မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သေခြင်း—ယင်းသည် အမှန်ပင် ဘဝနိဂုံးလော

သေခြင်း—ယင်းသည် အမှန်ပင် ဘဝနိဂုံးလော

အသက် ၈၅ နှစ်အရွယ် အဖိုးအိုတစ်ဦးသည် ၁၉၈၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မိမိအား အသက်ဆက်ရှင်နေစေသည့် ကျောက်ကပ်သန့်စင်စက်ကို အသုံးမပြုတော့ဘဲ ဖြုတ်ပစ်လိုက်သည်။ သူအိမ်ပြန်ရောက်ပြီး နှစ်ပတ်အကြာတွင် အေးချမ်းစွာ သေဆုံးသွားခဲ့သည်၊ ၎င်း၏နံဘေးတွင် သားတစ်ဦးတည်းသာ ရှိ၏။

၎င်းတို့သားအဖနှစ်ဦးသည် ယခင်က ဆွေးနွေးခဲ့ဖူးသည့် သေပြီးနောက် အသက်ပြန်ရှင်နိုင်သလောဟူသည့် အကြောင်းအရာကို ယင်းနောက်ဆုံးအချိန်တွင် အတူတကွ ပြန်ပြောင်းဆင်ခြင်သုံးသပ်ခွင့် ရရှိခဲ့ကြသည်။ ပညာတတ်တစ်ဦးဖြစ်သူ ဖခင်သည် ဘာသာတရားကို သံသယရှိသူတစ်ဦး ဖြစ်၏။ သူသည် ဆင့်ကဲအယူဝါဒ၏ လွှမ်းမိုးမှုကို ခံခဲ့ရပြီး ဘာသာရေး အရေခြုံမှုကို အော့နှလုံးနာခဲ့သည်။ သူသည် မိမိကိုယ်ကို မသိဝါဒီတစ်ဦးဟုဆိုကာ ဘုရားသခင်ရှိသည်ကို မသိမြင်နိုင်ကြောင်း ယုံကြည်လက်ခံထားသည်။

နှစ်သိမ့်မှုနှင့် မျှော်လင့်ချက်ပေးလိုသော သားဖြစ်သူက ပြန်လည်အသက်ရှင်ခြင်းသည် အမှန်ပင် ဖြစ်နိုင်ကြောင်း ဖခင်အား သိမြင်စေခဲ့သည်။ ဖခင်ဖြစ်သူသည် သေအံ့ဆဲဆဲအချိန်တွင် အားအင်အသစ်၊ ကျန်းမာရေးအသစ်ဖြင့် တစ်ဖန်ပြန်အသက်ရှင်လိုကြောင်း ဝန်ခံခဲ့သည်။

သေခြင်းနှင့်ရင်ဆိုင်ရချိန်တွင် ခံစားရသော နှစ်သိမ့်မှု

ငြိမ်သက်မှု လွှမ်းမိုးသည့် ကမ္ဘာတစ်ခုတွင် ပြန်လည်ကျန်းမာသန်စွမ်းကာ အသက်ရှင်နိုင်သည်ဆိုလျှင် လူသားအားလုံးမဟုတ်သည့်တိုင် လူအတော်များများက အသက်ပြန်ရှင်လိုကြပေမည်။ လူသားများသည် ‘စဉ်းစားဉာဏ်မရှိသော သတ္တဝါများ’ ဟုသမ္မာကျမ်းစာတွင် ဖော်ပြထားသည့် တိရစ္ဆာန်များနှင့် မတူချေ။ (၂ ပေတရု ၂:၁၂သမ္မာ) ကျွန်ုပ်တို့သည် သေဆုံးသွားသူများကို မြှုပ်နှံသင်္ဂြိုဟ်ကြသည်။ ကျွန်ုပ်တို့သည် အနာဂတ်အကြောင်း တွေးတောကြသည်။ ကျွန်ုပ်တို့သည် အသက်မကြီးလို၊ မဖျားနာလို၊ မသေဆုံးလိုကြချေ။ သို့သော် ယင်းတို့ကို လူသားများ မလွဲမသွေ ကြုံတွေ့ခံစားနေရသည်။

