မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သတင်းကောင်းသည် ဆောင်ထမေနှင့် ပရင့်ချီပေ ကျွန်းတွင် အသီး,သီးပွင့်

သတင်းကောင်းသည် ဆောင်ထမေနှင့် ပရင့်ချီပေ ကျွန်းတွင် အသီး,သီးပွင့်

သတင်းကောင်းသည် ဆောင်​ထ​မေ​နှင့် ပ​ရ​င့်​ချီ​ပေ ကျွန်း​တွင် အသီး,သီးပွင့်

လူအများစု​သည် ဆောင်​ထ​မေ​နှင့် ပ​ရ​င့်​ချီ​ပေ​ကျွန်း​အကြောင်း ကြားဖူး​မည်​မဟုတ်​ချေ။ အားလပ်ရက်​လည်ပတ်​ဘရိုရှာ​များ​တွင် အဆိုပါ​ကျွန်း​များ​ကို ကြော်ငြာ​လေ့​မရှိ​ချေ။ ထို​ကျွန်း​များသည် ကမ္ဘာ့​မြေပုံ​ပေါ်​၌ အာဖရိက​အနောက်ပိုင်း​ကမ်းရိုးတန်း​ရှိ ဂီနီ​ပင်လယ်ကွေ့​တွင် အစက်အပြောက်​ကလေး​များနှင့်​သာ​တူ​၏၊ ဆောင်​ထ​မေ​ကျွန်း​သည် အီကွေတာ​မျဉ်း​ပေါ်​၌ တည်ရှိ​ပြီး ၎င်း​၏​အရှေ့မြောက်ဘက်​သာ​သာ​တွင် ပ​ရ​င့်​ချီ​ပေ​ကျွန်း တည်ရှိ​သည်။ မိုး​များ​ပြီး စိုစွတ်​သော​ရာသီဥတု​ကြောင့် ပေ ၆,၆၀၀ ကျော်​မြင့်​သည့် တောင်ကုန်း​များသည် ထူထပ်​သော​မိုးသစ်တော​များ​ဖြင့် ဖုံးလွှမ်း​နေ​၏။

ပင်လယ်ရေ​ပြာပြာ​နှင့် အုန်း​ထန်းပင် အစီ​အ​ရီ​ပေါက်​နေသော ကမ်းခြေ​များ ဝိုင်းရံ​ထား​သည့် အဆိုပါ အပူပိုင်း​ဒေသ​ကျွန်း​များ​ပေါ်​တွင် ဖော်ရွေ​ချစ်ခင်​ကြင်နာ​တတ်​သူများ နေထိုင်ကြ​၏၊ ဤ​သူတို့သည် အာဖရိက​နှင့် ဥရောပ​သွေး​စပ်​ထား​သူများ​ဖြစ်​ကြ​ရာ ယဉ်ကျေးမှု​များ ရောနှော​ခဲ့​သည်။ နေထိုင်ကြ​သူ ၁၇၀,၀၀၀ တို့သည် အဓိက​ထုတ်ကုန် ကိုကိုး​ပင် သို့​မဟုတ် လယ်ယာ​စိုက်ပျိုးခြင်း​နှင့် တံငါ​လုပ်ငန်း​ဖြင့် အသက်မွေးဝမ်းကျောင်း​ပြု​ကြသည်။ မကြာသေးမီ​နှစ်များ​က တစ်နေ့​ဝမ်းစာရှာ​ဖို့​ပင် အခက်တွေ့​ခဲ့​ကြ​၏။

သို့သော် ၂၀ ရာစု​၏ နောက်ဆုံး​ဆယ်စုနှစ်​တွင် ဤ​ကျွန်း​များ​ပေါ်​ရှိ လူ​အတော်များများ​၏​အသက်တာကို အလွန်​အကျိုးရှိ​စေ​ခဲ့​သည့် အဖြစ်အပျက်​တစ်ခု ဖြစ်​ခဲ့​သည်။ ၁၉၉၃၊ ဇွန်လ​တွင် ယေဟောဝါသက်သေ​များသည် ဆောင်​ထ​မေ​နှင့် ပ​ရ​င့်​ချီ​ပေ​အစိုးရ​ထံ တရားဝင်​မှတ်ပုံတင်​ခဲ့​ရာ ဤ​ကျွန်း​များ​ပေါ်​ရှိ ယေဟောဝါသက်သေ​များ​၏ နှစ်​ရှည်​လ​များ ရံဖန်ရံခါ အခက်အခဲ​ကြုံ​ရသည့် သမိုင်းကြောင်း အဆုံးတိုင်​ခဲ့​လေ​သည်။

