မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ချာ့ခ်ျသမိုင်းဖခင်” ယူစီဘီးယပ်စ်

“ချာ့ခ်ျသမိုင်းဖခင်” ယူစီဘီးယပ်စ်

“ချာ့ခ်ျ​သမိုင်း​ဖခင်” ယူစီဘီးယပ်စ်

စီ.အီး. ၃၂၅ ခုနှစ်​တွင် ရောမ​ဧကရာဇ်မင်း ကွန်​စတင်​တိုင်း​သည် ခရစ်ယာန်​ဂိုဏ်းအုပ်​အားလုံး​ကို နိုင်​စီ​ယာ​မြို့​သို့ ဆင့်ခေါ်​လိုက်​သည်။ သူ၏​ရည်ရွယ်ချက်မှာ အငြင်းအခုံ​ဖြစ်နေ​သော ဘုရားသခင်​နှင့် သားတော်​တို့၏​တော်စပ်ပုံ​ကို ဆုံးဖြတ်​စီရင်​ပေး​ရန်ဖြစ်​၏။ တက်ရောက်​လာ​ကြ​သူများ​တွင် ထို​ခေတ်​၌ စာပေ​ကျမ်းဂန်​အနှံ့​စပ်​ဆုံး​သူ​အဖြစ် သတ်မှတ်​ခံ​ထား​ရသူ စီ​စ​ရီ​အာ​မြို့​နေ ယူစီဘီးယပ်စ်​လည်း​ပါဝင်​သည်။ ယူစီဘီးယပ်စ်​သည် သမ္မာကျမ်းစာ​ကို အပတ်တကုတ်​လေ့လာ​ခဲ့​ရာ ဘုရားသခင်​တစ်ပါး​တည်း​ရှိသည်​ဟူသော ခရစ်ယာန်​အယူအဆကို ခုခံ​ကာကွယ်​ပေး​သူ​တစ်ဦး​ဖြစ်သည်။

နိုင်​စီ​ယာ​မြို့​ကောင်စီ​တွင် “ကွန်​စတင်​တိုင်း​ကိုယ်တိုင် ဦးစီး​နာ​ယ​က​ပြု​ကာ ဆွေးနွေးပွဲ​များ​တွင်​ပါဝင်​ညွှန်ကြား​၍ ‘ခမည်းတော်​နှင့်​တစ်​ဇာတိ​တည်း​ဖြစ်သည်’ ဟူသော ကောင်စီ​ထုတ်ဆင့်​သည့်​အယူဝါဒ​တွင်​ပါ​သည့် ဘုရားသခင်​နှင့်​ခရစ်တော်​၏​တော်စပ်ပုံ​ကို ကိုယ်တိုင်​အဆို​တင်သွင်း​ခဲ့​သည်။ . . . ဧကရာဇ်​၏​သြဇာ​အရှိန်​ကြောင့် ဂိုဏ်းအုပ်​နှစ်ဦး​မှ​အ​ပ အားလုံး​လက်မှတ်​ရေးထိုး​ခဲ့​ကြသော်လည်း အများအားဖြင့် မိမိတို့​ယုံကြည်ချက်ကို ဖီ​လာ၍​ပြု​ခဲ့​ကြသည်” ဟု ဗြိ​တဲ​န်​နစ်​ကာ​စွယ်စုံ​ကျမ်း​က​ဆို​၏။ လက်မှတ်​မ​ရေးထိုး​ခဲ့​သူ​နှစ်ဦး​တွင် ယူစီဘီးယပ်စ်​ပါဝင်​သလော။ သူ၏​ရပ်တည်ချက်​မှ ကျွန်ုပ်​တို့​အဘယ်​သင်ခန်းစာ​ရနိုင်​သနည်း။ ယူစီဘီးယပ်စ်​၏​နောက်ခံ၊ သူ၏​အရည်အချင်းများ​နှင့် အောင်မြင်မှု​များ​ကို သုံးသပ်ကြည့်​ကြပါစို့။

