မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

ယေရုရှလင်​မြို့ ဝန်းရံ​ပိတ်ဆို့၊ ဖျက်ဆီး​ခံရ​ချိန်​အတွင်း ယေဇကျေလ​သည် အဘယ်​သဘောဖြင့် “စကား​အ” သွားခဲ့​သနည်း။

အမှန်​သော်၊ သူ​ကြေညာ​ခဲ့​ပြီး​သော ယေဟောဝါ​၏​ပရောဖက်ပြု​သတင်းစကားကို ထပ်၍​ဖြည့်စွက်​စ​ရာ မရှိတော့​သည့် သဘော​ဖြစ်သည်။

ပရောဖက်​ယေဇကျေလ​သည် “ယေခေါနိ​မင်း​သိမ်းသွား​ခံရ​သော ပဉ္စမ​နှစ်” ဖြစ်သည့် ဘီ.စီ.အီး. ၆၁၃ ခုနှစ်​တွင် ဗာဗုလုန်​သို့ နယ်နှင်ခံ​ရသော ဣသရေလ​လူမျိုး​အတွက် သစ္စာရှိ​ကင်းစောင့်​တာဝန်​ကို စတင်​ထမ်းဆောင်​ခဲ့​သည်။ (ယေဇကျေလ ၁:၂၊ ၃သမ္မာ) ဘီ.စီ.အီး. ၆၀၉ ခုနှစ်၊ ဒသ​မ​လူး​နာ​လ၊ ဆယ်ရက်​နေ့တွင် ယေရုရှလင်​မြို့ကို ဗာဗုလုန်​လူမျိုး စတင်​ဝန်းရံ​ပိတ်ဆို့​မည်​ဖြစ်​ကြောင်း ဘုရားသခင့်​ဝိညာဉ်​တော်​မှုတ်သွင်းမှု​ကြောင့် သူသိ​ရှိခဲ့​ရသည်။ (ယေဇကျေလ ၂၄:၁၊ ၂) ဤ​ဝိုင်းရံ​ပိတ်ဆို့ မှု​ကြောင့် အဘယ်အရာ​များ​ဖြစ်ပျက်​လာ​မည်​နည်း။ ယေရုရှလင်​မြို့​နှင့် သစ္စာမဲ့​မြို့သူ​မြို့သား​များ ဘေးလွတ်​ကြ​မည်​လော။ ကင်းစောင့်​တစ်ဦး​အနေ​နှင့် ယေဇကျေလ​သည် ယေဟောဝါ​၏​မမှား​နိုင်သော ပျက်စီးခြင်း​သတင်းကို ကြေညာ​ထားပြီ​ဖြစ်​ရာ၊ ထို​သတင်းစကားကို ပိုမို​ယုံကြည်​စေရန် လုပ်ဆောင်​သည့်​အလား တစ်စုံတစ်ရာ​မျှ ထပ်​ဖြည့်စွက်​စ​ရာ​မလိုတော့ပေ။ ယေဇကျေလ​သည် ယေရုရှလင်​မြို့ ဝိုင်းရံ​ပိတ်ဆို့​ခံရ​ခြင်း​နှင့်​ပတ်သက်​၍ ထပ်​ပြောစရာ​မရှိ၊ စကား​အ,သွားလေသည်။—ယေဇကျေလ ၂၄:၂၅-၂၇သမ္မာ။

ဘီ.စီ.အီး. ၆၀၇ ခုနှစ်​တွင် ယေရုရှလင်​မြို့​ဖျက်ဆီး​ခံရ​ပြီး​နောက် ခြောက်​လ​ခန့်အကြာ​တွင် လွတ်မြောက်​လာ​သူ​တစ်ဦး​က သန့်ရှင်းသော​မြို့ ပျက်စီး​ခြောက်ကပ်​နေကြောင်း ဗာဗုလုန်​ရောက်နေ​သူ ယေဇကျေလ​ထံ သတင်း​ယူလာ​ပေး​သည်။ ဤ​လွတ်မြောက်​လာ​သူ ရောက်​မလာ​မီ ညနေပိုင်း​တွင် ယေဟောဝါ​သည် “[ယေဇကျေလ​၏] နှုတ်​ကို​ဖွင့်​တော်​မူ​သဖြင့် နောက်​တစ်ဖန် [သူ] သည် စကား​အ,လျက်​နေရ​သည်မဟုတ်။” (ယေဇကျေလ ၃၃:၂၂သမ္မာ) ထိုသို့​နှင့် ယေဇကျေလ စကားပြန်​ပြော​နိုင်​တော့​သည်။

