မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင် ဂရုစိုက်ရဲ့လား

ဘုရားသခင် ဂရုစိုက်ရဲ့လား

နိုဝင်ဘာ ၁၊ ၁၇၅၅ ခုနှစ်ရဲ့ နံနက်ခင်းမှာ ပေါ်တူဂီနိုင်ငံ၊ လစ်စဘွန်မြို့မှာ မြေငလျင်လှုပ်ခဲ့တယ်။ အဲဒီနောက် ဖြစ်ပေါ်လာတဲ့ ဆူနာမီနဲ့ မီးလောင်ကျွမ်းမှုကြောင့် မြို့ရဲ့နေရာ အတော်များများ ပျက်စီးသွားပြီး လူထောင်နဲ့ချီ သေဆုံးခဲ့တယ်။

၂၀၁၀ ခုနှစ်၊ ဟေတီနိုင်ငံမှာ မြေငလျင်လှုပ်ပြီးတဲ့နောက် ကနေဒါနိုင်ငံထုတ် National Post သတင်းစာက ဒီလိုဖော်ပြတယ်– “ကြီးမားတဲ့ ဒီဖြစ်ရပ်ဆိုးတွေက တန်ခိုးကြီးရှင်အပေါ် ထားတဲ့ လူတွေရဲ့ ယုံကြည်ချက်ကို စမ်းသပ်တာဖြစ်တယ်။ ဒါပေမဲ့ ဒီခေတ်သစ် လစ်စဘွန်ငလျင်လို တချို့ဖြစ်ရပ်ဆိုးတွေရဲ့ ယုံကြည်ခြင်း စမ်းသပ်ချက်ဟာ ပိုပြီး ပြင်းထန်တယ်။” သတင်းစာက ဒီလိုနိဂုံးချုပ်လိုက်တယ်– “ဘုရားသခင်က ဟေတီနိုင်ငံကို စွန့်ပစ်လိုက်တာ ဖြစ်နိုင်တယ်။”

‘တန်ခိုးအကြီးဆုံး’ ဘုရားသခင်ဖြစ်တဲ့ ယေဟောဝါမှာ ဆင်းရဲခက်ခဲမှုကို အဆုံးတိုင်စေနိုင်စွမ်းအပါအဝင် အကန့်အသတ်မဲ့တန်ခိုး ရှိတယ်။ (ဆာလံ ၉၁:၁) ဒါ့အပြင် ကိုယ်တော် ကျွန်တော်တို့ကို ဂရုစိုက်တယ်ဆိုတာ စိတ်ချနိုင်တယ်။ ဘာကြောင့် စိတ်ချနိုင်တာလဲ။

ဘုရားသခင်အကြောင်း ကျွန်တော်တို့ ဘာသိထားသလဲ

ဆင်းရဲခက်ခဲမှု ကြုံတွေ့ခံစားနေတဲ့လူတွေကို ဘုရားသခင် သနားစာနာတယ်။ အစ္စရေးလူတွေ အီဂျစ်ပြည်မှာ ကျွန်ဖြစ်နေကြပြီး သူတို့ကို ဖမ်းထားတဲ့သူတွေက မတော်မတရား ပြုမှုဆက်ဆံတဲ့အခါ မောရှေကို ဘုရားသခင် ဒီလိုပြောတယ်– “အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကို စေခိုင်းသော သခင်တို့ကြောင့် သူတို့မြည်တမ်းသော အသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏။” (ထွက်မြောက်ရာ ၃:၇) ဒီအချက်က ဘာကို ဖော်ပြသလဲ။ လူတွေ ကြုံတွေ့ခံစားနေတဲ့ ဆင်းရဲခက်ခဲမှုကို ဘုရားသခင် လျစ်လျူမရှုဘူးဆိုတာ ဖော်ပြတယ်။ အဲဒီအစား၊ နောက်ပိုင်းရာစုနှစ်တွေမှာ ပရောဖက်ဟေရှာယက အစ္စရေးလူတွေနဲ့ပတ်သက်ပြီး ဒီလိုရေးတယ်– “သူတို့ဒုက္ခရောက်တဲ့အချိန် တစ်လျှောက်လုံးမှာ ကိုယ်တော်လည်း စိတ်ဒုက္ခခံစားခဲ့ရတယ်။”—ဟေရှာယ ၆၃:၉ကဘ။

