မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘိုင်ဇန်တီယမ် မြို့တွင် ချာ့ခ်ျနှင့် အစိုးရ

ဘိုင်ဇန်တီယမ် မြို့တွင် ချာ့ခ်ျနှင့် အစိုးရ

ဘိုင်ဇန်တီယမ် မြို့တွင် ချာ့ခ်ျ​နှင့် အစိုးရ

ခရစ်ယာန်​ဘာသာ​တရားကို တည်ထောင်​ခဲ့​သူက ဘုရားသခင်​ထံ​မှ​ကင်းကွာ​နေသော လူ့​လောက​နှင့် မိမိ၏​နောက်တော်လိုက်​များ အလွန်​ကွာခြား​ကြောင်း ရှင်းလင်းစွာ​ဖော်ပြ​ခဲ့​သည်။ ယေရှု​က “သင်တို့သည် လော[က]နှင့်​ဆက်ဆံ​လျှင် လော[က]သားတို့​သည် မိမိတို့​နှင့်​ဆက်ဆံ​သော သင်တို့ကို ချစ်​ကြလိမ့်မည်။ သင်တို့သည် လော[က]နှင့်​မဆက်ဆံ . . . သောကြောင့် လော[က]သားတို့​သည် သင်တို့ကို​မုန်း​ကြ​၏” ဟု​မိမိ၏​နောက်တော်လိုက်​များ​အား မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၅:၁၉) ယေရှု​ခေတ်​က နိုင်ငံရေး​အာဏာရှင်​တစ်ဦး​ဖြစ်သူ ပိလတ်​မင်းကို ကိုယ်တော်​က “ငါ​၏​နိုင်ငံ​သည် ဤ​လောက​နှင့်​မစပ်ဆိုင်” ဟု​ကြေညာ​ခဲ့​၏။—ယောဟန် ၁၈:၃၆

ခရစ်ယာန်​များသည် “မြေကြီးစွန်း​တိုင်အောင်” ဟောပြော​ရမည့်​တာဝန်​ကို​ကျေပွန်​ရန် လောက​ရေးရာ​တွင် မပါဝင်​ကြ​ချေ။ (တမန်​တော် ၁:၈) ယေရှု​နည်းတူ အစောပိုင်း​ခရစ်ယာန်​များသည် နိုင်ငံရေး​နှင့်​မပတ်သက်​ခဲ့​ကြ​ချေ။ (ယောဟန် ၆:၁၅) တည်ကြည်သော​ခရစ်ယာန်​များသည် နိုင်​ငံ့​ဝန်ထမ်း သို့​မဟုတ် စီမံ​အုပ်ချုပ်ရေး​ရာထူး​များ မခံယူ​ခဲ့​ကြ​ကြောင်း ထင်ရှား​သည်။ ယင်းသည် နောက်ဆုံး​၌ ပြောင်းလဲ​ခဲ့​သည်။

‘လောက​နှင့်​ဆက်ဆံ’

နောက်ဆုံး​တမန်​တော် သေဆုံး​ပြီး​နောက် တစ်ချိန်​တွင် ဘာသာရေး​ခေါင်းဆောင်​များသည် မိမိတို့​အပေါ်​တွင်​လည်းကောင်း၊ လောက​နှင့်​ဆက်ဆံခြင်း​အပေါ်​တွင်​လည်းကောင်း အမြင်​ပြောင်းလဲ​သွား​ကြ​လေ​၏။ ဘုရားသခင့် “နိုင်ငံတော်” သည်​ဤ​လောကတွင်​ရှိ​ရုံ​မ​က ဤ​လောက​၏​တစ်စိတ်​တစ်ပိုင်း​ဖြစ်သည်ဟု သူတို့​စတင်​ရှုမြင်ခဲ့​ကြသည်။ ဘိုင်​ဇန်​တိုင်​အင်ပါယာ​ဟု​ခေါ်​သည့် ဘိုင်ဇန်တီယမ် (ယခု အစ္စတန်ဘူလ်) ၌​မြို့တော်​တည်ထား​သော အရှေ့​ရောမ​အင်ပါယာ​တွင် ဘာသာရေး​နှင့် နိုင်ငံရေး မည်သို့​ရောယှက်​သည်ကို တစေ့တစောင်း​လေ့လာခြင်း​သည် မှတ်သားဖွယ်​ရာ​ဖြစ်​ပေ​လိမ့်​မည်။

