မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်စိတ်လှုံ့ဆော်မှုကို ပြင်းပြစေပါ

သင့်စိတ်လှုံ့ဆော်မှုကို ပြင်းပြစေပါ

သင့်စိတ်လှုံ့ဆော်မှုကို ပြင်းပြစေပါ

“ဆေးလိပ်ကို အောင်မြင်စွာဖြတ်နိုင်သူများ၏ အရေးအကြီးဆုံး အမှတ်လက္ခဏာတစ်ခုမှာ ဆေးလိပ်ဖြတ်ချိန်တစ်လျှောက် ခိုင်မာသည့်သန္နိဋ္ဌာန်တစ်ခုရှိခြင်းဖြစ်သည်။”—“ယခုဆေးလိပ်ဖြတ်ပါ!”

ရိုးရိုးလေးပြောရလျှင် ဆေးလိပ်ဖြတ်လိုပါက အနည်းဆုံး ပြင်းပြသည့်စိတ်လှုံ့ဆော်မှုရှိသင့်သည်။ သင့်စိတ်လှုံ့ဆော်မှုကို မည်သို့ပြင်းပြစေနိုင်သနည်း။ တစ်နည်းမှာ ဆေးလိပ်ဖြတ်လိုက်ပါက သင်မည်မျှပို၍ကောင်းလာမည်ကို စဉ်းစားခြင်းဖြစ်သည်။

ငွေစုဆောင်းမိလိမ့်မည်။ တစ်နေ့တစ်ဘူးသောက်သည့်အကျင့်သည် တစ်နှစ်လျှင် ငွေများစွာကုန်ကျနိုင်သည်။ “ဆေးလိပ်အတွက် ငွေဘယ်လောက်ဖြုန်းခဲ့သလဲဆိုတာ ကျွန်မ,မသိခဲ့ဘူး။”—ရာနူး၊ နီပေါလ်။

ပို၍ပျော်ရွှင်လာလိမ့်မည်။ “ကျွန်မဆေးလိပ်ဖြတ်လိုက်တဲ့အခါ ဘ၀သစ်စတင်လိုက်သလိုဖြစ်ပြီး ကောင်းသည်ထက်ကောင်းလာတယ်။” (ရီဂျင်နာ၊ တောင်အာဖရိက) လူတို့သည် ဆေးလိပ်ဖြတ်လိုက်သောအခါ သူတို့၏ရသာရုံနှင့် နံ့သာရုံတို့ သိသိသာသာတိုးတက်လာပြီး ပို၍အားအင်ပြည့်၀လာကာ ရုပ်အသွင်အပြင် ပို၍ကောင်းလာလေ့ရှိသည်။

သင့်ကျန်းမာရေး တိုးတက်လာပေမည်။ “ဆေးလိပ်ဖြတ်လိုက်ခြင်းသည် အသက်အရွယ်မျိုးစုံရှိ အမျိုးသား၊ အမျိုးသမီးများအတွက် ချက်ချင်းဆိုသလို ကျန်းမာရေးပိုကောင်းလာစေသည်။”—အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန။

သင့်ကိုယ်သင် ယုံကြည်စိတ်ချမှု မြှင့်တက်လာမည်။ “ဆေးလိပ်ကို ကျွန်တော့်ရဲ့သခင် မဖြစ်စေလိုတဲ့အတွက် ဆေးလိပ်ဖြတ်လိုက်တယ်။ ကျွန်တော့်ကိုယ်ခန္ဓာရဲ့သခင်ဟာ ကျွန်တော်ပဲဖြစ်ချင်တယ်။”—ဟန်နင်၊ ဒိန်းမတ်။

သင့်မိသားစုနှင့် မိတ်ဆွေများအား အကျိုးဖြစ်စေမည်။ “ဆေးလိပ်သောက်ခြင်းသည် . . . သင့်ဝန်းကျင်ရှိသူတို့၏ကျန်းမာရေးကို ထိခိုက်စေသည်။ . . . ထောင်ပေါင်းများစွာသောသူတို့ အဆုတ်ကင်ဆာနှင့် နှလုံးရောဂါတို့ဖြင့် နှစ်စဉ်သေဆုံးစေရသည့်အကြောင်းရင်းမှာ ဆေးလိပ်ငွေ့များကိုရှူမိခြင်းကြောင့်ဖြစ်ကြောင်း လေ့လာမှုများကဖော်ပြသည်။”—အမေရိကန် ကင်ဆာအသင်း။

သင့်ဖန်ဆင်းရှင်ကို ရွှင်လန်းစေမည်။ ‘ချစ်ရသောသူတို့၊ ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေသောအရာရှိသမျှတို့နှင့် ကိုယ်ကိုကင်းစင်စေကြစို့။’ (၂ ကောရိန္သု ၇:၁) ‘သန့်ရှင်းသော၊ ဘုရားသခင် လက်ခံဖွယ်သော မိမိတို့၏ကိုယ်ခန္ဓာကို ဆက်သကြလော့။’—ရောမ ၁၂:၁

“ကိုယ်ခန္ဓာကိုညစ်ညမ်းစေတဲ့အရာတွေကို ဘုရားသခင်မနှစ်သက်ကြောင်း ကျွန်မနားလည်လာတဲ့အခါ ဆေးလိပ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။”—စေးလ်ဗီယာ၊ စပိန်။

သို့သော် စိတ်လှုံ့ဆော်မှုတစ်ခုတည်းဖြင့် မလုံလောက်ပါ။ ကျွန်ုပ်တို့သည် မိသားစုနှင့် မိတ်ဆွေများအပါအဝင် အခြားသူများ၏အကူအညီကိုလည်း လိုအပ်ပေမည်။ သူတို့ ဘာလုပ်ပေးနိုင်သနည်း။