ်စေ ထို​ကဲ့သို့​သော​သင်တန်း​များသည် အကြမ်းဖက်​ဖို့၊ သို့​မဟုတ် စစ်​ဆိုင်ရာ မျိုးစေ့​များ​ချ​ပေး​သည်။

စစ်မှု​အစား ငြိမ်သက်​သင့်တင့်​မှု​ကို သင်ယူခြင်း

လူတို့သည် သတ်ဖြတ်​ရန် သင်ယူ​နေသည့်​ကာလပတ်လုံး တည်မြဲသော​ငြိမ်သက်​အေးချမ်းမှု​ကို ဘယ်​သောအခါ​မျှ ရှိ​နိုင်​မည်​မဟုတ်ပါ။ လွန်ခဲ့သော​ရာစုနှစ်များစွာ​က ပရောဖက်​ဟေရှာယ ဤသို့​ရေးသားခဲ့​သည်– “သင်သည် [ဘုရားသခင်] ၏​ပညတ်​များ​ကို စောင့်ရှောက်​ခဲ့​လျှင် သင်၏​ချမ်းသာ​သည် မြစ်​ကဲ့သို့​လည်းကောင်း၊ သင်၏​ကောင်းစား​ခြင်း​သည် သမုဒ္ဒရာ​လှိုင်း​တံပိုး​ကဲ့သို့​လည်းကောင်း ဖြစ် [ရ​လိမ့်​မည်။]” (ဟေရှာယ ၄၈:၁၇၊ ၁၈သမ္မာ) လူတို့သည် သမ္မာကျမ်းစာ​မှ တိကျ​မှန်ကန်သော​အသိပညာကို ဆည်းပူး​လေ့လာ​ပြီး ဘုရားသခင့်​ပညတ်တော်​ကို ချစ်​မြတ်နိုး​တတ်လာ​သည့်​အခါ အကြမ်းဖက်မှု​နှင့် စစ်မှု​သည် စက်ဆုပ်ဖွယ်​ရာ​ဖြစ်လာ​လေ​သည်။ ယခု​ပင် မိဘများ​အနေ​နှင့် မိမိတို့​သားသမီး​များ​၏ ကစား​နည်း​များသည် အကြမ်းဖက်မှုကို​အားပေး​သော ကစား​နည်း​များ​ဖြစ်​မဖြစ် ဂရုတစိုက်​ကြည့်ရှု​စစ်ဆေး​သင့်​သည်။ လူကြီး​များ​အနေ​နှင့်​လည်း မုန်းတီးသော၊ လောဘ​ကြီးသော သဘောထားများကို ချိုးနှိမ်​ဖျောက်ဖျက်​နိုင်​ရန် သင်ယူ​သင့်​သည်။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​သည် လူ့​ပင်ကိုစရိုက်​ကို ပြုပြင်​ပြောင်းလဲ​ပေး​နိုင်​ကြောင်း ယေဟောဝါသက်သေ​များ ကြိမ်ဖန်​များစွာ တွေ့ရှိ​ခဲ့​ကြ​ရပြီ။—ဟေဗြဲ ၄:၁၂

ဟော်​ထဲ​န်ရှို​၏​ဥပမာ​ကို သုံးသပ်ကြည့်​ပါ။ သူသည် လူရွယ်​ပိုင်း​တွင် စစ်​ထဲ​မဝင်​ချင်​ဘဲ ဝင်​ခဲ့​ရသည်။ စစ်​လေ့ကျင့်မှု​က “တခြား​လူတွေကို သတ်ချင်​ရအောင်၊ သတ်​ဖို့​လည်း နည်းနည်းမှ​မကြောက်​ရအောင် သင်ပေးတယ်” ဟု သူ​ရှင်းပြသည်။ အာဖရိကတွင် အချိန်ဆွဲ​တိုက်​ခဲ့​သော ပြည်တွင်းစစ်​တစ်ခု​၌ သူပါ​ဝင်​တိုက်ခိုက်​ခဲ့​သည်။ “အဲဒီ​စစ်ပွဲ​က ကျွန်တော့်​ပင်ကိုစရိုက်​ကို အရမ်း​ပြောင်းလဲ​သွားစေတယ်။ ကျွန်တော်​လုပ်ခဲ့သမျှ​ကို အခုထိ သတိရ​နေတုန်းပဲ။ အတင်း​ခိုင်း​လို့​လုပ်ခဲ့​ရတာတွေ​အတွက် ဝမ်းနည်း​မိတယ်” ဟု​သူ​ဝန်ခံ​သည်။