ခက်ခဲ​မှု​ကြား မျိုးကြဲ​ခဲ့

အာဖရိက​နိုင်ငံ​ရှိ တခြား​ပေါ်တူဂီ​ကိုလိုနီ​များ​မှ အကျဉ်းသား​များ​ကို အလုပ်ကြမ်း​စခန်း​များ​သို့ တစ်ကျွန်း​ပို့​ခဲ့​စဉ် ၁၉၅၀ ပြည့်လွန်​နှစ်များ​အစောပိုင်းက ဤ​နိုင်ငံ​သို့ ပထမ​ဆုံး​သက်သေခံ​တစ်ဦး ရောက်ရှိ​လာ​ခဲ့​ပုံ​ရှိ၏။ အာဖရိကန်​ရှေ့ဆောင် သို့​မဟုတ် အချိန်ပြည့်​အမှုဆောင်​ဖြစ်သော သက်သေခံ​တစ်ဦး​သည် မိုဇမ်ဘစ်​နိုင်ငံ​တွင် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောခြင်း​ကြောင့် တစ်ကျွန်း​ပို့​ခံ​ခဲ့​ရသည်။ ဤ​တစ်ကိုယ်တော်​သက်သေခံ​သည် သတင်းကောင်းကို အနှံ့​ဟောပြောခဲ့​ရာ ခြောက်​လ​အတွင်း အခြားသူ ၁၃ ဦး​ပါ ဟောပြော​လာ​ကြ​လေ​သည်။ နောက်ပိုင်း​တွင် အင်ဂိုလာ​နိုင်ငံ​မှ အခြား​သက်သေခံ​များသည်​လည်း အလားတူ​အခြေအနေ​မျိုး​ဖြင့် ရောက်ရှိ​လာ​ကြ​၏။ သူတို့​ထောင်ကျ​နေစဉ် ဒေသခံ​များ​ကို အခွင့်အရေး​ရ​တိုင်း သတင်းကောင်း ဟောပြောကြ​၏။

၁၉၆၆ ခုနှစ်​တွင် ဆောင်​ထ​မေ​ကျွန်း​ပေါ်​၌ ထောင်ဒဏ်​ခံရ​သော ညီအစ်ကို​အားလုံး​သည် အာဖရိက​ပြည်မ​သို့ ပြန်သွား​ကြ​၏။ ကျန်ရစ်​ခဲ့​သော ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ အုပ်စုငယ်​သည် ရဲရင့်စွာ ဆက်​အမှုဆောင်​ကြသည်။ သူတို့သည် စုဝေး​၍ ကျမ်းစာ​လေ့လာ​ကြသော​ကြောင့် ညှဉ်းပန်း​ခံရ၊ ရိုက်နှက်​ခံရ၊ အကျဉ်း​ချ​ခံရ​သည်၊ သူတို့​ထံ လည်ပတ်​အားပေး​မည့်​သူ တစ်ဦး​တစ်ယောက်မျှ မရှိခဲ့​ချေ။ ထို​နိုင်ငံ​သည် ၁၉၇၅ ခုနှစ်​တွင် ပေါ်တူဂီ​လက်အောက်​မှ လွတ်လပ်ရေး​ရခဲ့ပြီး​နောက် ဘုရားသခင့်​နိုင်ငံတော် အမှန်တရား​မျိုးစေ့​များသည် တဖြည်းဖြည်း သီးပွင့်​လာ​လေ​သည်။

တိုးချဲ့​ခြင်း​နှင့် ဆောက်လုပ်​ခြင်း

၁၉၉၃ ခုနှစ်​၌ တရားဝင်​မှတ်ပုံတင်​သည့်​လ​တွင်​ပင် ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ​အရေအတွက် ၁၀၀ အထိ တိုးတက်​ခဲ့​သည်။ ထို​နှစ်​၌​ပင် ပေါ်တူဂီ​နိုင်ငံ​မှ အထူး​ရှေ့ဆောင်​များ ရောက်လာ​၏။ ပေါ်တူဂီ​ခရီအိုလ်​ဘာသာ​စကား​ကို သူတို့​ကြိုးစား​သင်ယူခြင်း​ကြောင့် ဒေသခံ​များ​က သူတို့ကို ပို​ချစ်ခင်​ရင်းနှီး​လာ​ကြ​လေ​သည်။ ထို့နောက် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ဆောက်​ဖို့ မြေကွက်​ရှာဖွေရေး​ကို ဦးစားပေး​ခဲ့​ကြ​၏။ ဤ​လိုအပ်မှု​ကို ညီအစ်မ​တစ်ဦး​ဖြစ်သူ မာ​ရီ​ယာ​ကြားသိ​သောအခါ သူ၏​အိမ်က​လေး ဆောက်​ထားသော မြေကွက်​တစ်ဝက်​ကို လှူဒါန်း​လိုက်​လေ​သည်။ ဤ​မြေကွက်​သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ကြီး​တစ်လုံး ဆောက်လုပ်​ရန် လုံလောက်​၏။ မာ​ရီ​ယာ​တွင် ဆွေမျိုးရင်းချာ​မရှိသည့်​အတွက် လို​ဘ​ကြီးသော​စီးပွားရေး​သမားများ​က ဤ​မြေကွက်​ကို မျက်စိကျ​နေကြောင်း သူ​မသိ​ခဲ့​ချေ။ တစ်နေ့​တွင် အကြီးစား​စီးပွားရေး​သ​မား​တစ်ဦး​သည် မာ​ရီ​ယာ​နှင့် စကား​လာ​ပြော​သည်။