“အမှုတော်ခပ်သိမ်းတို့သည် . . . တရားမျှတပေ၏။” (တရားဟောရာ ၃၂:၄ခမ) ဘုရားသခင်က တရားမျှတပြီး လုပ်ဆောင်လေသမျှမှာ မျက်နှာမလိုက်ဘူး။ ကိုယ်တော်က “မိမိသန့်ရှင်း [သစ္စာစောင့်သိသူ၊ ကဘ] . . . သူတို့၏လမ်းခရီးကို လုံခြုံစေ” ပြီး ဖြောင့်မတ်သူတွေကို “ဆင်းရဲဒုက္ခရောက်စေသောသူတို့အား ဆင်းရဲဒုက္ခဆပ်ပေး” မယ်။ (သု. ၂:၈; ၂ သက်သာလောနိတ် ၁:၆၊ ၇) ဘုရားသခင်က “မင်းစိုးရာဇာတို့၏မျက်နှာကို ထောက်တော်မမူပါ။ ချမ်းသာသူတို့အား ဆင်းရဲသူများထက် ပို၍မျက်နှာသာ ပေးတော်မမူပါ။” (ယောဘ ၃၄:၁၉ခမ) ဒါ့အပြင် လူသားတွေခံစားနေတဲ့ ဆင်းရဲခက်ခဲမှုအတွက် အကောင်းဆုံးကုသနည်းကို ဘုရားသခင် သိတယ်။ ဒါပေမဲ့ လူသားတွေရဲ့ ဖြေရှင်းနည်းတွေကျတော့ သေနတ်ဒဏ်ရာမှာ အနာကပ်ပလာစတာ ကပ်ပေးတာနဲ့ တူတယ်။ အနာကပ်ပလာစတာက အနာကို ဖုံးအုပ်ထားပေမယ့် အထဲကအနာကိုတော့ မပျောက်စေနိုင်ဘူး၊ ဒဏ်ရာရသူခံစားနေတဲ့ နာကျင်မှုကိုတောင် မသက်သာစေဘူး။

သွေးထွက်နေတဲ့ သေနတ်ဒဏ်ရာကို ကုသဖို့ ဆရာဝန်တစ်ဦးက အနာကပ် ပလာစတာလောက်ပဲ သုံးပါ့မလား

ဘုရားသခင်ဟာ သနားကြင်နာခြင်း၊ ကျေးဇူးပြုခြင်း၊ ချစ်ခင်ကြင်နာခြင်းနဲ့ ပြည့်စုံတဲ့ ဘုရားသခင် ဖြစ်တယ်။ (ထွက်မြောက်ရာ ၃၄:၆) ကျမ်းစာမှာ အသုံးပြုတဲ့ “သနားကြင်နာခြင်း” ဆိုတဲ့စကားလုံးက အခြားသူတစ်ယောက်ကို ကူညီဖို့ လှုံ့ဆော်ပေးတဲ့ ထောက်ထားစာနာမှုကို ဖော်ပြတယ်။ “ကျေးဇူးပြုခြင်း” လို့ပြန်ဆိုထားတဲ့ ဟေဗြဲမူရင်းစကားလုံးကို “လိုအပ်နေသူတစ်ယောက်ကို စေတနာစိတ်နဲ့ ပေးတယ်” လို့အဓိပ္ပာယ်ဖွင့်ဆိုထားတယ်။ Theological Dictionary of the Old Testament အရ၊ “ချစ်ခင်ကြင်နာခြင်း” လို့ပြန်ဆိုထားတဲ့ စကားလုံးမှာ “အခွင့်မသာတဲ့သူ ဒါမှမဟုတ် စိတ်သောကရောက်နေသူအတွက် ကြားဝင်ဆောင်ရွက်ပေးမှု” ဆိုတဲ့အဓိပ္ပာယ်လည်း ပါဝင်တယ်။ ဒါကြောင့် လူတွေဆင်းရဲခက်ခဲမှု ခံစားနေတာတွေကို မြင်တဲ့အခါ ယေဟောဝါဘုရားသခင်ဟာ ဝမ်းနည်းရုံလောက်သာ မဟုတ်ဘူး၊ သူ့ရဲ့သနားကြင်နာခြင်း၊ ကျေးဇူးပြုခြင်းနဲ့ ချစ်ခင်ကြင်နာခြင်းဆိုတဲ့ အရည်အသွေးတွေကြောင့် အကူအညီပေးဖို့ လှုံ့ဆော်ခံရတယ်။ ဒါကြောင့် ဆင်းရဲခက်ခဲမှုကို ကိုယ်တော်အဆုံးတိုင်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချနိုင်တယ်။

ရှေ့ဆောင်းပါးက ဒီနေ့ လူ့ဆင်းရဲခက်ခဲမှုတွေကို ပိုတိုးများစေတဲ့အချက် သုံးခုကို ဖော်ပြခဲ့ပြီး တစ်ခုကိုမှ ဘုရားသခင်ဖြစ်စေတာ မဖြစ်နိုင်ဘူး။ ဆင်းရဲခက်ခဲမှုဖြစ်ရတဲ့ အကြောင်းရင်းမှန်တွေကို အခု သုံးသပ်ကြည့်ရအောင်။