သူ၏​ထူးခြားသော​အရေးအသား​များ

ယူစီဘီးယပ်စ်​သည် စီ.အီး. ၂၆၀ ခန့်​က ပါလက်စတိုင်း​တွင် မွေးဖွား​ခဲ့​ပုံ​ရသည်။ သူသည် ငယ်ရွယ်ချိန်​၌ စီ​စ​ရီ​အာ​မြို့ရှိ ချာ့ခ်ျ​ကြီးကြပ်ရေးမှူး ပမ်​ဖီး​လ​ပ်စ်​နှင့် ပေါင်းသင်း​ခဲ့​သည်။ ယူစီဘီးယပ်စ်​သည် ပမ်​ဖီး​လ​ပ်စ်​၏​ကျမ်းစာ​သင်​တပည့်​စု​တွင် တစ်ဦး​ပါဝင်​လာ​ရာ စိတ်​ထက်သန်​သော​ကျောင်းသား​တစ်ဦး​ဖြစ်လာ​ခဲ့​၏။ သူသည် ပမ်​ဖီး​လ​ပ်စ်​၏ စာကြည့်တိုက်​ရှိ​စာပေ​များ​ကို အပတ်တကုတ်​ကြိုးစား​လေ့လာ​ခဲ့​သည်။ သူ​လေ့လာ​လေ​သမျှ၊ အထူးသဖြင့် ကျမ်းစာ​ကို ယူစီဘီးယပ်စ် ဆည်းပူး​လေ့လာ​ကာ လက်တွေ့​ကျင့်သုံး​ခဲ့​၏။ ထို့​ပြင် သူသည် ပမ်​ဖီး​လ​ပ်စ်​၏ ရင်းနှီးသော​မိတ်ဆွေ​တစ်ဦး​ဖြစ်လာ​ခဲ့​ရာ နောက်ပိုင်း၌ သူ့ကိုယ်သူ “ပမ်​ဖီး​လ​ပ်စ်​၏​သား ယူစီဘီးယပ်စ်” ဟု ရည်ညွှန်း​ပြောဆို​ခဲ့​သည်။

သူ၏​ရည်မှန်းချက်​များနှင့်​စပ်လျဉ်း၍ ယူစီဘီးယပ်စ်​က ဤသို့​ဖော်ပြ​ခဲ့​သည်– “သန့်ရှင်းသော​တမန်​တော်​များ​၏ အရိုက်အရာကို​ဆက်ခံခြင်း​များ​အပြင် ကျွန်ုပ်​တို့​ကယ်တင်ရှင်​၏​ခေတ်​မှ​စ၍ ကျွန်ုပ်​တို့​ခေတ်​တိုင် ကုန်လွန်​သွားခဲ့​သည့် အချိန်ကာလ​များ​ကို​ပါ မှတ်တမ်းတင်​ရန်; ချာ့ခ်ျ​သမိုင်း​တွင် များစွာသော​အရေးပါ​ဖြစ်ရပ်​များ မည်သို့​မည်​ပုံ ဖြစ်ပျက်​ခဲ့​သည်ကို ပြန်​ပြောပြ​ရန်; အထင်ကရ​အဖြစ်​ဆုံး သာသနာ​မှု​နယ်ပယ်​များ​ရှိ ချာ့ခ်ျ​ကို အုပ်ချုပ်​ဦးစီး​ခဲ့​သူတို့နှင့် ဘုရားသခင့်​စကားတော်​ကို အပြော​ဖြင့်​ဖြစ်စေ၊ အရေး​ဖြင့်​ဖြစ်စေ ကြားသိ​စေ​ခဲ့​သော မျိုးဆက်​တစ်ဆက်​စီ​မှ​သူတို့ကို ဖော်ပြ​ပေး​ရန် ကျွန်ုပ်​ရည်ရွယ်​၏။”