“ခင်ဗျား​ရဲ့​မြေကွက်​ကို လှူ​လိုက်တယ်လို့ ကြား​ရတာ စိတ်မကောင်း​စ​ရာ​ပဲ! မြို့လယ်ခေါင်​က မြေကွက်​ဆိုရင် ဈေး​ကောင်းကောင်း​ရမယ်ဆိုတာ ခင်ဗျား​မသိ​ဘူးလား” ဟု​မာ​ရီ​ယာ​ကို စီးပွားရေး​သ​မား​က သတိပေး​ခဲ့​သည်။

မာ​ရီ​ယာ​က “တကယ်လို့ ရှ​င့်​ကို ဒီ​မြေကွက်​ရော​င်း​မယ်​ဆိုရင် ဘယ်လောက်​ပေး​မှာ​လဲ” ဟု​မေးခဲ့သည်။ ထို​လူ ပြန်​မဖြေ​သောအခါ မာ​ရီ​ယာ​က “ကမ္ဘာ​မှာ​ရှိသမျှ​ငွေ​တွေ ကျွန်မ​ကို ပုံ​ပေး​မယ်​ဆိုရင်တောင် အသက်ကို ဝယ်​လို့​ရမှာ​မဟုတ်ဘူး” ဟု​ပြော​ခဲ့​သည်။

ထို​လူက “ခင်ဗျား​မှာ သားသမီးတွေ မရှိဘူး​မဟုတ်လား” ဟု​မေးခဲ့သည်။

စကား​ပြတ်​သွားစေရန် မာ​ရီ​ယာ​က “ဒီ​မြေကွက်​ကို ယေဟောဝါ​ပိုင်​တာ။ ကိုယ်တော်​က ကျွန်မ​ကို နှစ်​နဲ့​ချီ​ပြီး ဒီ​မြေကွက်​ကို​ငှား​ပေး​ထား​တာ၊ အခု ပြန်ပေး​လိုက်​တော့​မယ်။ ကျွန်မ ထာဝစဉ်​အသက်ရှင်ဖို့ မျှော်လင့်​နေတာ” ဟု​ပြော​ခဲ့​၏။ ထို့နောက် ထို​လူကို မာ​ရီ​ယာ ဤသို့​မေးလိုက်​သည်– “ရှင်၊ ထာဝရ​အသက် ပေး​နိုင်​မလား။” ထို​သူသည် စကား​တစ်ခွန်း​မျှ​ပြန်​မပြော​ဘဲ ထွက်သွား​လေ​သည်။

ပေါ်တူဂီ​နိုင်ငံ​မှ ကျွမ်းကျင်​သော​ညီအစ်ကို​များ​၏ အကူအညီ​ဖြင့် ထို​မြေကွက်​ပေါ်​တွင် သပ်ရပ်​လှပသော နှစ်ထပ်​တိုက်​တစ်လုံး ဆောက်လုပ်​ပြီးစီး​သွား​သည်။ ထို​အဆောက်အဦ​တွင် မြေအောက်ခန်း​အပြည့်၊ ကျယ်ဝန်း​သော ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​နှင့် နေစရာ​အခန်း​များ​ရှိသည်။ အကြီးအကဲ​များ၊ ဓမ္မ​အမှုထမ်းများ​နှင့် ရှေ့ဆောင်​များ​အတွက် သင်တန်း​ကျောင်း​များ​ကျင်းပ​ရန် အခန်း​များလည်း​ရှိသည်။ ယခု ယင်း​ခန်းမ​တွင် အသင်းတော်​နှစ်ခု​က အစည်းအဝေး​များ​ကျင်းပ​လျက်​ရှိရာ ၎င်း​သည် မြို့တော်​တွင် စင်ကြယ်သော​ဝတ်ပြုရေး​အတွက် လှပ​တင့်တယ်​သော ပညာပေး​ဌာန​ဖြစ်နေ​ပါ​သည်။

မီ​ဆော့​ရှီ​မြို့ရှိ အသင်းတော်တွင် စိတ်အား​ထက်သန်​သော​ကြေညာသူ ၆၀ ရှိ၏။ ငှက်​ပျော​တော​ကြား​တွင် ကြံဖန်​ဆောက်လုပ်​ထားသော ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​၌ အစည်းအဝေး​များ ကျင်းပ​ရသော​ကြောင့် တော်​သင့်​သော ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်လုံး​ဆောက်​ဖို့ လိုအပ်​လာ​သည်။ ယင်းကို မြို့တော်​ခန်းမ​သို့ တင်ပြ​လိုက်​ရာ သဘောကောင်း​သော​အရာရှိများ​က လမ်းမ​ပေါ်​ရှိ မြေကွက်​ကို ရွေးချယ်ခွင့်​ပြု​ခဲ့​ကြသည်။ ပေါ်တူဂီ​မှ ညီအစ်ကို​များ​၏​အကူအညီ​ဖြင့် အမြန်​ဆောက်လုပ်​နည်းကို​အသုံးပြု၍ ဆောက်​ခဲ့​ရာ နှစ်လ​အတွင်း လှပ​တင့်တယ်​သော ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်လုံး ဆောက်လုပ်​ပြီးစီး​သွား​သည်။ ဒေသခံ​များ မယုံနိုင်​အောင်​ဖြစ်​ခဲ့​ကြ​ရ၏။ ထို​မြို့တွင် ဆောက်လုပ်ရေး​စီမံကိန်း​တစ်ခု​၌​ပါဝင်သော ဆွီဒင်​နိုင်ငံ​မှ အင်ဂျင်နီယာ​တစ်ဦး​သည် ညီအစ်ကို၊ ညီအစ်မ​များ​၏​လုပ်ဆောင်မှုကို မြင်တွေ့​သည့်​အခါ အံ့အားသင့်​ခဲ့​သည်။ သူက “မယုံနိုင်​စ​ရာ​ပဲ! မီ​ဆော့​ရှီ​မြို့မှာ​ရှိတဲ့ ယေဟောဝါသက်သေ​တွေ​က အမြန်​ဆောက်လုပ်​နည်းကို အသုံးပြု​ခဲ့​ကြ​တာ​ကိုး! အဲ့ဒီ​နည်းကို ကျွန်တော်​တို့​စီမံကိန်း​မှာလည်း အသုံးပြု​သင့်တယ်” ဟု​ပြော​သည်။ ၁၉၉၉၊ ဇွန် ၁၂ ရက်​နေ့တွင် ထို​ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ကို ဆက်ကပ်​အပ်နှံ​ခဲ့​ပြီး ၂၃၂ ဦး​တက်ရောက်​ခဲ့​သည်။ ဤ​ခန်းမ​သည် မီ​ဆော့​ရှီ​မြို့​သို့ လာရောက်​လည်ပတ်သူ​များ​အတွက် အဓိက​စိတ်ဝင်စားစရာ​ဖြစ်လာ​၏။