ထုံးတမ်း​စဉ်​လာ​အရ ဘာသာ​တရားကို အရေးပေး​သော လူ့​ဘောင်​အဖွဲ့အစည်း​၌ ဘိုင်ဇန်တီယမ်​မြို့တွင် ဗဟို​စိုက်​ထား​သည့် ဘိုင်​ဇန်​တိုင်​ချာ့ခ်ျ​သည် အတော်ပင်​သြဇာလွှမ်း​မိုး​ခဲ့​၏။ ချာ့ခ်ျ​သမိုင်း​ပညာရှင် ပါ​နာ​ယော့​တီ​စ် ခရစ္စတူး​က “ဘိုင်​ဇန်​တိုင်​သားများ​သည် မိမိတို့၏​မြေကြီး​အင်ပါယာ​ကို ဘုရားသခင့်​နိုင်ငံတော်​အဖြစ် ယူမှတ်​ကြသည်” ဟု​ဆို​သည်။ သို့သော် မင်း​အာဏာစက်​သည် ထိုသို့​အစဉ်​မယူမှတ်​ခဲ့​ကြ​ချေ။ ယင်းကြောင့် ချာ့ခ်ျ​နှင့် နိုင်ငံတော်​အစိုးရ​တို့၏ ရောယှက်​ဆက်ဆံမှု​ကြောင့် တစ်ခါတစ်ရံ မုန်တိုင်းထန်​ခဲ့​၏။ ဘိုင်ဇန်တီယမ် အောက်​စ​ဖို့​အဘိဓာန် က​ဤသို့​ဖော်ပြ​သည်– “ကော​န်​စ​တန်​တီ​နို​ပဲ​လ် [သို့​မဟုတ် ဘိုင်ဇန်တီယမ်] ဘိရှော့များ​သည် တန်ခိုး​ကြီး​အုပ်စိုးရှင်​တစ်ဦး​ကို ကြောက်ရွံ့​စွာ​ခယ​ခြင်း . . . ၊ အကျိုးရှိ​မည့်​အရာများ​ကို ဧကရာဇ်မင်း​နှင့်​ပူးပေါင်း​ဆောင်ရွက်ခြင်း . . . နှင့်​ဧကရာဇ်မင်း​၏​အလိုကို သတ္တိရှိရှိ​ဆန့်ကျင်ခြင်း​တို့​အပါအဝင် အကျင့်​အမျိုးမျိုး ကျင့်ကြံ​ခဲ့​ကြသည်။”

အရှေ့ပိုင်း​ချာ့ခ်ျ​ခေါင်းဆောင် ကော​န်​စ​တန်​တီ​နို​ပဲ​လ်​ဂိုဏ်းအုပ် ခရစ်ယာန်​ဘုန်းတော်ကြီး​သည် အလွန်​သြဇာ​အာဏာ​ရှိလာ​သည်။ သူသည် ဧကရာဇ်မင်း​ကို မင်းမြှောက်​ပေး​ရာ ဩသ​ဒေါ​က်စ်​၏​ယုံကြည်​အားကိုး​ဖွယ် ကာကွယ်​ပေးရှင်​ဖြစ်စေ​လို​၏။ ထို့​ပြင် ဂိုဏ်းအုပ်သည် ချာ့ခ်ျ​ပိုင် ဥစ္စာ​ပစ္စည်း​အမြောက်အမြား​ကိုလည်း လက်ဝါး​ကြီး​အုပ်​ထား​ရာ အလွန်​ချမ်းသာ​လာ​သည်။ သူသည် သာမန်​လူ​တို့​အပေါ်​သာမက ခရစ်ယာန်​ဘုန်းကြီး​များစွာ​အပေါ်လည်း ဩဇာ​လွှမ်းမိုး​နိုင်​ခြင်း​မှ တန်ခိုး​အာဏာ​ရှိလာ​သည်။

ဂိုဏ်းအုပ်​ခရစ်ယာန်​ဘုန်းတော်ကြီး​သည် ဧကရာဇ်မင်း​ကို မကြာခဏ​လွန်ဆန်​နိုင်​ခွင့်​ရှိသည်။ သူသည် ဘုရားသခင်​၏​နာမတော်​ကို​အမှီပြု၍ သူ၏​ဆန္ဒ​အတိုင်း​ပြုလုပ်​ကာ ဧကရာဇ်မင်း​များ​ကို နှင်ထုတ်​နိုင်၏၊ သို့​မဟုတ် အခြား​နည်းများဖြင့် နန်းချ​နိုင်၏။

