မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မတရားမှုဖြစ်စေတဲ့ အကြောင်းရင်းများ

မတရားမှုဖြစ်စေတဲ့ အကြောင်းရင်းများ

မတရားမှုဖြစ်စေတဲ့ အကြောင်းရင်းများ

လွန်ခဲ့တဲ့ အနှစ်,နှစ်ထောင်လောက်နီးပါးကတည်းက သမ္မာကျမ်းစာမှာ ယနေ့လူတွေရဲ့ အကျင့်စရိုက်နဲ့ပတ်သက်ပြီး အံ့သြဖွယ်ကောင်းလောက်အောင် အတိအကျ ဒီလို ကြိုပြောခဲ့တယ်– “နောက်ဆုံးသောနေ့ရက်များသည် ခက်ခဲကျပ်တည်းသောကာလ ဖြစ်မည်ကို သိမှတ်လော့။ အကြောင်းမူကား လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊ ငွေကိုတပ်မက်သူ၊ . . . ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ မိသားစုချစ်ခင်စုံမက်ခြင်းမရှိသူ၊ ဖီလာဆန့်ကျင်တတ်သူ၊ . . . ကောင်းမြတ်ခြင်းကို မနှစ်သက်သူ၊ သစ္စာဖောက်သူ၊ ခေါင်းမာသူ၊ မာနထောင်လွှားသူ၊ ဘုရားသခင်ကို ချစ်သည်ထက် အပျော်အပါးကို သာ၍နှစ်သက်သူ . . . ဖြစ်ကြလိမ့်မည်။”—၂ တိမောသေ ၃:၁-၄

ဖော်ပြထားတဲ့ ဉာဉ်ဆိုးတွေက ကျွန်ုပ်တို့ခေတ်မှာ ပိုပိုပြီးများလာတယ်ဆိုတာ လူအများစု သဘောတူကြပါလိမ့်မယ်။ အဲဒီဉာဉ်ဆိုးတွေက လောဘကြီးခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ စိတ်သဘောထား ရိုင်းစိုင်းခြင်း၊ အကျင့်ပျက်ခြစားခြင်းနဲ့ ငွေကြေးမှာ အလွန်အမင်းမမျှတခြင်း အပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ ပေါ်လွင်လာတယ်။ အဲဒါတွေကို တစ်ခုချင်း သုံးသပ်ကြည့်ကြရအောင်။

လောဘကြီးခြင်း။ “လောဘရှိတာက အကျိုးရှိတယ်၊” “လောဘရှိတာက ကောင်းတယ်” ဆိုတဲ့စကားတွေကို တချို့သူတွေ ပြောလေ့ရှိတယ်။ ဒါပေမဲ့ ဒါတွေဟာ လိမ်ညာမှုပါ။ လောဘက ထိခိုက်နာကျင်စေတယ်။ ဥပမာ၊ စာရင်းလိမ်လည်မှုတွေ၊ လိမ်ညာထားတဲ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွေ၊ မဆင်မခြင် ငွေချေးပေးတာ၊ ချေးယူတာတွေရဲ့ အရင်းခံက လောဘပဲ။ ရလဒ်အနေနဲ့ ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ပြီး လူများစွာ ထိခိုက်နာကျင်ခဲ့ကြတယ်။ သားကောင်ဖြစ်သွားသူတချို့ဟာ ကိုယ်ကိုယ်တိုင် လောဘကြီးခဲ့လို့ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ရိုးသားပြီး အလုပ်ကြိုးစားတဲ့သူတွေလည်း ပါတယ်။ သူတို့ထဲကတချို့ဆိုရင် အိမ်တွေ၊ ပင်စင်လစာတွေပါ ဆုံးရှုံးခဲ့ရတယ်။

ခွဲခြားဆက်ဆံခြင်း။ ခွဲခြားဆက်ဆံတတ်သူတွေဟာ တခြားသူတွေကို မမျှမတ စီရင်တတ်ကြတယ်။ လူမျိုး၊ အသားအရောင်၊ ကျား/မ၊ လူနေမှုအဆင့်အတန်း ဒါမှမဟုတ် ဘာသာရေးကြောင့် တစ်ဖက်သားကိုနှိမ်ပြီး ဆက်ဆံတာတွေတောင် ရှိတယ်။ ဥပမာ၊ တောင်အမေရိကနိုင်ငံတစ်နိုင်ငံရှိ ဆေးရုံတစ်ခုက လူမျိုး၊ လူနေမှုအဆင့်အတန်းနဲ့ ငွေကြေးပေါ်အခြေခံပြီး ခွဲခြားဆက်ဆံခဲ့တာကြောင့် ကိုယ်ဝန်သည်အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂကော်မတီတစ်ခုက တွေ့ရှိခဲ့တယ်။ ခွဲခြားဆက်ဆံမှုကနေ မျိုးဖြုတ်သတ်ဖြတ်မှုတွေအထိ ဆိုးဆိုးရွားရွား ဖြစ်စေနိုင်တယ်။