ခရစ်ယာန်​ချာ့ခ်ျ​သမိုင်း​ဟု ခေါင်းစဉ်​တပ်ထား​သော အထင်ကြီး​လေးစားဖွယ်​ကောင်း​သည့် စာပေ​ကြောင့် ယူစီဘီးယပ်စ်​ကို​အမှတ်ရ​ကြသည်။ စီ.အီး. ၃၂၄ ခုနှစ်​ခန့်​တွင် ထုတ်ဝေ​ခဲ့​သည့် သူ၏ အတွဲ​ဆယ်​တွဲ​ပါ​စာအုပ်​များ​ကို ရှေးခေတ်​က​ရေးသားခဲ့​သော အရေးအပါဆုံး ချာ့ခ်ျ​သမိုင်း​ဟူ၍ မှတ်ယူ​ခဲ့​ကြသည်။ ဤ​ပြီးမြောက်​အောင်မြင်မှု​ကြောင့် ယူစီဘီးယပ်စ်​သည် ချာ့ခ်ျ​သမိုင်း​ဖခင်​အဖြစ် ထင်ပေါ်​ကျော်ကြား​လာ​လေ​၏။

ချာ့ခ်ျ​သမိုင်း​အပြင် အတွဲ​နှစ်တွဲ​ပါ ရာဇဝင်​မှတ်တမ်း​ကိုလည်း ယူစီဘီးယပ်စ်​ရေးသားခဲ့​သည်။ ပထမ​အတွဲ​သည် လောက​သမိုင်းကြောင်း​အကျဉ်းချုပ်​ဖြစ်၏။ လေး​ရာစု​တွင် ယင်း​အတွဲ​သည် ကမ္ဘာ့​သက္ကရာဇ်စဉ်​ကို​ရှာကြည့်​ရန် မှီငြမ်း​သော စံတင်​စာအုပ်​ဖြစ်လာ​လေ​သည်။ ဒုတိယ​အတွဲ​တွင် သမိုင်းဝင်​ဖြစ်ရပ်​များ​၏ ရက်စွဲများ​ကို ဖော်ပြ​ထား​၏။ ထို​တွင် ယူစီဘီးယပ်စ်​သည် လူမျိုး​အသီးသီး​၏ မင်းမျိုး​မင်း​နွယ်​ဆွေစဉ်မျိုးဆက်​ကို ကော်လံ​နှစ်ခု​ယှဉ်​၍ ရေးသား​ဖော်ပြ​ထား​၏။

ထို့​ပြင် ပါလက်စတိုင်း​မှ​အာဇာနည်​များနှင့် ကွန်​စတင်​တိုင်း​၏​ဘဝ​ဟူ၍ ခေါင်းစဉ်​တပ်ထား​သည့် အခြား​သမိုင်းဝင်​စာပေ​များ​ကိုလည်း ယူစီဘီးယပ်စ်​စီရင်​ရေးသားခဲ့​၏။ ပထမ​စာပေ​သည် စီ.အီး. ၃၀၃-၁၀ နှစ်များ​အကြား​ကာလ​ကို​ဖော်ပြ​ပြီး ထို​အချိန်​က အာဇာနည်​များ​အကြောင်း ဆွေးနွေး​တင်ပြ​ထား​၏။ ယူစီဘီးယပ်စ်​သည် အဆိုပါ​ဖြစ်ရပ်​များ​၏ မျက်မြင်​သက်သေ​တစ်ဦး​ဖြစ်​ခဲ့​ရ​ပေမည်။ စာအုပ်​လေး​အုပ်​တစ်စုံ​အဖြစ် နောက်ပိုင်း၌ သူ​ပြုစု​စီရင်​သည့်​စာပေ​များ​ကို စီ.အီး. ၃၃၇ ခုနှစ်​တွင် ဧကရာဇ်မင်း​ကွန်​စတင်​တိုင်း​သေဆုံး​ပြီး​နောက် စုစည်း​ထုတ်ဝေ​ခဲ့​ပြီး ၎င်း​၌ တန်ဖိုး​မ​ဖြတ်​နိုင်​သည့် သမိုင်းဝင်​အချက်အလက်​များစွာ​ပါဝင်​သည်။ ရိုးရိုးရှင်းရှင်း​ရေးထားသည့် သမိုင်း​စာပေ​များ​ဖြစ်သည်​ထက် အများစုမှာ ချီးမွမ်း​သြဘာပေး​သည့်​စာပေ​များ​ဖြစ်သည်။