သမိုင်းဝင်​စည်းဝေးကြီး

ဆောင်​ထ​မေ​နှင့် ပ​ရ​င့်​ချီ​ပေ​ကျွန်း​ပေါ်​ရှိ ယေဟောဝါသက်သေ​များ​အတွက် သမိုင်းဝင်​အဖြစ်အပျက်​တစ်ခု​မှာ ၁၉၉၄၊ ဇန်နဝါရီ​လ​၌ အဆိုပါ​ကျွန်း​များ​တွင် ပထမဦးဆုံး​အကြိမ် ကျင်းပ​ခဲ့​သည့် သုံးရက်တာ “မြင့်မြတ်​သော​သွန်သင်ခြင်း” ခရိုင်​စည်းဝေးကြီး​ဖြစ်၏။ ၎င်း​အစည်းအဝေး​ကို ထို​နိုင်ငံ​ရှိ လေ​အေးစက်​တပ်ထား​သော အကောင်းဆုံး​အဆောက်အအုံ​တွင် ကျင်းပ​ခဲ့​သည်။ ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ ၁၁၆ ဦး​သည် တက်ရောက်​လာ​သူ ၄၀၅ ဦး​ကို တွေ့မြင်​ရပြီး ပထမ​ဆုံး​အကြိမ် ကျမ်းစာ​ပြဇာတ်​များ ကြည့်ရှု​ရသည့်​အပြင် စည်းဝေးကြီး​တွင် ထုတ်ဝေ​သော​စာပေ​များ​ကို ရရှိခဲ့ကြ​သောအခါ သူတို့၏​ရွှင်လန်းမှု​ကို သင်​မြင်ယောင်​ကြည့်​နိုင်​ပါသလော။ ဆက်ကပ်​အပ်နှံထားသူ ၂၀ ကို​နှစ်ခြင်း​ပေး​သည့်​နေရာ​ကား အပူပိုင်း​ဒေသ​ကမ်းခြေ​တွင်​ဖြစ်သည်။

စည်းဝေးကြီး​ကိုယ်စားလှယ်​များ တပ်ဆင်​ထား​သည့် ထူးခြားသော​ရင်​ထိုး​တံဆိပ်​များ​က မြို့သား​များ​၏​အာရုံ​ကို ဖမ်းစား​ခဲ့​သည်။ ပေါ်တူဂီ​နှင့် အင်ဂိုလာ​နိုင်ငံ​များ​မှ ဧည့်သည် ၂၅ ဦး​ရောက်ရှိ​လာသော​ကြောင့် အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​နှင့်​တူ​သည်။ နွေးထွေး​သော​ခရစ်ယာန်​မေတ္တာ​နှောင်ကြိုး​သည် တစ်မုဟုတ်ချင်း ခိုင်မြဲ​လာ​ရာ စည်းဝေးကြီး​အပြီး နှုတ်ဆက်​ချိန်​တွင် လူများစွာ မျက်ရည်ကျခဲ့​ကြသည်။—ယောဟန် ၁၃:၃၅

ပြည်သူပိုင်​အသံလွှင့်ရုံ​မှ သတင်းထောက်​များ ရောက်​ရှိလာ​ကြ​ပြီး စည်းဝေးကြီး,ကြီးကြပ်မှူး​နှင့် တွေ့ဆုံ​မေးမြန်းခဲ့​၏။ ဟောပြောချက်​အချို့​မှ ကောက်နုတ်​ချက်​များ​ကိုလည်း သူတို့ အသံလွှင့်​ခဲ့​သည်။ ဤ​စည်းဝေးကြီး​သည် သမိုင်းဝင်​အဖြစ်အပျက်​တစ်ခု အမှန်ပင်​ဖြစ်​ပြီး နှစ်​နှင့်​ချီ သီးခြား​ဖြစ်​ခဲ့​သော အဆိုပါ​တည်ကြည်သူ​သက်သေခံ​များ​အတွက် ယင်းက ယေဟောဝါ​၏​မျက်မြင်ရ​အဖွဲ့အစည်း​နှင့် အလွန်​နီးကပ်​စေ​ခဲ့​သည်။