စိတ်သဘောထား ရိုင်းစိုင်းခြင်း။ စာအုပ်တစ်အုပ် (Handbook of Antisocial Behavior) ရဲ့ အကျဉ်းချုပ် ဖော်ပြချက်ထဲမှာ ဒီလိုဖော်ပြထားတယ်– “ရိုင်းစိုင်းတဲ့အပြုအမူတွေကြောင့် နှစ်စဉ်နှစ်တိုင်း မိသားစုပေါင်းမြောက်မြားစွာ ပြိုကွဲခဲ့တယ်၊ အသက်ပေါင်းများစွာ သေဆုံးခဲ့တယ်၊ ပစ္စည်းဥစ္စာပေါင်း ဒေါ်လာသန်းနဲ့ချီ ပျက်စီးခဲ့တယ်။ ကျွန်ုပ်တို့ရဲ့ လူ့အဖွဲ့အစည်းမှာ အကြမ်းဖက်မှုနဲ့ ရန်လိုမှုတွေ လွှမ်းမိုးနေတာကြောင့် နောက်ပိုင်းပေါ်လာမယ့်သမိုင်းပညာရှင်တွေက ကျွန်ုပ်တို့ရဲ့ ဒီနှစ်ဆယ်ရာစုနှောင်းပိုင်းခေတ်ကို ဘယ်လိုနာမည်ပေးကြမလဲဆိုတာ မှန်းဆရခက်တယ်။ ‘အာကာသခေတ်၊’ ‘နည်းပညာခေတ်’ ဆိုတဲ့နာမည်တွေထက် လူ့အဖွဲ့အစည်းမှာ အချင်းချင်းတိုက်ခိုက်နေကြတဲ့ ‘ရိုင်းစိုင်းတဲ့ခေတ်’ ဆိုတဲ့ နာမည်ပေးဖို့ ပိုများတယ်။” အဲဒီစာအုပ်ကို ထုတ်ဝေခဲ့တဲ့ ၁၉၉၇ ခုနှစ်ကနေ အခုအချိန်အထိ လူအများရဲ့ စိတ်သဘောထားနဲ့ အပြုအမူဘက်မှာ တိုးတက်မှု မရှိခဲ့ဘူး။

အကျင့်ပျက် ခြစားမှု။ ပြည်နယ်တစ်ခုရဲ့ ကျန်းမာရေးဌာနကို ခုနစ်နှစ်အတွင်း ထောက်ပံ့ခဲ့တဲ့ငွေ ရန်း ၂၅.၂ ဘီလီယံ (အဲဒီအချိန်က ယူအက်စ်ဒေါ်လာ ၄ ဘီလီယံ) ရဲ့ ၈၁ ရာခိုင်နှုန်းကျော်ကို တလွဲသုံးခဲ့ကြတယ်ဆိုပြီး တောင်အာဖရိကနိုင်ငံရဲ့ အကျင့်ပျက်ခြစားမှုမှတ်တမ်းတစ်ခုမှာ ဖော်ပြထားတယ်။ ဒီငွေတွေကို “ဆေးရုံတွေ၊ ဆေးခန်းတွေနဲ့ ကျေးလက်ဆေးပေးခန်းတွေမှာ” မသုံးခဲ့ဘူးဆိုပြီး ဂျာနယ်တစ်စောင်က ဖော်ပြတယ်။—The Public Manager

ငွေကြေးမှာ အလွန်အမင်း မမျှတခြင်း။ တိုင်းမ် မဂ္ဂဇင်းရဲ့ မှတ်တမ်းတစ်ခုအရ ၂၀၀၅ ခုနှစ်မှာ ဗြိတိန်နိုင်ငံဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ အဲဒီနိုင်ငံရဲ့ “ငွေရှာသူ ၅ % ရဲ့လက်ထဲသာ ရောက်သွားတယ်။” အဲဒီအချိန်မှာ “အမေရိကန်နိုင်ငံဝင်ငွေရဲ့ ၃၃% ဟာ [အဲဒီနိုင်ငံရဲ့] ငွေရှာသူ ၅% ရဲ့လက်ထဲပဲ ရောက်သွားတယ်” ဆိုပြီး အဲဒီမဂ္ဂဇင်းက ဆက်ဆိုတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူပေါင်း ၁.၄ ဘီလီယံက တစ်နေ့ဝင်ငွေ ဒေါ်လာ ၁.၂၅ (ယူအက်စ်) ဒါမှမဟုတ် အဲဒီထက်နည်းတဲ့ဝင်ငွေနဲ့ ရပ်တည်နေကြရပြီး နေ့စဉ် ကလေးငယ်ပေါင်း ၂၅,၀၀၀ ဟာ ဆင်းရဲချို့တဲ့မှုကြောင့် သေဆုံးကြရတယ်။