ရဲ​ဘော်​ချင်း​တစ်ဦး​က​သမ္မာကျမ်းစာ​အကြောင်း ဟော်​ထဲ​န်ရှို​ကို ပြောပြ​သောအခါ သူ​အတော်ပင်​သဘောကျ​သွား​သည်။ ဆာလံ ၄၆:၉ တွင် ဘုရားသခင်​က စစ်မက်​ဟူသ၍​ကို အဆုံးတိုင်​စေမည်​ဟူသော ကတိတော်​ကို သူ​စွဲမှတ်​သွား​သည်။ သူသည် ကျမ်းစာ​ကို​လေ့လာ​လေ စစ်တိုက်​လို​စိတ် မရှိ​လေ​ဖြစ်သည်။ များ​မကြာမီ သူနှင့် သူ၏​အဖော်​နှစ်ဦး​သည် တပ်​မှ​အထုတ်​ခံ​လိုက်ရ​ရာ ယေဟောဝါ​ဘုရားသခင်​ထံ မိမိတို့​ကိုယ်ကို ဆက်ကပ်​အပ်နှံ​လိုက်​လေ​သည်။ “ကျမ်းစာ​အမှန်တရားက ရန်သူကို​ချစ်တတ်​လာ​စေတယ်။ ဘုရားသခင်​က လူ​လူ​ချင်း​မ​သတ်​ရလို့​ပြော​ထား​တဲ့​အတွက် စစ်တိုက်​နေတာဟာ တကယ်တော့ ယေဟောဝါ​ကို​ပြစ်မှား​နေတာပဲ​လို့ ကျွန်တော်​သဘောပေါက်​လာတယ်။ ဒီလို​မေတ္တာပြ​နိုင်​ဖို့ လူတွေကို ရန်သူတွေ​လို့​မမြင်​ဖို့ ကျွန်တော့်​ရဲ့​အတွေးအခေါ်ကို ပြောင်းလဲ​ခဲ့​ရတယ်” ဟု​ဟော်​ထဲ​န်ရှို​ရှင်းပြသည်။

သမ္မာကျမ်းစာ​ပညာရေး​သည် ငြိမ်သက်​အေးချမ်းမှု​ကို အမှန်​ဖြစ်ပေါ်​စေ​ကြောင်း အဆိုပါ​ဘဝ​ဖြစ်ရပ်မှန်များ​က ဖော်ပြ​သည်။ ယင်းသည် အံ့အားသင့်​စ​ရာ​မဟုတ်ပါ။ မြင့်မြတ်​သော​ပညာရေး​နှင့် ငြိမ်သက်ခြင်း​သည် တိုက်ရိုက်​ဆက်နွှယ်မှု​ရှိကြောင်း ပရောဖက်​ဟေရှာယ​က ဖော်ပြ​ခဲ့​သည်။ “သင်၏​သားသမီး​အပေါင်းတို့သည် ထာဝရ​ဘုရား​ဆုံးမ​သွန်သင်​တော်​မူ​သော​သူ​ဖြစ်၍ များစွာသော​စည်းစိမ်​ချမ်းသာ [“ငြိမ်သက်ခြင်း၊” က​ဘ] နှင့် ပြည့်စုံ​ကြလိမ့်မည်” ဟု​သူ​ကြို​ဟောခဲ့​သည်။ (ဟေရှာယ ၅၄:၁၃) လူမျိုးအပေါင်း​မှ လူတို့သည် ဘုရားသခင်​၏​နည်းလမ်းတော်​များ​ကို သင်ယူ​ရန် ယေဟောဝါ​ဘုရားသခင်​၏ စင်ကြယ်သော​ဝတ်ပြုရေး​သို့ တဖွဲဖွဲ​ရောက်ရှိ​လာ​ကြ​လိမ့်​မည့်​အချိန်ကို ထို​ပရောဖက် ကြို၍​မြင်ခဲ့​သည်။ အဘယ်​ရလဒ်​ဖြစ်ပေါ်​လာ​မည်​နည်း။ ထို​အခါ “သူတို့​ဓား​လက်နက်များ​ကို ထွန်သွား​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း၊ လှံ​များ​ကို တံစဉ်​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း ထုလုပ်​ကြလိမ့်မည်။ တစ်​ပြည်​ကိုတစ်​ပြည်​စစ်​မ​တိုက်၊ စစ်​အတတ်ကို​လည်း နောက်​တစ်ဖန်​မသင်​ရ​ကြ။”—ဟေရှာယ ၂:၂-၄