ယေဟောဝါ​အား ချီးမွမ်း​ရန် အသီး,သီးပွင့်​ခြင်း

ဘုရားသခင့်​နိုင်ငံတော်​သတင်းတရား​အားဖြင့် အသီး,သီး​လာသော​အခါ ယေဟောဝါ​အား ဂုဏ်တင်​ချီးမွမ်း​သည့် အကျင့်​မွန်​များ​ကို ပြုမူ​စေ​သည်။ (တိတု ၂:၁၀) ဆယ်ကျော်သက်​မိန်းကလေး​တစ်ဦး​သည် အပတ်စဉ်​ကျမ်းစာ​သင်အံမှု​မှ သိရှိ​ခဲ့​ရာ​များ​ကို အလွန်​သဘောကျခဲ့​သည်။ သို့သော် သူ၏​ဖခင်​သည် အသင်းတော်​အစည်းအဝေး​များ မတက်ရောက်​ရန် သူ့ကို တား​ခဲ့​သည်။ ခရစ်ယာန်​အစည်းအဝေး​များ​၏ အရေးကြီးမှု​နှင့် တက်ရောက်​လို​သည့်​ဆန္ဒ​ကို ဖခင်​အား ရိုသေ​စွာ​ရှင်းပြ​သောအခါ သူ့ကို အိမ်​မှ ချက်ချင်း​နှင်ချ​လိုက်​သည်။ တခြား​လူငယ်များ​နည်းတူ သမီး​သည် သူ့ကို​ကူညီပေး​မည့်​သူနှင့်​လက်မ​ထပ်​ဘဲ သွားရောက်​နေထိုင်​လိမ့်​မည်​ဟု ဖခင်​က ယူမှတ်ခဲ့​ပုံ​ရသည်။ ခရစ်ယာန်​တစ်ဦး​အနေ​နှင့် သမီး​ဖြစ်သူ​သည် ထိုသို့​ပြု​မည့်​အစား စံ​ထား​အပ်​ပြီး ကိုယ်ကျင့်တရား​ကောင်းမွန်​စွာ နေထိုင်​သည်ကို ဖခင်​သိရှိ​သောအခါ အိမ်သို့ပြန်​ခေါ်လာ​ပြီး ယေဟောဝါ​အား လွတ်လပ်​စွာ ဝတ်ပြု​ကိုးကွယ်​ခွင့်​ပေး​လေ​သည်။

ဥပမာ​နောက်တစ်ခု​မှာ တေးဂီတ​အဖွဲ့​ခေါင်းဆောင်​၏ ဥပမာ​ဖြစ်သည်။ သူ၏​အကျင့်ပျက်​ဘဝ​ပုံစံ​ကို တဖြည်းဖြည်း​စိတ်ကုန်​လာ​လေ​သည်။ ဘဝ​ရည်ရွယ်ချက်ကို သူ​ရှာဖွေ​နေစဉ် သက်သေခံ​များနှင့် ဆက်သွယ်​မိ​ခဲ့​သည်။ သူသည် သမ္မာကျမ်းစာ​၏ ကိုယ်ကျင့်တရား​စံနှုန်း​များနှင့်​အညီ နေထိုင်​လာသော​အခါ သူ့​သတင်း ပျံ့နှံ့​သွားလေသည်။ မကြာမီ အကျိုး​မပေး​သည့်​အပေါင်းအသင်း​ရှိသမျှကို ဖြတ်တောက်​ပစ်​ဖို့​လို​ကြောင်း သူသိ​ရှိလာ​၏။ (၁ ကောရိန္သု ၁၅:၃၃) ထို့နောက် အရေးကြီး​အဆင့်​ဖြစ်သော ယေဟောဝါ​ထံ ဆက်ကပ်​အပ်နှံ​ကာ နှစ်ခြင်း​ယူ​လိုက်​သည်။

လူငယ်​အချို့​သည် စစ်မှန်သော​ဘာသာ​တရားကို ရှာဖွေ​နေကြ၏။ ဤသို့​ရှာဖွေ​ရာ​တွင် ဧဝံဂေလိ​အသင်း​တချို့​မှ ပါစတာ​များနှင့် ဆွေးနွေး​ဖြစ်​ခဲ့​ကြသည်၊ သို့သော်လည်း ပိုမို​ရှုပ်ထွေး​ကာ စိတ်ပျက်​ခဲ့​ကြသည်။ သို့​နှင့် သူတို့သည် အကြမ်းဖက်​ကလေကချေ​များ​ဖြစ်လာ​ကြ​ပြီး အဘယ်​ဘာသာ​တရားကို​မဆို ပြောင်လှောင်​လာ​လေ​သည်။