ထို​ကာလ​အတွင်း ယေဇကျေလ​သည် အမှန်ပင် စကား​အ,နေ​သလော။ စကား​အ,မနေ​ကြောင်း ထင်ရှား​သည်၊ အကြောင်း​မှာ “စကား​အ” သွားပြီး​သည့်​နောက်​၌​ပင် ယေဇကျေလ​သည် ယေရုရှလင်​မြို့​ကျဆုံးသွား​သည့်​အတွက် အပျော်​ကြီး​ပျော်​နေကြ​သော ဝန်းကျင်​နိုင်ငံ​များ​ကို အဓိက​ရည်ရွယ်ပြီး ပရောဖက်ပြု​ခဲ့​သောကြောင့် ဖြစ်သည်။ (ယေဇကျေလ အခန်းကြီး ၂၅-၃၂) ယေဇကျေလ​သည် ပရောဖက်​တာဝန်​နှင့် ကင်းစောင့်​တာဝန် ထမ်းဆောင်​ခါ​စ​တွင် သူ့ကို ယေဟောဝါ​က “သင်သည် သူတို့ကို​မဆုံးမ​ဘဲ​နေ​စေခြင်း​ငှာ စကား​အ,လျက် သင့်​လျှာ​ကို အာခေါင်​၌​ကပ်​စေမည်။ အကြောင်း​မူ​ကား သူတို့သည် ပုန်ကန်​တတ်သော​အမျိုး​ဖြစ်​ကြ​၏။ သို့ရာတွင် သင့်​အား​ငါ​ပြော​သောအခါ သင့်​နှုတ်​ကို​ငါ​ဖွင့်​မည်” ဟု​မိန့်တော်မူ၏။ (ယေဇကျေလ ၃:၂၆၊ ၂၇) ဣသရေလ​လူမျိုး​ကို ယေဟောဝါ​မှာကြား​စ​ရာ သတင်း​စကား​မရှိ​ချိန်​တွင် ယေဇကျေလ​သည် ထို​လူမျိုး​နှင့်​ပတ်သက်ပြီး စကား​အ,နေရ​မည်​ဖြစ်သည်။ ယေဇကျေလ​သည် ယေဟောဝါ ပြောဆို​စေ​လို​သော​အချိန်တွင် ယေဟောဝါ​ပြော​စေ​လို​သော​စကား​ကို ပြော​ရန်ဖြစ်​သည်။ ယေဇကျေလ​၏ စကား​အ,နေခြင်း​သည် အရေးကြီးသော ပရောဖက်​သတင်း​စကား​များ​ကို ဣသရေလ​လူမျိုး​အား မပြော​ဘဲ နှုတ်ဆိတ်​နေခြင်း​ကို​ဆိုလို​သည်။

ခေတ်​သစ် ကင်းစောင့်​အတန်းအစား​ဖြစ်သော ဝိညာဉ်​တော်​ဖွား ခရစ်ယာန်​တို့သည် ပုံဆောင်​ယေရုရှလင်​မြို့​တည်း​ဟူသော ခရစ်ယာန်ဘောင်​ပျက်စီးခြင်း​အကြောင်းကို သတိပေး​လျက်​ရှိသည်။ ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ ကျရောက်​ပြီး မှားယွင်းသော​ဘာသာရေး​ကမ္ဘာ့​အင်ပါယာ​တည်း​ဟူသော ‘မဟာ​ဗာဗုလုန်’ ပျက်စီး​သောအခါ​တွင် ဝိညာဉ်​တော်​ဖွား ယေဇကျေလ​အတန်းအစား​သည် ထို​အင်ပါယာ​၏​အဓိက​အစိတ်အပိုင်း​ဖြစ်သော ခရစ်ယာန်ဘောင်​ကျဆုံး​ခြင်း​အကြောင်း နောက်ထပ်​ပြောဆို​စ​ရာ ရှိတော့မည်​မဟုတ်ပါ။—မဿဲ ၂၄:၂၁; ဗျာ. ၁၇:၁၊ ၂၊ ၅

မှန်ပါသည်၊ ဝိညာဉ်​တော်​ဖွား​များနှင့် သူတို့၏​အပေါင်းပါများ​သည် ခရစ်ယာန်ဘောင်​သိရှိ​စေဖို့ ထပ်​ပြောစရာ​မရှိတော့​သောကြောင့် စကား​အ,နေချိန် ရောက်လာ​ပါ​လိမ့်​မည်။ ထို​အချိန်​သည် “ချိုဆယ်ချောင်း” နှင့် “သားရဲ” က မဟာ​ဗာဗုလုန်​ကို ဖျက်ဆီး​၍ သူ၏​အဝတ်တန်ဆာ​ကို​ချွတ်​သောအခါ​တွင်​ဖြစ်​မည်။ (ဗျာ. ၁၇:၁၆) ယင်းကြောင့် ခရစ်ယာန်​များသည် တကယ့်ကို စကား​အ,သွား​မည်​ဟု မဆိုလို​ပါ။ ယခု သူတို့​လုပ်ဆောင်နေ​ကြ​သည့်​နည်းတူ ယေဟောဝါ​ကို​ချီးမွမ်း​၍ ကိုယ်တော်​၏​နာမကို နေ့တိုင်း​အစဉ် “ကမ္ဘာ​အဆက်ဆက်” ကျော်စော​စေပါ​လိမ့်​မည်။—ဆာလံ ၄၅:၁၇; ၁၄၅:၂