ယူစီဘီးယပ်စ်​၏ ခုခံ​ချေပ​သည့် စာပေ​များ​တွင် ခေတ်ပြိုင်​ရောမ​ဘုရင်ခံ ဟို​င်ရို​က​လီစ်​အား ပြန်​ချေပ​ထား​သည့်​စာပါ​ရှိသည်။ ခရစ်ယာန်​များ​ကို ဟို​င်ရို​က​လီစ်​ဆန့်ကျင်​၍​ရေးသားခဲ့​သည့်​အတွက် ယူစီဘီးယပ်စ်​က ပြန်လည်​ခုခံ​ချေပ​ခဲ့​ခြင်း​ဖြစ်သည်။ ထို့​ပြင် သမ္မာကျမ်းစာ​၏ မြင့်မြတ်​သောက​လောင်​ရှင်​ကို ထောက်ခံ​လျက် စာအုပ်​ပေါင်း ၃၅ အုပ်​ကို သူ​ရေးသားခဲ့​ရာ ၎င်းကို​အရေးပါဆုံး​နှင့် အသေးစိတ်​အ​ကျဆုံး​စာအုပ်​များ​အဖြစ် သတ်မှတ်​ခဲ့​ကြသည်။ ၎င်း​တို့​မှ ပထမ ၁၅ အုပ်​သည် ဟေဗြဲ​လူမျိုး၏ မြင့်မြတ်​သော​စာပေ​များ​ကို ခရစ်ယာန်​များ ယုံကြည်​လက်ခံ​ကြ​ခြင်း​သည် ကျိုးကြောင်း​ဆီလျော်​ကြောင်း ဖော်ပြ​ပေး​သည်။ ကျန်ရှိ​သော​အခြား​စာအုပ် ၂၀ က ခရစ်ယာန်​များသည် ဂျူး​ကျင့်ထုံး​များ​ကို​ကျော်လွန်​ပြီး မူ​အသစ်များ​နှင့် အလေ့အကျင့်​အသစ်များ​ကို​ခံယူ​ခဲ့​ခြင်း​မှာ မှန်ကန်ကြောင်း သက်သေထူ​သည်။ ထို​စာအုပ်​အားလုံး​သည် ယူစီဘီးယပ်စ်​နားလည်​ထား​သည့်​အတိုင်း ခရစ်ယာန်​ဘာသာ​တရား​ဘက်​မှ အပြည့်အဝ ခုခံ​ချေပ​ပေး​သည်။

ယူစီဘီးယပ်စ်​သည် နှစ်ပေါင်း ၈၀ ခန့် (စီ.အီး. ၂၆၀-၃၄၀ ခန့်) အသက်ရှင်ခဲ့​၍ ရှေးခေတ်​စာရေး​ဆရာ​တို့​တွင် စာပေ​အများဆုံး​ရေးသားခဲ့​သူ​တစ်ဦး​ဖြစ်၏။ သူ၏​အရေးအသား​များ​တွင် ပထမ​သုံး​ရာစု​အချိန်​မှ အဖြစ်အပျက်​များ​မှ​သည် ဧကရာဇ်မင်း ကွန်​စတင်​တိုင်း​အချိန်အထိ အကျုံးဝင်​သည်။ သူ့​ဘဝ​နှောင်းပိုင်းတွင် သူသည် စာရေး​ဆရာ​တစ်ဦး​ဖြစ်သည့်​အပြင် စီ​စ​ရီ​အာ​မြို့​ဂိုဏ်းချုပ်​အဖြစ်​လည်း တာဝန်​ယူဆောင်​ရွက်​ခဲ့​သည်။ ယူစီဘီးယပ်စ်​သည် သမိုင်း​ပညာရှင်​တစ်ဦး​အဖြစ် လူသိ​အများဆုံး​ဖြစ်​ခဲ့​သော်လည်း ခုခံ​ချေပ​သူ၊ မြေပုံ​ရေးဆွဲ​သူ၊ တရားဟော​ဆရာ၊ ဝေဖန်ရေး​သား​သူနှင့် ဘာသာရေး​စာပေ​များ​ကို ရှင်းလင်းချက်​ထုတ်​သူလည်း​ဖြစ်​ခဲ့​၏။