တရားမမျှတမှုအတွက် ဖြေရှင်းနည်းရှိသလား

၁၉၉၀ ပြည့်နှစ်ရောက်ရင် ဘယ်ကလေးမှ ဆင်းရဲချို့တဲ့မှု မခံစားစေရဘူးလို့ ၁၉၈၇ ခုနှစ်မှာ အဲဒီအချိန်က ဩစတြေးလျဝန်ကြီးချုပ်က ပန်းတိုင်ချမှတ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီပန်းတိုင် ဖြစ်မလာခဲ့ဘူး။ နောက်ပိုင်း အဲဒီဝန်ကြီးချုပ်က အဲဒီပန်းတိုင်ချခဲ့လို့ နောင်တရခဲ့တယ်။

မှန်ပါတယ်၊ လူတစ်ဦးဟာ ဘယ်လောက်ပဲ ဩဇာအာဏာရှိရှိ၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ သူလဲ လူပဲဖြစ်တာကြောင့် မမျှတမှုတွေကို ပပျောက်သွားအောင် မလုပ်နိုင်ပါဘူး။ သူကိုယ်တိုင် မမျှတမှု၊ အသက်အရွယ်အိုမင်းမှုနဲ့ သေခြင်းကို ရင်ဆိုင်ရတယ်။ ဒီအမှန်တရားတွေက ဒီကျမ်းစကားတွေကို အမှတ်ရစေတယ်–

“လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်။”ယေရမိ ၁၀:၂၃

“မကယ်တင်နိုင်သောလူသားကို မကိုးစားကြနှင့်။”ဆာလံ ၁၄၆:၃

အဲဒီပညာရှိစကားတွေကို ကျွန်ုပ်တို့ လက်ခံမယ်ဆိုရင် လူ့ကြိုးစားအားထုတ်မှုတွေ မအောင်မြင်တဲ့အခါ စိတ်ပျက်မိမှာ မဟုတ်ဘူး။ ဒါဆိုရင် တရားမျှတမှုရှိဖို့ မမျှော်လင့်နိုင်တော့ဘူးလား။ မဟုတ်ပါဘူး။ နောက်ပိုင်းဆောင်းပါးတစ်ခုမှာ ကျွန်ုပ်တို့ တွေ့ရမယ့်အတိုင်းပါပဲ မကြာခင် ကမ္ဘာတစ်ဝန်းလုံးမှာ တရားမျှတလာပါလိမ့်မယ်။ ဒါပေမဲ့ လောလောဆယ်အချိန်အတွင်း ကျွန်ုပ်တို့ လုပ်နိုင်တာ ရှိပါတယ်။ ကျွန်ုပ်တို့ကိုယ်ကိုယ် ပြန်ဆန်းစစ်နိုင်တယ်။ သင့်ကိုယ်သင် ဒီလိုမေးပါ– ‘တခြားသူတွေကို ငါ ပိုပြီးမျှမျှတတဆက်ဆံနိုင်မလား။ မျှတမှုနဲ့ပတ်သက်လို့ ငါ ဘယ်နေရာမှာ တိုးတက်အောင်လုပ်နိုင်မလဲ။’ ဒီမေးခွန်းတွေကို ဆက်သုံးသပ်ကြည့်ကြစို့။

[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံများ]

က။ တရုတ်နိုင်ငံကရဲတွေဟာ လူမျိုးစုအကြမ်းဖက်မှုမှာ ပါဝင်သူတစ်ဦးကို ဖမ်းဆီးလာ

ခ။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ လုယက်ဖျက်ဆီးမှုတွေ ဖြစ်ပွား

ဂ။ ရဝမ်ဒါ ဒုက္ခသည်စခန်းရဲ့ ဆိုးရွားလှတဲ့အခြေအနေ

[Credit Lines]

Top left: © Adam Dean/​Panos Pictures; top center: © Matthew Aslett/​Demotix/​CORBIS; top right: © David Turnley/​CORBIS