မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေဒီလိပ်ပြာ​—အံ့သြဖွယ်ကောင်းတဲ့ ရှာဖွေတွေ့ရှိချက်

လေဒီလိပ်ပြာ​—အံ့သြဖွယ်ကောင်းတဲ့ ရှာဖွေတွေ့ရှိချက်

ဥရောပကလေ့လာသူတွေဟာ အရောင်အသွေးစုံလင်လှတဲ့ လေဒီလိပ်ပြာလေးတွေ (painted lady) ကို အရမ်းစိတ်ဝင်စားကြတယ်။ နွေရာသီအဆုံးပိုင်းမှာ ဒီလိပ်ပြာငယ်လေးတွေ ဘာဖြစ်သွားသလဲဆိုတာကိုလည်း သိချင်ခဲ့ကြတယ်။ ဒီလိပ်ပြာလေးတွေဟာ အေးခဲလှတဲ့ဆောင်းရာသီအစမှာ သေဆုံးပျောက်ကွယ်သွားသလား။ အံ့သြဖွယ်ကောင်းတဲ့ အချက်ကို လတ်တလော တွေ့ ရှိထားပါတယ်။ လေဒီလိပ်ပြာလေးတွေဟာ ဥရောပမြောက်ပိုင်းကနေ အာဖရိကတိုက်အထိ နှစ်စဉ် ရွှေ့ပြောင်းပျံသန်းသွားလာနေကြတယ်။

လေ့လာသူတွေဟာ ခေတ်မီရေဒါတွေနဲ့ ဥရောပတစ်လွှားက စေတနာ့ဝန်ထမ်းတွေရဲ့အကူအညီနဲ့ ပေါင်းစပ်လေ့လာခဲ့ကြတယ်။ ဒီလေ့လာမှုအရ နွေရာသီကုန်ဆုံးချိန်ရောက်တိုင်း သန်းနဲ့ချီတဲ့ လေဒီလိပ်ပြာလေးတွေဟာ အများအားဖြင့် အမြင့်ပေ ၁,၆၀၀ ကျော်ကနေ ပျံသန်းကြတယ်ဆိုတာကို သိရှိရတယ်။ ဒါကြောင့် သာမန်မျက်စိနဲ့ မြင်ရဖို့ခက်တယ်။ လိပ်ပြာလေးတွေဟာ ရှည်လျားတဲ့ အာဖရိကခရီးစဉ်ကို ပျမ်းမျှတစ်နာရီ ၂၈ မိုင်နှုန်းနဲ့ လေဟုန်စီးရင်း ပျံသန်းကြတယ်။ သူတို့ရဲ့ နှစ်စဉ် တစ်နေရာပြီးတစ်နေရာ ရွှေ့ပြောင်းပျံသန်းမှုက စုစုပေါင်းမိုင် ၉,၃၀၀ ကျော်ရှိပြီး အေးခဲတဲ့ အာတိတ်စက်ဝိုင်းနားကနေ ပူပြင်းတဲ့ အာဖရိက အနောက်ပိုင်းထိ ရှည်လျားတယ်။ ဒီပျံသန်းမှုခရီးစဉ်က အမေရိကန်မြောက်ပိုင်းက ဘုရင်လိပ်ပြာတွေရဲ့ ပျံသန်းမှုခရီးစဉ်ထက် နှစ်ဆနီးပါးရှိတယ်။ ဒီပျံသန်းမှုခရီးစဉ် အစအဆုံးကာလအတွင်းမှာ လေဒီလိပ်ပြာမျိုးဆက် ခြောက်ဆက်အထိပေါက်ပွားတယ်။

“လေဒီလိပ်ပြာလေးတွေက ဆက်ပျံသန်းကြတယ်၊ ဆက်လက်သားပေါက်တယ်၊ ဆက်လက်နေရာရွှေ့ပြောင်း ကြတယ်” လို့ အင်္ဂလန် ယောက်ခ်တက္ကသိုလ် ပါမောက္ခ ဂျန်ဟေးက ရှင်းပြတယ်။ နှစ်စဉ်နှစ်တိုင်း ဒီလိုလုပ်ဆောင်မှုတွေနဲ့ လိပ်ပြာတစ်အုပ်စုလုံးက ဥရောပ မြောက်ပိုင်းကနေ အာဖရိကကို အသွားအပြန် ရွှေ့ပြောင်းပျံသန်းနေကြပါတယ်။

“ဒီသေးငယ်တဲ့ သက်ရှိလေးရဲ့ အလေးချိန်က ၁ ဂရမ် လောက်တောင်မရှိဘူး။ ဦးနှောက်ကလည်း အပ်ထိပ်ဖျားလောက်ပဲရှိတယ်။ အတွေ့အကြုံရှိတဲ့ လိပ်ပြာတွေဆီက သင်ယူဖို့လည်း အခွင့်အရေးမရှိဘူး။ ဒါပေမဲ့ ကမ္ဘာ့တိုက်ကြီး တစ်ခုနဲ့တစ်ခုကြား ခက်ခဲရှည်လျားတဲ့ ခရီးဝေးကြီးကို ရွှေ့ပြောင်းပျံသန်းကြတယ်” လို့ လိပ်ပြာထိန်းသိမ်းစောင့်ရှောက်ရေး ကွင်းဆင်းမန်နေဂျာ ရစ်ချက်ဖောက်စ် ကဖော်ပြခဲ့တယ်။ ဒီလိပ်ပြာလေးတွေဟာ “သားပေါက်ဖွားဖို့အခွင့်အရေးမရှိဘဲနဲ့ အေးခဲလှတဲ့ ဗြိတိသျှဆောင်းတွင်းရာသီမှာ သေဆုံးတဲ့အထိ လေနှင်ရာပျံသန်းခဲ့ကြတယ်လို့ တစ်ချိန်တုန်းက လူတွေထင်မြင်ယူဆခဲ့ကြတယ်။” ဒါပေမဲ့ ဒီလေ့လာမှုတွေအရ “လေဒီလိပ်ပြာလေးတွေဟာ စည်းစနစ်တကျ ရွှေ့ပြောင်းပျံသန်းသွားလာသူတွေဖြစ်တယ်” လို့ ဖောက်စ်က ထပ်လောင်းပြောဆိုခဲ့ပါတယ်။