သူ၏​နှစ်ထပ်ကွမ်း​ရည်ရွယ်ချက်

ယူစီဘီးယပ်စ်​သည် တစ်ခါမျှ​မရှိခဲ့​ဖူး​သော အဆိုပါ​စီမံကိန်း​ကြီး​များ​ကို အဘယ်ကြောင့်​စတင်​လုပ်ဆောင်ခဲ့​သနည်း။ သူသည် ခေတ်​ဟောင်း​မှ​ခေတ်​သစ်​သို့ ကူး​ပြောင်း​သည့် စပ်​ကူး​မ​ပ်​ကူး​ကာလ​တွင် အသက်ရှင်နေ​ထိုင်​ခဲ့​သည်​ဟု သူ​ခံယူ​ခဲ့​ခြင်း​ကြောင့်​ဖြစ်သည်။ အတိတ်​မှ လူ့​မျိုးဆက်​များ​အတွင်း ဖြစ်ရပ်​ကြီး​များ ဖြစ်ပွား​ခဲ့​ရာ နောင်​လာ​နောက်​သားများ​အတွက် မှတ်တမ်း​တစ်ခု ပြုစုရေး​သား​ထား​ဖို့​လို​သည်​ဟု သူ​ခံယူ​ခဲ့​၏။

ထို့​ပြင် ယူစီဘီးယပ်စ်​တွင် ရည်ရွယ်ချက်​နောက်တစ်ခု​ရှိပါ​သေး​သည်၊ ယင်း​မှာ ခုခံ​ချေပ​ပြောဆို​ဖို့​ဖြစ်၏။ ခရစ်ယာန်​ဘာသာ​တရားသည် ဘုရားသခင်​ထံ​မှ​အစပြု​သည်ကို သူ​ယုံကြည်ခဲ့​သည်။ သို့သော် တချို့က ဤ​ယူဆချက်​ကို ဆန့်ကျင်​တိုက်ခိုက်​ခဲ့​၏။ ယူစီဘီးယပ်စ်​က ဤသို့​ရေးသားခဲ့​၏– “အဆန်း​ထွင်​ပြောင်းလဲ​လို​၍ အကြီးမားဆုံး အမှား​များ​ကို​ကျူးလွန်​သူများ​၏​အမည်​နှင့် သို့​ပြု​ခဲ့​ချိန်​ပေါင်း​ကို​ဖော်ထုတ်​ရန်ဖြစ်​သည်၊ ဤ​သူတို့သည် အသိပညာ​ရှာတွေ့​ပြီ​ဟု မှားယွင်းစွာ​ဆို​ကာ ခရစ်တော်​၏​သိုးတော်စု​ကို ရက်စက်​ကြမ်းကြုတ်​သည့် ဝံပုလွေ​များ​ပ​မာ သနား​ညှာတာမှု​မရှိ သိမ်း​ရုံး​ဖျက်ဆီး​ပစ်​ခဲ့​ကြပြီ။”