မြို့တော်​ပြင်ပ နယ်မြေ​အုပ်ချုပ်မှု​သည် တဖြည်းဖြည်း​ပျောက်ကွယ်​လာ​ရာ ဘိရှော့များ​သည် သူတို့​နေထိုင်ရာ​မြို့များ​တွင် ဩဇာ​အရှိဆုံး​ဖြစ်လာ​ကြ​ပြီး သူတို့​ရွေးကောက်​တင်မြှောက်​ထား​သည့် ပြည်နယ်​ဘုရင်ခံ​များနှင့် တန်းတူ​ဖြစ်လာ​ကြသည်။ ဤ​ဘိရှော့များ​သည် ချာ့ခ်ျ​ပါဝင်​ပတ်သက်မှု​ရှိသည့်၊ တစ်ခါတစ်ရံ ချာ့ခ်ျ​နှင့်​မဆိုင်​သည်​တိုင် တရားရေး​ကိစ္စ​များနှင့် လောက​စီးပွားရေး​ကိစ္စ​တို့ကို စီရင်​ဆုံးဖြတ်​ပေး​ကြသည်။ အကြောင်းရင်း​တစ်ခု​မှာ ထောင်သောင်း​ချီ​ရှိသော ခရစ်ယာန်​ဘုန်းတော်ကြီး​များနှင့် ခရစ်ယာန်​ဘုန်းကြီး​အားလုံး​တို့သည် သူတို့၏​ဒေသခံ​ဘိရှော့များ​၏ လက်အောက်ခံ​များ​ဖြစ်​ကြ​ခြင်း​ကြောင့်​ဖြစ်သည်။

နိုင်ငံရေး​နှင့် ဆိုင်​မွန်​နီ

အထက်ပါ​ဖော်ပြချက်​အတိုင်း သာသနာ​ရေးရာ​များသည် နိုင်ငံရေး​ရာ​များနှင့် ခွဲခြား​မရအောင် ရောယှက်​လာ​လေ​တော့​သည်။ ထို့​ပြင် ဓမ္မ​ဆရာများ​စွာ​နှင့် သူတို့၏​ဘာသာရေး​လုပ်ငန်းများ​အတွက် ငွေကြေး​မြောက်မြားစွာ​လိုအပ်​ခဲ့​၏။ အဆင့်မြင့်​ဓမ္မ​ဆရာ​အများစု​သည် ဇိမ်ကျ​ကျနေ​ထိုင်​လေ့​ရှိကြသည်။ ချာ့ခ်ျ​သည် တန်ခိုး​အာဏာ​ရရှိ​လာပြီး ချမ်းသာ​လာ​သည်​နှင့်​အမျှ တမန်​တော်​များ​၏​ဆင်းရဲ​နွမ်းပါး​မှု​နှင့် သန့်ရှင်း​မြင့်မြတ်မှု​တို့​မှာ ပျောက်ကွယ်​သွား​လေ​တော့​သည်။ ခရစ်ယာန်​ဘုန်းတော်ကြီး​နှင့် ဘိရှော့​အချို့​တို့သည် ရာထူး​ရရှိရန် ငွေပေး​ကြ​၏။ ဘာသာရေး​အဖွဲ့အစည်း အကြီးအမှူး​များ​အထိ ဆိုင်​မွန်​နီ​ကို အသုံးပြု​ကြ​၏။ လူကုံထံ​အဖွဲ့​များ​၏​ထောက်ခံမှု​ရရှိ​ထားသော ဓမ္မ​ဆရာများ​သည် သာသနာ​ရေး​ဆိုင်ရာ ရာထူး​များ​ရရှိရန် ဧကရာဇ်မင်း​ရှေ့​ပြိုင်ဆိုင်​ကြ​၏။

တံစိုး​လက်ဆောင်​များ​ပေးခြင်း​ဖြင့်​လည်း ဝါရင့်​ဘာသာရေး​ခေါင်းဆောင်​များ​ကို ဩဇာ​လွှမ်းမိုး​ကြ​၏။ ဧကရာဇ်​ဘုရင်မ​ဇိုး​အီ (စီ.အီး. ၉၇၈-၁၀၅၀ ခန့်) သည်​သူ၏​ခင်ပွန်း​ဖြစ်သူ ရို​မာ​နပ်စ် ၃ ကို​လုပ်ကြံ​ခိုင်း​ပြီး သူ၏​ချစ်သူ ဧကရာဇ်မင်း​လောင်း မိုက်ကယ် ၄ ကို​လက်ထပ်​လို​သောအခါ သူသည် ဂိုဏ်းအုပ်​အလက်​ခ်​ဆီ​အာ​စ်​အား နန်းတော်​သို့ အလျင်အမြန်​ဆင့်ခေါ်​လိုက်​သည်။ နန်းတော်​သို့​ရောက်​မှ ရို​မာ​နပ်စ်​ကွယ်လွန်​ကြောင်း​နှင့် လက်ထပ်​မင်္ဂလာဆောင်​နှင်း​ပေး​စေ​လို​ကြောင်း ဂိုဏ်းအုပ်​သိရှိ​ရသည်။ ထို​ညနေပိုင်း​တွင် ချာ့ခ်ျ​သည် ရက်​မြတ်သော​ကြာ​နေ့​ပွဲတော် ကျင်းပ​မည်​ဖြစ်​ရာ အလက်​ခ်​ဆီ​အာ​စ်​အတွက် ဘေးကျပ်နံကျပ်​ဖြစ်​ခဲ့​၏။ သို့သော် သူသည် ဧကရာဇ်​ဘုရင်မ​၏ လက်ဆောင်​များစွာကို လက်ခံ​ယူ​ကာ ဘုရင်မ​အလိုကျ ပြုလုပ်​ဆောင်ရွက်​ပေး​ခဲ့​သည်။