ကျွန်ုပ်တို့ကိုယ်တိုင်၏ သေဆုံးခြင်း သို့မဟုတ် ကျွန်ုပ်တို့ချစ်မြတ်နိုးရသူတစ်ဦး၏ သေဆုံးခြင်းအကြောင်း စဉ်းစားသောအခါ ဝမ်းနည်းပက်လက်ဖြစ်ရသည်။ သို့သော် သမ္မာကျမ်းစာက ကျွန်ုပ်တို့အား သေခြင်းကို သတ္တိရှိရှိ ရင်ဆိုင်ရန် ဤသို့အားပေးထားသည်– “မသာအိမ်သို့သွားခြင်းသည် ပွဲခံရာအိမ်သို့သွားခြင်းထက် သာ၍ကောင်း၏။” ဤသို့လည်း ထပ်ဆင့်ဆိုပြန်သည်– “အသက်ရှင်လျက်ရှိသောသူတို့လည်း အသင့်နှလုံးသွင်းမိကြလိမ့်မည်။” (ဒေ. ၇:၂) ယင်းကိစ္စကို ကျွန်ုပ်တို့ အဘယ်ကြောင့် အလေးအနက် သုံးသပ်သင့်သနည်း။

အကြောင်းရင်းတစ်ခုမှာ ကျွန်ုပ်တို့တွင် မွေးရာပါ အသက်ရှင်လိုသည့်ဆန္ဒနှင့် အေးချမ်းလုံခြုံသော ဘဝအသက်တာကို နှစ်သက်ကြသောကြောင့် ဖြစ်၏။ ကျွန်ုပ်တို့ မည်သူကမျှ မသေဆုံးလိုကြချေ။ သေဆုံးကြရမည်ကို စဉ်းစားရန်မှာ ကျွန်ုပ်တို့အဖို့ အလွန်ခက်လှ၏။ အကြောင်းရင်းကို သမ္မာကျမ်းစာက ဤသို့ရှင်းပြသည်– ‘[ဘုရားသခင်သည်] လူ့စိတ်နှလုံးကို အဆုံးမဲ့ကာလ၌ စွဲလမ်းစေတော်မူပြီ။’ (ဒေ. ၃:၁၁) ကျွန်ုပ်တို့ အသက်ရှင်လို ကြပါသည်၊ မသေချင်ကြပါ။ ဤအချက်ကို စဉ်းစားကြည့်ပါ၊ ထာဝစဉ်အသက်ရှင်ခြင်းသည် ကျွန်ုပ်တို့အတွက် ဖန်ဆင်းရှင်၏ မူလရည်ရွယ်ချက် မဟုတ်လျှင် အဆိုပါ အသက်ရှင်လိုသည့်ဆန္ဒသည် ဤမျှပြင်းပြပါမည်လော။ အမြဲတမ်း ကျန်းမာပျော်ရွှင်နေသည့် နောက်အသက်တာတစ်မျိုးသည် ဖြစ်နိုင်ပါသလော။

ယုံကြည်ရသည့်အကြောင်းရင်း

လွန်ခဲ့သောနှစ်က အမေရိကန်အငြိမ်းစားပုဂ္ဂိုလ်များအသင်းမှ ထုတ်ဝေသည့် မဂ္ဂဇင်းတစ်စောင် (Aarp) တွင် “နောင်ဘဝ” ဟူသော ဆောင်းပါးကို ဖော်ပြထား၏။ အသက် ၅၀ ကျော်ရှိသည့် လူများစွာကို လူတွေ့မေးမြန်းခဲ့ရာ “လေးပုံသုံးပုံနီးပါး (၇၃ ရာခိုင်နှုန်း) က ‘နောင်ဘဝကို ကျွန်ုပ် ယုံကြည်သည်’ ဟူသော အဆိုကို သဘောတူ” ကြောင်း ဖော်ပြခဲ့သည်။ လေးပုံတစ်ပုံနီးပါးကမူ “ကျွန်ုပ်တို့ သေဆုံးသွားသောအခါ ဘဝနိဂုံးချုပ်ပြီ” ဟူသော အဆိုကို သဘောတူကြောင်း အဆိုပါ မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ သို့သော် ယင်းသည် လူတို့ အမှန်တကယ် ယုံကြည်လိုသောအရာ ဖြစ်သလော။