ယူစီဘီးယပ်စ်​သည် သူ့ကိုယ်သူ ခရစ်ယာန်​တစ်ဦး​အဖြစ် ယူမှတ်ခဲ့​ပါသလော။ ယူမှတ်ခဲ့​ပုံ​ရှိ၏၊ အကြောင်း​မှာ ခရစ်တော်​အား သူက “ကျွန်ုပ်​တို့၏​ကယ်တင်ရှင်” ဟု​ခေါ်ဆို​ခဲ့​၏။ သူ​ဤသို့​ဖော်ပြ​ခဲ့​သည်– “ကျွန်ုပ်​၏​ရည်ရွယ်ချက်မှာ . . . ကျွန်ုပ်​တို့၏ ကယ်တင်ရှင်​ကို မတော်မတရား​လျှို့ဝှက်​ကြံစည်​ခဲ့​ခြင်း​ကြောင့် ဂျူး​လူမျိုးတစ်မျိုး​လုံး​အပေါ် ချက်ချင်း​ကျရောက်​လာ​သည့် အကြောင်း​မလှ​မှုများ​ကို စီ​ကာ​စဉ်​ကာ​ပြောပြ​ရန်၊ ဘုရားသခင့်​စကားတော်​ကို တစ်ပါး​အမျိုးသားများ​တိုက်ခိုက်​ခဲ့​ကြ​သည့် နည်းလမ်းများ​နှင့် အကြိမ်ပေါင်း​ကို မှတ်တမ်းတင်​ဖော်ပြ​ရန်၊ သမ္မာကျမ်းစာ​ကြောင့် သွေး​မြေ​ကျ​မှု​နှင့် အပြင်းအထန်​ညှဉ်းပန်းမှု​များ​ကို ခေတ်​အဆက်ဆက် ခံ​ခဲ့​ကြ​သူတို့၏ ထူးခြားသည့်​အရည်အသွေးကို​သာမက ကျွန်ုပ်​တို့​ခေတ်တွင် ပြု​ခဲ့​ကြ​သည့် တည်ကြည်​ခြင်း​ဆိုင်ရာ ခံဝန်ချက်​များ​ကို​ပါ ဖော်ပြ​ပေး​ရန်​နှင့် ထို​သူတို့​အားလုံး​ကို ကျွန်ုပ်​တို့၏​ကယ်တင်ရှင် ပေးသနား​တော်​မူ​ခဲ့​သည့် သနား​ကြင်နာ​မှု​နှင့် ကူညီ​ထောက်မမှု​တို့ကို​ပါ ဖော်ပြ​ပေး​ရန်ဖြစ်​၏။”

သူ၏​ကြီးကျယ်​သော​သုတေသန​ပြုချက်

ယူစီဘီးယပ်စ်​ကိုယ်တိုင် ဖတ်ရှု​လေ့လာ​ပြီး ကိုးကား​ခဲ့​သည့် စာအုပ်​ပေါင်း​၏​အရေအတွက်​မှာ အလွန်​များပြား​လှ​၏။ ယူစီဘီးယပ်စ်​၏ စာပေ​များ​ကြောင့်​သာ ခေတ်​သက္ကရာဇ်​၏ ပထမ​သုံး​ရာစု​မှ အကျော်အမော်​များစွာ​တို့​အကြောင်းကို ကျွန်ုပ်​တို့​သိရှိ​ရသည်။ သူ၏​စာပေ​များ​၌​သာ​ပါရှိ​သည့် အထောက်အကူ​ပြု​မှတ်တမ်းများ​က အရေးပါသော လှုပ်ရှား​ဆောင်ရွက်မှု​များ​အကြောင်း ပိုမို​သိရှိ​စေ​သည်။ ၎င်းတို့သည် မရရှိ​နိုင်​တော့​သည့် စာပေ​စာတမ်း​များ​မှ​ဖြစ်သည်။

အချက်အလက်​များ​ကို စုဆောင်း​တင်ပြ​ရာ​တွင် ယူစီဘီးယပ်စ်​သည် စေ့စပ်​သေချာ​ဖို့ အပတ်တကုတ်​ကြိုးစား​အားထုတ်​ခဲ့​၏။ ယုံကြည်​စိတ်ချ​ရသည့်​သတင်း​နှင့် စိတ်မချ​ရသည့်​သတင်း​တို့ကို အသေအချာ​ခွဲခြား​သိမြင်​ရန် သူ​ကြိုးစား​အားထုတ်​ခဲ့​ပုံ​ရသည်။ သို့​တိုင် သူ၏​လက်ရာ​သည် စင်းလုံးချော​မဟုတ်​ချေ။ သူသည် တစ်ခါတစ်ရံ အဓိပ္ပာယ်​ကောက်​လွဲမှား​တတ်​ပြီး လူ​အချို့​နှင့် သူတို့၏​အပြု​အမူ​များ​ကို အထင်လွဲ​ခဲ့​ချိန်​များ​ပင်​ရှိသည်။ သက္ကရာဇ်စဉ်​ရေးသား​သတ်မှတ်​ရာ​တွင်​လည်း တစ်ခါတစ်ရံ တိကျ​လေ့​မရှိ​ချေ။ ထို့​ပြင် စာပေ​တင်ဆက်မှု​ပိုင်း​တွင် ရ​သ​မြောက်​စွာ ဖန်တီး​ရေးသား​နိုင်စွမ်း​လည်း ယူစီဘီးယပ်စ်​၌​မရှိပါ။ သို့သော် အပြစ်ဆိုဖွယ်ရာ​များ အထင်အရှား​ရှိ​လင့်​ကစား သူ၏​စာပေ​များ​ကို တန်ဖိုး​မ​ဖြတ်​နိုင်​သည့် ဘဏ္ဍာ​တစ်ခု​အဖြစ် သတ်မှတ်​ကြသည်။