ထို​ပရောဖက်ပြုချက်​နှင့်​အညီ ယေဟောဝါသက်သေ​များသည် လူ့​စစ်ပွဲ​များ​၏​ဇာစ်​မြစ်​ဖြစ်သော မုန်းတီးမှု​ကို ချိုးနှိမ်​ဖျောက်ဖျက်​နိုင်​စေသည့် ကမ္ဘာချီ​ပညာပေး​လုပ်ငန်း​တွင် ပါဝင်​နေကြ​ပြီး သန်းနှင့်ချီ​သော​သူတို့ကို ကူညီ​ပေး​ခဲ့ပြီ။

ကမ္ဘာ့​ငြိမ်းချမ်းမှု​အတွက် အာမခံချက်

ပညာပေး​လုပ်ငန်း​အပြင် ကမ္ဘာချီ​ငြိမ်းချမ်းမှု အမှန်တကယ်​ရှိစေ​နိုင်သော အစိုးရ သို့​မဟုတ် “နိုင်ငံတော်” တစ်ခု​ကို ဘုရားသခင်​တည်ထောင်​ထားပြီ။ ဘုရားသခင်​ရွေးချယ်​ထားသော ဘုရင်​ယေရှု​ခရစ်​ကို “ငြိမ်သက်ခြင်း​မင်း” ဟု သမ္မာကျမ်းစာ​ခေါ်ဆို​ခြင်း​က အလွန်​ထူးခြား​သည်။ ထို့​ပြင် “အာဏာတော်​နှင့် ငြိမ်သက်ခြင်း​သည် မကုန်မဆုံး ... အမြဲ​တိုးတက်​လိမ့်​မည်” ဟူ၍လည်း အာမခံ​သည်။—ဟေရှာယ ၉:၆၊ ၇သမ္မာ။

ခရစ်တော်​၏​အုပ်ချုပ်မှု​သည် စစ်​ဟူသ၍​ကို အောင်မြင်စွာ ဖယ်ရှားပစ်​နိုင်​မည်​ဖြစ်​ကြောင်း အဘယ်​အာမခံချက်​ရှိ​သနည်း။ ပရောဖက်​ဟေရှာယ​က “ဗိုလ်ခြေ​တို့​အရှင် ထာဝရ​ဘုရား​သည် အလိုတော်​အားကြီး​၍ ထို​အမှုကို​ပြီးစီး​စေတော်မူ​လိမ့်​မည်” ဟု​ထပ်ဆင့်​ဆို​ခဲ့​သည်။ (ဟေရှာယ ၉:၇သမ္မာ) ဘုရားသခင်​သည် တည်မြဲသော​ငြိမ်သက်ခြင်း​ကို အစဉ်အဆက်​တည်ရှိ​စေ​လို​သည်​သာမက တည်ရှိ​စေနိုင်​စွမ်း​ရှိ၏။ ဤ​ကတိတော်​ကို ယေရှု​အကြွင်းမဲ့ယုံ​ကြည်​စိတ်ချ​တော်​မူ​၏။ ထို့​ကြောင့် ဘုရားသခင့်​နိုင်ငံတော်​လာဖို့​နှင့် မြေကြီးပေါ်​တွင် ဘုရားသခင့်​အလိုတော်​ပြည့်စုံ​စေဖို့ ဆုတောင်း​ကြ​ရန် မိမိ၏​နောက်လိုက်​များ​ကို သွန်သင်ပေး​တော်​မူ​ခဲ့​သည်။ (မဿဲ ၆:၉၊ ၁၀) စိတ်ရင်းမှန်​ဖြင့်​တောင်းဆို​သော အဆိုပါ​ဆုတောင်းချက်​သည် နောက်ဆုံး ပြည့်စုံ​လာသော​အခါ မြေကြီးပေါ်​တွင် ဘယ်​သောအခါ​မျှ စစ်ပြန်​ဖြစ်​တော့​မည်​မဟုတ်ပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 နောက်ဆုံး​ကာလ​၌ ကျွန်ုပ်​တို့​အသက်ရှင်နေ​ကြောင်း သာဓက​ကို​ဆန်းစစ်​ကြည့်​ဖို့ ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ခဲ့​သော ထာဝရ​အသက်​ရစေသော အသိပညာ​စာအုပ် အခန်း ၁၁ ကို​ရှု။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​ပညာရေး​က စစ်မှန်သော ငြိမ်သက်ခြင်း​ကို​ဖြစ်ပေါ်​စေ