ယင်းဆောင်းပါးတွင် နယူးယောက်မြို့မှ တမ် အမည်ရှိ ကက်သလစ်ဘာသာဝင်တစ်ဦးက ဤသို့ ဖော်ပြဆိုခဲ့သည်– “သေပြီးနောက် ပြန်အသက်ရှင်နိုင်တယ်လို့ ဓမ္မဆရာတွေ ဟောပြောကြတယ်။ လူတွေဟာ အယူအဆအမျိုးမျိုးကို ဟောပြောနေကြတာပါပဲလား။ ဘယ်အရာကို ယုံကြည်ရမယ်ဆိုတာ ကိုယ့်ဘာသာကိုယ်ပဲ ရွေးချယ်ရမယ်။ ကျွန်တော် မားစ်ပွဲတော် တက်တယ်။ ကျွန်တော့်ရဲ့ဘဝပုံစံကိုကြည့်ပြီး လူတွေက သေပြီးနောက် ပြန်အသက်ရှင်နိုင်တယ်ဆိုတဲ့အယူကို ကျွန်တော် ယုံကြည်တယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ ကျွန်တော် မယုံကြည်ပါဘူး။ သေပြီးနောက် တကယ်ပြန်အသက်ရှင်နိုင်တယ်ဆိုရင်တော့ ကောင်းတာပေါ့။”

“သေခြင်းအဖြစ်မှန်ကို မရင်ဆိုင်နိုင်တဲ့သူတွေအတွက် ဘာသာတရားကို ယုံကြည်တာက ကောင်းတာပေါ့” ဟု မိမိ၏သားဖြစ်သူအား ဆိုလေ့ရှိသည့် ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သော ဖခင်ဖြစ်သူနှင့် တမ် တို့ကဲ့သို့ပင် လူများစွာတို့သည် ပြန်လည်အသက်ရှင်နိုင်ခြင်းကို သံသယဝင်ကြသည်။ သို့သော် တန်ခိုးအကြီးဆုံး ဖန်ဆင်းရှင်သည် အံ့ဖွယ်ဖြစ်စဉ်တချို့ကို ရှင်းပြပေးနိုင်သည်ဟူသော ယုံကြည်ချက်ကို တမ်နှင့် အခြားသံသယရှိသူများ အသိအမှတ်ပြုခဲ့ကြရသည်။

ဥပမာ၊ သန္ဓေတည်ပြီးနောက် သုံးပတ်မျှအကြာ၌ မိခင်၏ဝမ်းထဲရှိ သန္ဓေသားတွင် ဦးနှောက်ဆဲလ်များ စတင်ဖြစ်ပေါ်လာသည်။ တစ်ခါတလေ ယင်းဆဲလ်များသည် လျင်မြန်စွာ တိုးများလာပြီး တစ်မိနစ်လျှင် တစ်သန်း၏ လေးပုံတစ်ပုံအထိ ဖြစ်သည်။ ကိုးလကြာပြီးနောက် အံ့သြဖွယ်ကောင်းလောက်အောင် သင်ယူနိုင်စွမ်းရှိသော ဦးနှောက်ဖြင့် ကလေးတစ်ဦး မွေးဖွားလာသည်။ မော်လီကျူးဇီဝဗေဒပညာရှင် ဂျိမ်းစ် ဝဒ်စဲန်က လူ့ဦးနှောက်ကို “စကြဝဠာ၌ တွေ့ရှိသမျှတို့တွင် အရှုပ်ထွေးဆုံးအရာ” ဟုခေါ်ဆိုခဲ့၏။

ဤကဲ့သို့သော အံ့သြဖွယ်ရာများကို တွေးတောကြည့်သည့်အခါ လူအများစုမှာ အံ့ဩ၍မဆုံး ဖြစ်ရလေသည်။ အသင်ကော။ ဤအရာများကို သုံးသပ်ခြင်းက “လူသည် သေလျှင် အသက်ရှင်ဦးမည်လော” ဟူ၍ ရှေးအချိန်က လူတစ်ဦး မေးမြန်းခဲ့သည့် မေးခွန်းအတွက် အဖြေကိုတွေ့ရှိရန် သင့်အား ကူညီပေးခဲ့ပြီလော။ ထိုသူသည် ဘုရားသခင်အား ဤသို့ယုံကြည်စိတ်ချစွာ ဖြေဆိုခဲ့သည်– “အကျွန်ုပ်ကို ခေါ်တော်မူ၍ အကျွန်ုပ် ပြန်လျှောက်ပါမည်။ လက်တော်ဖြင့် ဖန်ဆင်းတော်မူရာကို တောင့်တတော်မူပါလိမ့်မည်။”—ယောဘ ၁၄:၁၄၊ ၁၅သမ္မာ။

သေပြီးနောက် ပြန်အသက်ရှင်နိုင်ကြောင်း ကျွန်ုပ်တို့အား ယုံကြည်စေသည့် အထောက်အထားကို အမှန်ပင် သုံးသပ်သင့်ပါသည်။