အမှန်တရား​မြတ်နိုးသူ​လော

ယူစီဘီးယပ်စ်​သည် ခမည်းတော်​နှင့်​သားတော်​တို့ မည်သို့​တော်စပ်​ကြောင်းကို အပြီး​အပြတ်​မဆုံးဖြတ်​ကြ​သေး​၍ စိတ်မချ​မ်း​မ​သာ​ဖြစ်​ခဲ့​ပုံ​ရသည်။ ယူစီဘီးယပ်စ်​ယုံကြည်​သက်ဝင်​သကဲ့သို့ ခမည်းတော်​သည် သားတော်​မတိုင်မီ တည်ရှိ​ခဲ့​သလော။ သို့​မဟုတ် ခမည်းတော်​နှင့်​သားတော်​သည် တစ်ချိန်တည်း အတူတူ​တည်ရှိ​ခဲ့​သလော။ သူက “၎င်းတို့သည် တစ်ချိန်တည်း အတူတူ​တည်ရှိ​ခဲ့​မည်​ဆိုလျှင် ခမည်းတော်​က ခမည်းတော်၊ သားတော်​က သားတော် မည်သို့​ဖြစ်​နိုင်​ပါ​မည်​နည်း” ဟု​မေးမြန်းခဲ့​သည်။ သူ၏​ခံယူ​ချက်​ကို ‘ခမည်းတော်​သည် ယေရှု​ထက်​သာ၍​ကြီးမြတ်​၏’ ဟု​ဆို​သည့် ယောဟန် ၁၄:၂၈ နှင့် ယေရှုကို စစ်မှန်​၍​တစ်ပါး​တည်း​ဖြစ်​တော်​မူ​သော ဘုရားသခင် “စေလွှတ်” လိုက်​သည်​ဟု​ဆို​သည့် ယောဟန် ၁၇:၃ အစ​ရှိသော ကျမ်းစာ​ကိုးကားချက်​များ​ဖြင့်​ပင် ထောက်ပြ​ခဲ့​သေး​သည်။ ကောလောသဲ ၁:၁၅ နှင့် ယောဟန် ၁:၁ ကိုကိုး​ကား​ပြီး လိုဂေါ့စ် သို့​မဟုတ် နှုတ်မြွက်တော်​သည် “မျက်မြင်မရ​သော ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်” တည်း​ဟူသော ဘုရားသခင့်​သားတော်​ဖြစ်၏​ဟု ယူစီဘီးယပ်စ်​ဆင်ခြေ​တက်​ခဲ့​သေး​သည်။

သို့သော် အံ့ဩစရာ​မှာ နိုင်​စီ​ယာ​ကောင်စီ​အစည်းအဝေး​အပြီး​တွင် ယူစီဘီးယပ်စ်​သည် အတိုက်အခံပြု​သူတို့၏​ရှုမြင်ချက်​ကို ထောက်ခံ​အားပေးခဲ့​ခြင်း​ဖြစ်သည်။ ဘုရားသခင်​နှင့် သားတော်​သည် သာ​တူညီ​မျှ တစ်ပြိုင်တည်း အတူတူ​တည်ရှိ​သည်မဟုတ်​ဟူသော သူ၏​ကျမ်းစာ​ရပ်တည်ချက်​နှင့်​ဆန့်ကျင်​ပြီး ဧကရာဇ်မင်း​နှင့် သဘောတူညီ​ခဲ့​သည်။