တစ်နေ့​သောအခါ ယေဟောဝါသက်သေ​ဖြစ်သူ ခရစ်ယာန်​သာသနာပြု​တစ်ဦး​သည် ကျမ်းစာ​သင်အံမှု​သို့​အသွား၊ ထို​လူငယ်များ​ရှိရာသို့ ရောက်သွား​လေ​၏။ ထို​အုပ်စု​သည် ခရစ်ယာန်​သာသနာပြု​အား သူတို့၏​မေးခွန်း​တချို့​ကို ဖြေ​စေ​လို​သည့်​အတွက် သူ့ကို အိမ်အနောက်​ဘက်​သို့​ခေါ်သွား​ပြီး ခွေး​ခြေ​ခုံ​ပေါ် ထိုင်​ခိုင်း​သည်။ သူတို့သည် ဝိညာဉ်၊ ငရဲ​မီး၊ ကောင်းကင်​အသက်တာ​နှင့် ကမ္ဘာ​ဆုံးခန်း​ချိန် အစ​ရှိသည်​တို့​အကြောင်း တရ​စပ်​မေးမြန်းခဲ့​သည်။ သက်သေခံ​သည် ထို​အဖွဲ့​ခေါင်းဆောင်​ကမ်းပေး​သော သမ္မာကျမ်းစာ​မှ သူတို့၏​မေးခွန်းများကို ဖြေကြား​ပေး​ခဲ့​သည်။ တစ်​နာရီ​အကြာတွင် လား​အမည်​ရှိ ခေါင်းဆောင်​က “ဒီကို​လာပြီး မေးခွန်းတွေ​ဖြေ​ခိုင်း​ဖို့ ခင်ဗျား​ကို​ခေါ်​လိုက်တဲ့ ကျွန်တော်​တို့​ရဲ့​ရည်ရွယ်ချက်​က တခြား​ဘာသာရေး​သ​မား​တွေ​ကို လှောင်​သလို ခင်ဗျား​ကို လှောင်​ဖို့​ပဲ။ ဒီ​မေးခွန်းတွေ ဘယ်သူမှ​ဖြေနိုင်​မှာ​မဟုတ်ဘူးလို့ ကျွန်တော်​ထင်​ခဲ့​တာ။ ဒါပေမဲ့ ခင်ဗျား​က သမ္မာကျမ်းစာ​ကိုပဲ အသုံးပြုပြီး အဖြေပေး​နိုင်​ခဲ့တယ်! ကျမ်းစာ​အကြောင်း ဒီထက်မက ဘယ်လို​သင်ယူ​နိုင်​မလဲ​ဆိုတာ ကျွန်တော့်​ကို ပြောပြ​ပါ” ဟု​ထို​ခရစ်ယာန်​သာသနာပြု​ကို ပြော​ခဲ့​သည်။ လား​နှင့်​ကျမ်းစာ​သင်အံမှု စပြီး​နောက်​မကြာမီ သူသည် အစည်းအဝေး​များ​ကို တက်ရောက်​လာ​လေ​သည်။ ထို့နောက်​မကြာမီ သူသည် ထို​လူငယ်​အုပ်စု​မှ ထွက်​လိုက်ပြီး အကြမ်းဖက်​ဘဝ​ပုံစံ​ကို စွန့်ခဲ့​၏။ တစ်နှစ်​အတွင်း ယေဟောဝါ​ထံ သူ၏​အသက်တာကို ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံ​ခဲ့​သည်။ ယခု​အခါ သူသည် ခရစ်ယာန်​ဓမ္မ​အမှုထမ်း​အဖြစ် အမှုဆောင်​လျက်​ရှိသည်။

အလွန်​အမြစ်စွဲ​နေပြီ​ဖြစ်သော ဒေသန္တရ​ဓလေ့​ထုံးစံ​တစ်ခု​မှာ ဇနီး​မောင်နှံ​များသည် တရားဝင်​လက်မ​ထပ်​ဘဲ အတူ​နေထိုင်ကြ​ခြင်း​ဖြစ်သည်။ လူအများသည် နှစ်​နှင့်​ချီ​အတူ​နေထိုင်ကြ​ပြီး သားသမီး​များ​ရ​ကြသည်။ ဤကိစ္စနှင့်​ပတ်သက်​၍ ဘုရားသခင်​၏​ရှုမြင်ချက်​ကို သူတို့​လက်ခံရ​ခက်​ကြ​၏။ ဤ​အခက်အခဲ​ကို လူတစ်ဦး​အား သမ္မာကျမ်းစာ​က မည်သို့​အောင်မြင်​ကျော်လွှား​စေ​ခဲ့​ကြောင်း မြင်တွေ့ရ​ခြင်း​သည် ကြည်နူး​အားရစရာ​ပင်။—၂ ကောရိန္သု ၁၀:၄-၆; ဟေဗြဲ ၄:၁၂