ဧကရာဇ်မင်း​ကို ခယ​ဝပ်​တွား​ခြင်း

တစ်ခါတစ်ရံ ဘိုင်​ဇန်​တိုင်​အင်ပါယာ​ရာဇဝင်​တွင် ဧကရာဇ်မင်း​သည် ကော​န်​စ​တန်​တီ​နို​ပဲ​လ်​ဂိုဏ်းအုပ် ရွေးချယ်​ခန့်အပ်​ရာ​တွင် သူ၏​ခန့်အပ်​ပိုင်ခွင့်​ကို အသုံးပြု​ခဲ့​သည်။ ဤ​အချိန်​အခါ​များ​အတွင်း ဧကရာဇ်မင်း​၏​အလိုကို​ဆန့်ကျင်​၍ မည်သူကမျှ ဂိုဏ်းအုပ်​ဖြစ်​မလာ​နိုင်​ပေ၊ သို့​မဟုတ် ကြာရှည်​မ​တည်တံ့​နိုင်​ပေ။

ဧကရာဇ်မင်း​အန်​ဒရို​နီ​ကပ်​စ် ၂ (၁၂၆၀-၁၃၃၂) သည်​ဂိုဏ်းအုပ်​များ​ကို ကိုး​ကြိမ်​တိုင် ပြောင်းလဲ​ပေး​ခဲ့​ရ၏။ ထိုသို့​ပြောင်း​ရခြင်း​၏​ရည်ရွယ်ချက်မှာ ဂိုဏ်းအုပ်​အရိုက်အရာ​တွင် ကျိုးနွံ​လက်အောက်ခံ​သူကို ရွေးချယ်​ခန့်အပ်​လို​၍​ဖြစ်သည်။ ဘိုင်​ဇန်​တိုင် စာအုပ်​၏​အဆို​အရ ဂိုဏ်းအုပ်​တစ်ပါး​သည် “တရား​ဥပဒေ​နှင့်​ဆန့်ကျင်​နေပါ​စေ၊ ကိုယ်တော်​တောင်းဆို​သမျှ​ကို လုပ်ဆောင်ပေး​ပါ​မည်၊ ကိုယ်တော်​စိတ်တော်​မ​တွေ့​သည့် မည်သည့်​လုပ်ရပ်​ကို​မဆို ရှောင်ကြဉ်ပါ​မည်” ဟု​ဧကရာဇ်မင်း​ထံ စာရေး​၍​ပင် ကတိပြု​ခဲ့​သည်။ ဧကရာဇ်မင်း​များသည် တော်ဝင်​မိသားစု​မှ အိမ်ရှေ့​မင်းသား​တစ်ပါး​ကို ဂိုဏ်းအုပ်​အဖြစ် ခန့်အပ်​ခြင်း​ဖြင့် ချာ့ခ်ျ​ကို​ချုပ်ကိုင်​ရန် နှစ်ကြိမ်​တိုင်တိုင် ကြိုးစား​ခဲ့​ကြသည်။ ဧကရာဇ်မင်း​ရို​မာ​နပ်စ် ၁ သည် ၁၆ နှစ်​သာ​ရှိသေး​သည့် သူ၏​သား သီ​အာ​ဖ်​လက်​ခ်​ကို ဂိုဏ်းအုပ်​ရာထူး​ချီးမြှင့်​ခဲ့​၏။

ဂိုဏ်းအုပ်​တစ်ပါး​သည် ဧကရာဇ်မင်း​စိတ်တော်နှင့်​မ​တွေ့လျှင် ရာထူး​မှ​နုတ်ထွက်​ရန် ဧကရာဇ်​က သူ့ကို​အနိုင်အထက်ပြု​မည်၊ သို့​မဟုတ် သူ့ကို​နှင်ထုတ်​ရန် ဘာသာရေး​အကြီးအကဲ​အဖွဲ့ကို အကြောင်းကြား​ပေမည်။ ဘိုင်​ဇန်​တိုင် စာအုပ်​က ဤသို့​ဖော်ပြ​သည်– “ဘိုင်​ဇန်​တိုင်​သမိုင်း​အတွင်း အထက်​အာဏာပိုင်​များနှင့် ဧကရာဇ်မင်း​၏​သြဇာ​သည် ဘိရှော့များ​ရွေးချယ်မှု​တွင် ပို​၍​ပို​၍​ပင် စိုးမိုး​ခြယ်လှယ် [လာ] လေ​သည်။”