သင်ယူ​ရမည့်​သင်ခန်းစာ​တစ်ရပ်

ယူစီဘီးယပ်စ်​သည် နိုင်​စီ​ယာ​ကောင်စီ​အစည်းအဝေး​တွင် အဘယ်ကြောင့် လက်လျှော့​အရှုံးပေးပြီး ကျမ်းစာ​နှင့်​မညီသော​အယူဝါဒ​ကို ထောက်ခံ​ခဲ့​သနည်း။ သူ့​တွင် နိုင်ငံရေး​ရည်မှန်းချက်​များ​ရှိ​နေ၍​လော။ ကနဦး​ကတည်းက ထို​ကောင်စီ​အစည်းအဝေး​ကို သူ​အဘယ်ကြောင့်​တက်​ခဲ့​သနည်း။ ခရစ်ယာန်​ဂိုဏ်းချုပ်​ရှိရှိသမျှကို ဆင့်ခေါ်​လိုက်​သော်လည်း အမှန်တကယ်​တွင် အချို့​အ​ဝက်​မျှ​ဖြစ်သည့် အ​ယောက် ၃၀၀ သာ​တက်ရောက်​ခဲ့​ကြ​၏။ ယူစီဘီးယပ်စ်​သည် သူ၏​လူမှုရေး​အဆင့်အတန်း​ကို ထိခိုက်​မည်​စိုး​၍​လော။ ဧကရာဇ်မင်း ကွန်​စတင်​တိုင်း​သည် သူ့ကို အဘယ်ကြောင့်​ချီးမြှင့်​ခဲ့​ပါ​သနည်း။ ထို​ကောင်စီ​အစည်းအဝေး​၌ ယူစီဘီးယပ်စ်​သည် ဧကရာဇ်မင်း​၏ လက်ယာဘက်​တွင် ထိုင်​ခဲ့​၏။

မိမိ၏​နောက်လိုက်​များသည် “ဤ​လောက​နှင့်​မဆက်ဆံ” ရ​ဟူသော ယေရှု၏​တောင်းဆိုချက်​ကို ယူစီဘီးယပ်စ် မသိကျိုးကျွန်​ပြု​ခဲ့​ပုံ​ရသည်။ (ယောဟန် ၁၇:၁၆; ၁၈:၃၆) တပည့်​ဖြစ်သူ​ယာကုပ်​က ‘မတရားသော​မေထုန်​၌​မှီဝဲ​သော​ယောက်ျား​မိန်းမ​တို့၊ လောက​မိတ်သဟာယ​သည် ဘရားသခင်​နှင့်​ဆန့်ကျင်ဘက်​ဖြစ်သည်​ကို မသိကြ​သလော’ ဟု​မေးခွန်းထုတ်​ခဲ့​သည်။ (ယာကုပ် ၄:၄) “မယုံကြည်​သော​သူတို့နှင့်​တွဲဖက်​၍ မညီသော​ထမ်းပိုး​ကို မ​ထမ်း​ကြ​နှင့်” ဟု ပေါလု​သတိပေး​ဆုံးမ​ခဲ့​ခြင်း​သည် အမှန်ပင် သင့်တော်​လျောက်ပတ်​လှ​ပေ​သည်! (၂ ကောရိန္သု ၆:၁၄သမ္မာ) ကျွန်ုပ်​တို့သည် ‘[ခမည်းတော်] ကို ဝိညာဉ်​နှင့်​လည်းကောင်း၊ အမှန်တရား​နှင့်​လည်းကောင်း’ ကိုးကွယ်​နေကြ​စဉ် ဤ​လောက​နှင့်​မဆက်ဆံ​ဘဲ သီးခြား​ရှိ​နေနိုင်​ကြ​ပါစေ။—ယောဟန် ၄:၂၄

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

နိုင်​စီ​ယာ​ကောင်စီ​အစည်းအဝေး​ကို သရုပ်ဖော်​သည့် နံရံ​ဆေး​ရေး​ပန်းချီပုံ

[Credit Line]

Scala/Art Resource, NY

[Picture Credit Line on page 29]

Courtesy of Special Collections Library, University of Michigan