အန်​တို​န​ယို​သည် တရားဝင်​လက်ထပ်​သင့်​သည်​ဟု နားလည်​သဘောပေါက်​လာပြီး ငွေ​ပေါ်​မည့် ပြောင်း​သိမ်း​ချိန်​ပြီး​နောက် မင်္ဂလာပွဲ​ပြုလုပ်​မည်​ဟု စီစဉ်​ခဲ့​သည်။ ပြောင်း​မ​သိမ်း​မီ တစ်ည​အလို​တွင် သူ၏​ပြောင်း​ပင်​များ​ကို သူခိုး,ခိုး​သွား​သည်။ နောက်​နှစ်​ပြောင်း​သိမ်း​ချိန်​ကို စောင့်​မည်​ဟု သူ​ဆုံးဖြတ်​ခဲ့​သော်လည်း တစ်ဖန် အခိုးခံ​ရ​ပြန်​သည်။ အန်​တို​န​ယို​သည် မင်္ဂလာပွဲ​အတွက် ငွေ​ရရှိရန် ကြိုးစား​ပြန်​သောအခါ မအောင်မြင်​သဖြင့် ဆန့်ကျင်​နှောင့်ယှက်​သူ​ကား မည်သူ​ဖြစ်​ကြောင်း သိရှိ​လာ​၏။ “ဘာပဲ​ဖြစ်ဖြစ် စာတန်​လှည့်စားတာ​ကို ကျွန်တော်​ဆက်​ခွင့်​မပြု​တော့​ဘူး။ တစ်လ​ခွဲ​ကြာရင် ပွဲ​လုပ်​ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကျွန်တော်​တို့ လက်ထပ်​ကြ​မယ်!” ဟု​သူ​ပြော​ခဲ့​သည်။ သို့​နှင့် သူတို့​လက်ထပ်​ဖြစ်​ခဲ့​ကြသည်၊ သူတို့၏​မိတ်ဆွေများ​က လက်ထပ်ပွဲ​အတွက် ကြက်များ၊ ဘဲ​များနှင့် ဆိတ်​တစ်ကောင်​ကို ပေး​ကြ​ရာ သူတို့​အံ့အားသင့်​ခဲ့​သည်။ အန်​တို​န​ယို​နှင့် သူ၏​ဇနီး​တို့သည် တရားဝင်​လက်ထပ်​ပြီး​နောက် သူတို့၏​သားသမီး​ခြောက်​ဦး​နှင့်အတူ ယေဟောဝါ​ထံ ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံ​ခဲ့​ကြ​၏။

ပ​ရ​င့်​ချီ​ပေ​ကျွန်း​သို့

မကြာသေးမီ​နှစ်များ​အတွင်း တိုက်နယ်​ကြီးကြပ်မှူး​နှင့် ဆောင်​ထ​မေ​ကျွန်း​မှ ရှေ့ဆောင်​များသည် ပ​ရ​င့်​ချီ​ပေ​ကျွန်းသား ၆,၀၀၀ ထံ​အခါ​အား​လျော်​စွာ လည်ပတ်​ခဲ့​ကြသည်။ ကျွန်းသား​များသည် အလွန်​ဧည့်ဝတ်​ပျူ​ငှာ​ကြ​ပြီး သက်သေခံ​များ ပြောဆို​ရာ​ကို ကြား​လို​စိတ် ပြင်းပြ​ခဲ့​ကြသည်။ လူတစ်ဦး​သည် မိမိ​အား ပေး​ခဲ့​သည့် ဝေစာ​တစ်စောင်​ကို​ဖတ်​ပြီး နောက်​တစ်နေ့​တွင် ရှေ့ဆောင်​များ​ကို လိုက်ရှာ​ကာ ဝေစာများ​များ​ဝေငှ​ရန် မိမိ​ကူညီပေး​လို​သည်​ဟု ပြော​ခဲ့​၏။ ရှေ့ဆောင်​များ​က မိမိတို့​ဘာသာ ဝေငှ​နိုင်​ပါ​သည်​ဟု ရှင်းပြ​သော်လည်း ထို​သူက ရှေ့ဆောင်​များ​ကို အိမ်ရှင်​များနှင့်​မိတ်ဆက်​ပေး​ပြီး အသေအချာ​နားထောင်​ရန် ပြောဆို​ဖို့ တစ်အိမ်​မှ​တစ်အိမ် ဇွတ်​အတင်း​လိုက်​လာ​လေ​သည်။ ထို​သူက ရှေ့ဆောင်​များသည် အရေးကြီး​လုပ်ငန်း​ကို လုပ်ဆောင်နေ​ကြသည်​ဟု ချီးမွမ်း​ကာ ထွက်ခွာ​သွားခဲ့သည်။

၁၉၉၈ ခုနှစ်​တွင် ဆောင်​ထ​မေ​ကျွန်း​မှ ရှေ့ဆောင်​နှစ်ဦး​သည် ပ​ရ​င့်​ချီ​ပေ​ကျွန်း​သို့ ပြောင်းရွှေ့​လာပြီး​နောက် မကြာမီ​ပင် အိမ်တွင်း​ကျမ်းစာ​သင်အံမှု ၁၇ ခု​ကို ကျင်းပ​ခဲ့​ကြသည်။ လုပ်ငန်း​ဆက်​တိုးချဲ့​လာပြီး​နောက် အသင်းတော်​စာအုပ်ကြီး​သင်တန်းကို တက်ရောက်သူ​ပျမ်းမျှ ၁၆ ဦး​ရှိပြီး လူထု​ဟောပြောပွဲ​ကို ၃၀ ကျော်​တက်ရောက်​ကြသည်။ အစည်းအဝေး​ကျင်းပ​မည့်​နေရာ လိုအပ်ကြောင်း​ကို မြို့တော်​ခန်းမ​သို့ တင်ပြ​လိုက်​ရာ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်ခု ဆောက်လုပ်​ရန် မြေကွက်​ရရှိခဲ့သည်။ ဆောင်​ထ​မေ​ကျွန်း​မှ စေတနာ့​ဝန်ထမ်း​ညီအစ်ကို​များသည် အထူး​ရှေ့ဆောင်​နှစ်ဦး​နေစရာ အခန်း​များလည်း​ပါရှိ​သည့် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ငယ်​တစ်လုံး​ကို ဆောက်လုပ်​ပေး​ခဲ့​ကြသည်။