ဧကရာဇ်မင်း​သည် ဂိုဏ်းအုပ်​အပါး၌​ထိုင်၍ ခရစ်ယာန်​အသင်းတော်​ကောင်စီ​များ​တွင်​လည်း သဘာပတိ​အဖြစ်​ဆောင်ရွက်​သည်။ သူသည် စကား​ရည်​လု​ပွဲ​များ​ကို စီစဉ်​ပေး​ပြီး ယုံကြည်ခြင်း​စည်းကမ်းချက်​များ ထုတ်ပြန်​ကာ ဘိရှော့များ​အပြင် မယုံကြည်​သူများ​နှင့်​လည်း အငြင်းပွား​သည်၊ နောက်ဆုံး နှက်တိုင်​တင်​ကွပ်မျက်ခြင်း​ဖြင့် အငြင်းပွားမှု​ကို အဆုံးသတ်​သည်။ ဧကရာဇ်မင်း​သည် ကောင်စီ​က​လက်ခံ​အတည်ပြု​သော ပြဋ္ဌာန်းချက်​များ​ကို အထမြောက်​စေ​သည်။ ဧကရာဇ်မင်း​သည် သူ့​အား ဆန့်ကျင်သူ​များ​ကို ဧကရာဇ်ကို​ပြစ်မှားခြင်း​မ​က ယုံကြည်ချက်​နှင့် ဘုရားသခင်၏​ရန်သူများ​အဖြစ် စွပ်စွဲ​သည်။ “ချာ့ခ်ျ​တွင် ဧကရာဇ်မင်း​၏​အလို​နှင့် အမိန့်များ​ကို မဆန့်ကျင်​ရ” ဟု​ဆဋ္ဌမ​ရာစု​ဂိုဏ်းအုပ်​တစ်ပါး​က ဆို​သည်။ လာဘ်ထိုး​၍ ဩဇာ​လွှမ်းမိုး​လာပြီး မျက်နှာ​ချို​သွေး​ကာ အလိုက်အထိုက်​နေကြ​သော တရားရုံး​ရှိ​ဘိရှော့များ​သည် အများအားဖြင့် သူတို့၏​အထက်​လူကြီး​ကဲ့သို့​ပင် ရေငုံ​နှုတ်ပိတ်​နေလေ့​ရှိကြ​၏။

ဥပမာ၊ ဂိုဏ်းအုပ်​အစ်​ဂ်​နေ​ရှ​ပ်စ် (စီ.အီး. ၇၉၉-၈၇၈ ခန့်) သည် ဝန်ကြီးချုပ်​ဘာ​ဒါ​စ်​အား မုန့်​နှင့်​စပျစ်​ရည် သုံးဆောင်​ခွင့်​မပေး​သောအခါ ထို​ဝန်ကြီး​သည် ပြန်လည်​ခုခံ​ဖြေရှင်း​ခဲ့​၏။ ဘာ​ဒါ​စ်​သည် အစ်​ဂ်​နေ​ရှ​ပ်စ်​ကို မ​သ​မာ​သူ၊ သစ္စာဖောက်​သူ​အဖြစ် စွပ်စွဲ​ခဲ့​သည်။ ထို​အခါ ဂိုဏ်းအုပ်​ကို ဖမ်းဆီး​၍ မောင်းထုတ်​လိုက်​ကြသည်။ သူ့အစား ဝန်ကြီး​သည် ခြောက်​ရက်​အတွင်း ခရစ်ယာန်​ဂိုဏ်း​အားလုံး​၏ အကြီးအကဲ​ဖြစ်လာ​ပြီး နောက်ဆုံး​၌ ဂိုဏ်းအုပ်​ရာထူး​ရခဲ့​သူ လူ​ဝတ်​ကြောင်​ဖို​ရှ​ပ်စ်​ကို ရွေးချယ်​တင်မြှောက်​ခဲ့​သည်။ ဖို​ရှ​ပ်စ်​သည် ထို​ဝိညာဉ်​ရေးရာ​ထူး​အတွက် အရည်အချင်း​ပြည့်မီ​သလော။ ဤ​သူသည် “လို​ဘ​ကြီး​သူ၊ မာနကြီးလွန်း​သူ၊ နိုင်ငံရေး​ကျွမ်းကျင်​သူ” ဖြစ်သည်ဟု ဆို​ကြသည်။