မိမိကိုယ်တိုင်ရဲ့ရွေးချယ်မှု

အစမှာတော့ အာဒံကို ဘုရားသခင် အုပ်ချုပ်ခဲ့တယ်။ ဒါပေမဲ့ ရွေးစရာရှိလာတဲ့အခါ အာဒံက ဘုရားသခင်ရဲ့ အုပ်ချုပ်မှုကို ငြင်းပယ်ခဲ့ပြီး ဘုရားသခင်နဲ့ ကင်းကွာသွားရင် ဘယ်လိုများဖြစ်မလဲလို့ စမ်းကြည့်ခဲ့တယ်။ “ဧကန်အမှန်သေရမည်” ဆိုတဲ့ ကမ္ဘာဦး ၂:၁၇ မှာ မှတ်တမ်းတင်ထားတဲ့ ယေဟောဝါရဲ့ သတိပေးချက်ကို လျစ်လျူရှုခဲ့တယ်။ ဘုရားသခင်ရဲ့ ကောင်းမွန်လှတဲ့ အုပ်ချုပ်မှုကို လက်အောက်မခံတဲ့အတွက် အပြစ်နဲ့ မစုံလင်မှု ဖြစ်ပေါ်လာခဲ့တယ်။ “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏” လို့ကျမ်းစာက ရှင်းပြတယ်။ (ရောမ ၅:၁၂) ဒါပေမဲ့ အပြစ်ရဲ့အကျိုးဆက်တွေကို ဘုရားသခင် ဖယ်ရှားပါလိမ့်မယ်။

ကြိုမသိနိုင်တဲ့ဖြစ်ရပ်များ

ဘုရားသခင့်လမ်းညွှန်ချက်ဟာ လူတွေလုံခြုံမှုရနိုင်ဖို့ အလွန်လိုအပ်တဲ့အရာ ဖြစ်တယ်၊ ဒါပေမဲ့ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ပထမလူသားဖြစ်တဲ့ အာဒံဟာ ကိုယ်တော့်လမ်းညွှန်မှုကို ငြင်းပယ်ခဲ့တယ်။ သူ့ဆုံးဖြတ်ချက်ကို ကျွမ်းကျင်ပြီး အတွေ့အကြုံရှိ ဆရာဝန်တစ်ဦးရဲ့ ဂရုစိုက်မှုကို ငြင်းပယ်တဲ့ လူနာတစ်ဦးနဲ့ နှိုင်းယှဉ်နိုင်တယ်။ ဖြစ်လာနိုင်တဲ့အန္တရာယ်နဲ့ ထပ်တိုးလာနိုင်တဲ့ ရောဂါတွေကို ဆရာဝန်က လူနာကို သတိပေးပေမဲ့ လူနာက တမင်အရေးမစိုက်ဘူးဆိုရင် သူ့ရဲ့လျစ်လျူရှုမှုအတွက် သူဒုက္ခရောက်နိုင်တယ်။ အလားတူပဲ အဆောက်အဦတွေကို အရည်အသွေးမီမီ မဆောက်လုပ်ခြင်း၊ လေပြင်းမုန်တိုင်းနဲ့ မြေငလျင်လို သဘာဝအင်အားစုများဆိုင်ရာ သတိပေးချက်တွေကို လျစ်လျူရှုခြင်းအပါအဝင် ဒီကမ္ဘာမြေကြီးနဲ့ပတ်သက်ပြီး လူတွေရဲ့ စီမံခန့်ခွဲပုံ ညံ့ဖျင်းခြင်းက သဘာဝဘေးအန္တရာယ်တွေ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်လေ့ရှိတယ်။ ဒါပေမဲ့ ဘုရားသခင်က ဒီအခြေအနေတွေကို အချိန် အကန့်အသတ်မရှိ ဆက်ခွင့်ပြုမှာမဟုတ်ဘူး။

“ဤလောကကို အစိုးရသောမင်း”

စာတန်ပုန်ကန်ပြီးတဲ့နောက် ဒီလောကကို သူဆက်အုပ်ချုပ်ဖို့ ဘုရားသခင် ဘာကြောင့် ခွင့်ပြုတာလဲ။ စာအုပ်တစ်အုပ်အဆိုအရ “ဘယ်အစိုးရအဖွဲ့သစ်မဆို သူတို့ရဲ့ အစပိုင်းအုပ်ချုပ်ချိန် အတိုင်းအတာတစ်ခုအတွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ အရင်အစိုးရအဖွဲ့ကြောင့်လို့ အပြစ်တင်နိုင်တယ်။” ယေဟောဝါက “ဤလောကကို အစိုးရသောမင်း” ကို အချိန်မတန်ခင် ဖယ်ရှားပစ်လိုက်မယ်ဆိုရင် စာတန်က သူ့အနေနဲ့ အချိန်အလုံအလောက် မရလို့ပါဆိုပြီး အရင်အုပ်စိုးရှင် ဘုရားသခင်ကို ပြစ်တင်ပြောဆိုနိုင်တယ်။ (ယောဟန် ၁၂:၃၁) ဒါပေမဲ့ စာတန်ကို ဒီလောကအပေါ် အခွင့်အာဏာ အပြည့်အဝအသုံးပြုဖို့ အချိန်ပေးလိုက်ပြီ ဖြစ်တဲ့အတွက် သူဟာ အုပ်စိုးရှင် မဖြစ်ထိုက်ဘူးဆိုတာ သက်သေထူပြီးသား ဖြစ်တယ်။ ဒါပေမဲ့ ဆင်းရဲခက်ခဲမှုတွေ အဆုံးတိုင်တော့မယ်လို့ ကျွန်တော်တို့ ဘာကြောင့် စိတ်ချနိုင်တာလဲဆိုတဲ့ မေးခွန်းက ကျန်နေဆဲပဲ။