ဤ​ဝေးခေါင်​သော​ကျွန်း​များ​ပေါ်​တွင် သတင်းကောင်း​ဟောပြောခြင်း​ဖြင့် အသီးများစွာ​သီးပွင့်​ပြီး တိုးတက်​လျက်​ရှိသည်​မှာ ထင်ရှား​ပါ​သည်။ (ကောလောသဲ ၁:၅၊ ၆) ၁၉၉၀၊ ဇန်နဝါရီ​လ​တွင် ဆောင်​ထ​မေ​နှင့် ပ​ရ​င့်​ချီ​ပေ​ကျွန်း​တို့​တွင် ကြေညာသူ ၄၆ ဦး​ရှိ၏။ ၂၀၀၂ လုပ်ငန်းတော်နှစ်​အတွင်း ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ ၃၈၈ ဦး​အထိ တိုးတက်လာ​သည်။ ကြေညာသူ ၂၀ ရာခိုင်နှုန်း​ကျော်​သည် အချိန်ပြည့်​လုပ်ငန်းတော်တွင် ပါဝင်​နေကြ​ပြီး အိမ်တွင်း​ကျမ်းစာ​သင်အံမှု ၁,၄၀၀ ခန့်​ကျင်းပ​လျက်​ရှိ၏။ ၂၀၀၁ ခုနှစ်​သတိရအောက်မေ့ပွဲ​တွင် အများဆုံး​တက်ရောက်သူ ၁,၉၀၇ ဦး​ရှိ၏။ မှန်ပါသည်၊ အဆိုပါ​အပူပိုင်း​ဒေသ​ကျွန်း​များ​ပေါ်​တွင် ယေဟောဝါ​၏​သတင်းတရားသည် အရှိန်အဟုန်​ဖြင့်​ပျံ့နှံ့​နေပြီး ကိုယ်တော်​၏​ဘုန်းတော် ထင်ရှား​လျက်​ရှိသည်။—၂ သက်သာလောနိတ် ၃:၁

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

လူကြိုက်များ​သော ရေဒီယို​အသံလွှင့်​ချက်​များ

ဤ​ကျွန်း​များ​ပေါ်​နေထိုင်​သည့် ကျွန်းသား​များ အလွန်​တန်ဖိုး​ထားသော စာအုပ်​တစ်အုပ်​မှာ လူငယ်များ​အမေး​—တာသွား​သည့်​အဖြေ * ဖြစ်သည်။ ထို​ခေါင်းစဉ်​ဖြင့် ၁၅ မိနစ်​အစီအစဉ်ကို ပြည်သူပိုင်​အသံလွှင့်ရုံ​မှ နှစ်ပတ်​တစ်ခါ တင်ဆက်​လေ့​ရှိ၏။ အသံလွှင့်သူ​က “လူငယ်တို့၊ အချစ်စစ်​အချစ်မှန်လား၊ အရူးအမူး​အချစ်လား​ဆိုတာ ဘယ်လို​​​သိမလဲ” ဟု​မေးခွန်းထုတ်​ကာ ထို​စာအုပ်​၏​အပိုင်း​တစ်ပိုင်း ဖတ်ပြ​သည်ကို ကြား​ရခြင်း​သည် တကယ်​ပီတိ​ဖြစ်စရာ​ပါ​တကား! (အခန်း ၃၁ ​ကို​ရှု) ထို​အသံလွှင့်ရုံ​က​ပင် မိသားစု​ပျော်ရွှင်မှု​၏ လျှို့ဝှက်ချက်* စာအုပ်​မှ ရွေးချယ်​ထားသော​အပိုင်း​များ​ကို တင်ဆက်​ပေး​ပါ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 33 ယေဟောဝါသက်သေ​များ ပုံနှိပ်​ထုတ်ဝေ​သည်။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

၁၉၉၄ ခုနှစ်​တွင် ဆောင်​ထ​မေ​ကျွန်း​ပေါ်​ရှိ ပထမဦးဆုံး ဘုရားသခင့်​နိုင်ငံတော်​ခန်းမ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

၁။ လျင်မြန်​စွာ​ဆောက်လုပ်​ပြီး​သော မီ​ဆော့​ရှီ​မြို့မှ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ

၂။ ဤ​အဆောက်အအုံ​တွင် သမိုင်းဝင်​ခရိုင်​စည်းဝေးကြီး ကျင်းပ​ခဲ့

၃။ စည်းဝေးကြီး​တွင် ပျော်ရွှင်​နေကြ​သော နှစ်ခြင်း​ခံ​မည့်​သူများ

[Picture Credit Line on page 8]

Globe: Mountain High Maps® Copyright © 1997 Digital Wisdom, Inc.