နိုင်ငံရေး​ဆောင်ရွက်မှု​တွင် တရားသေ​အယူဝါဒ

ရှေး​ရိုး​စွဲ​အယူ​နှင့် အယူဝါဒ​အသစ်​တို့၏​အငြင်းပွားမှု​သည် နိုင်ငံရေး​အတိုက်အခံပြု​မှု​ကို ဖုံးကွယ်​ထား​သည်၊ အယူဝါဒ​အသစ်များ​ကို​တင်သွင်း​လို​ခြင်း​ထက် နိုင်ငံရေး​အကြောင်းတရား​များ​က ဧကရာဇ်​တို့ကို ပို​လွှမ်းမိုး​သည်။ ယေဘုယျ​အားဖြင့် ဧကရာဇ်မင်း​သည် တရားသေ​အယူဝါဒ​ကို​ချ​ပြီး မိမိ​အလိုအတိုင်း ချာ့ခ်ျ​က​နာခံ​ရမည်ဟု အတင်း​တောင်းဆို​လေ့​ရှိ၏။

ဥပမာ၊ ဧကရာဇ်မင်း​ဟီ​ရာ​က​လီယက်စ် (စီ.အီး. ၅၇၅-၆၄၁) သည်​မိမိ၏​ချိ​နဲ့​နေသော​အင်ပါယာ​ကို ပြိုကွဲ​နေ​စေသည့် ခရစ်တော်​၏​သဘောထား​နှင့်​ပတ်သက်​၍ သင်း​ကွဲ​မှု​ဖြစ်နေ​ခြင်း​ကို ကြိုးစား​ပြုပြင်ပေး​ခဲ့​သည်။ အများ​သဘောတူ​လက်ခံဖို့​ကြိုးစား​ရာ​တွင် သူသည် မို​နို​သီ​လစ်​တ​ဇ​မ်​ဟု​ခေါ်​သော အယူဝါဒ​သစ်​တစ်ခု​ကို တင်သွင်း​ခဲ့​သည်။ * ထို့နောက် ဟီ​ရာ​က​လီယက်စ်​သည် သူ့​အင်ပါယာ​ရှိ တောင်ပိုင်း​နိုင်ငံ​များ​၏ သစ္စာစောင့်သိမှု​ရရှိစေရန် ဧကရာဇ်မင်း​ထောက်ခံ​သည့် အယူဝါဒ​ကို အတည်ပြုခဲ့​သော ဖာဆစ်​မြို့မှ စိုင်း​ရပ်​စ်​ကို အလက်ဇန္ဒြီးယား​မြို့ ဂိုဏ်းအုပ်​သစ်​အဖြစ် ရွေးချယ်​တင်မြှောက်​လိုက်​လေ​သည်။ ဧကရာဇ်မင်း​သည် စိုင်း​ရပ်​စ်​ကို ဂိုဏ်းအုပ်​အဖြစ်​သာမက ဒေသခံ​အုပ်ချုပ်​သူများ​အား အုပ်ချုပ်ခွင့်​နှင့်အတူ အီဂျစ်​ပြည်​၏​ဘုရင်ခံ​မင်းကြီး​အဖြစ်​ပါ တင်မြှောက်​ခဲ့​၏။ ညှဉ်းပန်း​နှိပ်စက်မှု​ဖိအား​ဖြင့် စိုင်း​ရပ်​စ်​သည် အီဂျစ်ချာ့ခ်ျ​မှ အများစု​၏​သဘောတူညီ​မှု​ကို​ရရှိရန် လုပ်ဆောင်​နိုင်​ခဲ့​သည်။

နာကြည်းဖွယ်​အကျိုးဆက်​တစ်ခု

အဆိုပါ​အဖြစ်အပျက်​များ​က ယေရှု၏​နောက်တော်လိုက်​များသည် “ဤ​လောက​နှင့်​မဆက်ဆံ” ဟု မိန့်ဆိုခဲ့​သော ကိုယ်တော်​၏​ဆုတောင်းချက်​စကား​များနှင့် ဆိုလိုရင်း​တို့ကို မည်သို့​ပေါ်လွင်​စေနိုင်​မည်​နည်း။—ယောဟန် ၁၇:၁၄-၁၆

ဘိုင်​ဇန်​တိုင်​ခေတ်​ကာလ​နှင့် ၎င်းနောက်​ပိုင်း​မှ အမည်ခံ​ခရစ်ယာန်​ခေါင်းဆောင်​များသည် လောက​၏​နိုင်ငံရေး​နှင့်​စစ်ရေး​တွင် ပါဝင်​ပတ်သက်​ခဲ့​သောကြောင့် နာကြည်းဖွယ်​အကျိုးဆက်များ ခံ​ခဲ့​ရသည်။ ဤ​သမိုင်း​အကျဉ်းချုပ်​က သင့်ကို အဘယ်အရာ​ဖော်ပြ​သနည်း။ ဘိုင်​ဇန်​တိုင်​ချာ့ခ်ျ​ခေါင်းဆောင်​များသည် ဘုရားသခင်​နှင့် ယေရှု​ခရစ်​၏​မျက်နှာသာ​ကို ရရှိခဲ့ကြ​သလော။—ယာကုပ် ၄:၄

ဤ​လို​ဘ​ကြီးသော ဘာသာရေး​ခေါင်းဆောင်​များနှင့် သူတို့၏​နိုင်ငံရေး​ပေါက်​ဖော်​များသည် စစ်မှန်သော​ခရစ်ယာန်​ဘာသာ​ကို အကျိုးမပြု​ချေ။ ဤသို့​ဘာသာရေး​နှင့် နိုင်ငံရေး မသန့်မရှင်း​ရောယှက်​မှု​က ယေရှု​သွန်သင်​ပေး​ခဲ့​သည့် စင်ကြယ်သော​ဘာသာ​တရားကို အထင်မှား​စေ​ခဲ့ပြီ။ ကျွန်ုပ်​တို့သည် ဤ​သမိုင်း​မှတ်တမ်း​မှ​သင်ခန်းစာ​ယူပြီး “ဤ​လောက​နှင့်​မဆက်ဆံ” ဘဲ နေကြ​စို့​လေ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 21 မို​နို​သီ​လစ်​တ​ဇ​မ်​က ခရစ်တော်​တွင် ဘုရားသခင်​နှင့်​လူ့​ဇာတိ နှစ်မျိုး​စ​လုံး​ရှိသော်လည်း စိတ်ဆန္ဒ​တစ်ခု​တည်း​ရှိ၏​ဟု​ဆို​သည်။

[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

“ကောင်းကင်ဘုံ​တွင် ခေါက်​တုံ့​ခေါက်​ပြန် လျှောက်​နေသော ဘုရားသခင်​တစ်ပါး​ကဲ့သို့”

ဂိုဏ်းအုပ်​မိုက်ကယ်​စီ​ရူ​လေ​ရီ​အပ်​စ် (၁၀၀၀-၁၀၅၉ ခန့်) နှင့်​ပတ်သက်သော အဖြစ်အပျက်​များသည် ချာ့ခ်ျ​ခေါင်းဆောင်​တစ်ဦး နိုင်ငံတော်​အစိုးရ​ရေးရာ​များ​တွင် ရည်မှန်းချက်​ကြီးကြီး ပါဝင်​ပတ်သက်​နိုင်​ခြင်း​ကို ဖော်ပြ​သည်။ စီ​ရူ​လေ​ရီ​အပ်​စ်​သည် ဂိုဏ်းအုပ်​ရာထူးကို​ရရှိ​ပြီး​နောက် ထို​ထက်မက ရာထူးတက်​လို​ခဲ့​၏။ “သူ့​ဟန်ပန်​မှာ ကောင်းကင်ဘုံ​တွင် ခေါက်​တုံ့​ခေါက်​ပြန်လျှောက်​နေသော ဘုရားသခင်​တစ်ပါး​ပုံ” ပေါက်​ကာ မာနကြီးလွန်း​သူ၊ ရောင့်တက်သူ၊ ခေါင်းမာ​သူ​ဖြစ်၏​ဟု သူ့ကို​ဖော်ပြ​ကြသည်။

စီ​ရူ​လေ​ရီ​အပ်​စ်​သည် ကိုယ့်​ကိုယ်ကို​အမွှမ်းတင်​လို​ရာ ၁၀၅၄ ခုနှစ်​တွင် ရောမမြို့ ပုပ်​ရဟန်း​မင်း​နှင့် စိတ်ဝမ်းကွဲ​မှု​ကို ဆွပေး​ပြီး ဧကရာဇ်မင်း​အား ဤ​သဘောထား​ကွဲလွဲ​မှု​ကို လက်ခံ​ယူ​စေ​ခဲ့​သည်။ စီ​ရူ​လေ​ရီ​အပ်​စ်​သည် ဤ​အောင်မြင်မှု​ကို သဘောကျ​ကာ မိုက်ကယ် ၆ အား​မင်း​တင်မြှောက်​ရန် စီစဉ်​ပြီး မိမိ၏​တန်ခိုး​အာဏာ ခိုင်မြဲ​စေရန် ထောက်ကူ​ပေး​ခဲ့​၏။ နောက်​တစ်နှစ်​အကြာတွင် စီ​ရူ​လေ​ရီ​အပ်​စ်​သည် ထို​ဧကရာဇ်မင်း​အား နန်း​စွန့်​စေပြီး အိုက်ဇက်​ကာ​မ်​နီ​နာ​စ် (၁၀၀၅-၁၀၆၁ ခန့်) ကို​နန်းတင်​ခဲ့​၏။

ဂိုဏ်းအုပ်​နှင့် ဧကရာဇ်မင်း​တို့​စပ်ကြား​ရှိ ပဋိပက္ခ​သည် ကြီးထွား​လာ​လေ​သည်။ လူထု​၏​ထောက်ခံမှု​ရရှိ​ထားသော စီ​ရူ​လေ​ရီ​အပ်​စ်​သည် ခြိမ်းခြောက်​ပြီး အတင်းအကျပ်​တောင်းဆို​ကာ  အကြမ်းဖက်​တိုက်ခိုက်​လေ​သည်။ တစ်ခေတ်​တည်း​သား​သမိုင်း​ပညာရှင်​တစ်ဦး​က ဤသို့​ဖော်ပြ​သည်– “ဧကရာဇ်မင်း နန်း​ကျ​လိမ့်​မည်​အကြောင်း သူက ‘မင်း​လို​အရူး​ကို ငါ​မြှင့်တင်​ပေး​ခဲ့​တာ မင်းကို​ငါ​ပြုတ်​စေမယ်’ ဟူ၍ ရိုင်းရိုင်းစိုင်းစိုင်း  ကြိုတင်​ပြော​ခဲ့​သည်။” သို့သော် အိုက်ဇက်​ကာ​မ်​နီ​နာ​စ်​သည်  သူ့ကို​ဖမ်းဆီး​၍ ထောင်ချ​ကာ အီမ်ဘရိုစ်​ကျွန်း​သို့ ပြည်နှင်ဒဏ်​ပေး​လိုက်​သည်။

ကော​န်​စ​တန်​တီ​နို​ပဲ​လ်​ဂိုဏ်းအုပ်​သည် အခက်အခဲ​များ မည်မျှ​ဖြစ်ပေါ်​စေနိုင်​ပြီး ဧကရာဇ်မင်း​ကို သတ္တိရှိရှိ မည်မျှ​ဖီဆန်​နိုင်​ကြောင်း ဤ​ပုံ​နမူနာ​များ​က ဖော်ပြ​၏။ မင်းရိုက်ရာသည် ဧကရာဇ်မင်း​နှင့်​စစ်တပ်​ကို​ပါ ဖီဆန်​နိုင်​သည့် နိုင်ငံရေး​ကျွမ်းကျင်​သော ဤသို့​သော​သူများ​နှင့် ရင်ဆိုင်​ဖြေရှင်း​ခဲ့​ရ၏။

[စာမျက်နှာ ၉ ပါ မြေပုံ/ ရုပ်ပုံ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ဘိုင်​ဇန်​တိုင် အင်ပါယာ​၏ အကြီးမားဆုံး​ကျယ်ပြန့်​မှု

ရ​ဗဲ​နား

ရောမ

မက်စီဒိုးနီးယား

ကော​န်​စ​တန်​တီ​နို​ပဲ​လ်

ပင်လယ်​နက်

နိုင်​စီ​ယာ

ဧဖက်

အန္တိအုတ်

ယေရုရှလင်

အလက်ဇန္ဒြီးယား

မြေထဲပင်လယ်

[Credit Line]

Map: Mountain High Maps® Copyright © 1997 Digital Wisdom, Inc.

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ကာ​မ်​နီ​နာ​စ်

ရို​မာ​နပ်စ် ၃ (လက်ဝဲ)

မိုက်ကယ် ၄

ဧကရာဇ်​ဘုရင်မ​ဇိုး​အီ

ရို​မာ​နပ်စ် ၁ (လက်ဝဲ)

[Credit Lines]

Comnenus, Romanus III, and Michael IV: Courtesy Classical Numismatic Group, Inc.; Empress Zoe: Hagia Sophia; Romanus I: Photo courtesy Harlan J. Berk, Ltd.

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ဖို​ရှ​ပ်စ်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ဟီ​ရာ​က​လီယက်စ်​နှင့်​သား

[Credit Lines]

Heraclius and son: Photo courtesy Harlan J. Berk, Ltd.; all design elements, pages 8-12: From the book L’Art Byzantin III Ravenne Et Pompose