မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

၂၀၀၇ ခုနှစ်တွင် တရုတ်လူမျိုး ၄၇ သန်းခန့်သည် ဆယ်စုနှစ်အတွင်း အဆိုးဝါးဆုံး မိုးခေါင်မှုကြောင့် သောက်ရေပြတ်လပ်မှုဒဏ်ခံခဲ့ရသည်။ တစ်ချိန်တည်းတွင် ၄၂ သန်းမှာ တိုင်ဖွန်းမုန်တိုင်းဒဏ်ခံခဲ့ရပြီး သန်း ၁၈၀ မှာ ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရသည်။—ရှင်ဟွာသတင်းဌာန၊ တရုတ်ပြည်။

“၂၀၀၃ ခုနှစ်၌ ကမ္ဘာတစ်ဝန်းမှ ခန့်မှန်းခြေ ငါးပုံတစ်ပုံခန့်ရှိသော ကိုယ်ဝန်ဆောင်များသည် ကိုယ်ဝန်ဖျက်ချခဲ့ကြသည်။ ထိုအချိုးအစားသည် ဥရောပတွင် သုံးပုံတစ်ပုံနီးပါးဖြစ်သည်။ . . . ယခင်ဆိုဗီယက်ပြည်ထောင်စုရှိ နိုင်ငံများတွင် ၂၀၀၃ ခုနှစ်၌ ခန့်မှန်းခြေ ၄၅% ရှိသောကိုယ်ဝန်ဆောင်များသည် ကိုယ်ဝန်ဖျက်ချခဲ့ကြသည်။” —ဗြိတိသျှဆေးပညာဂျာနယ်၊ ဗြိတိန်။

ချာ့ခ်ျမှ အကြမ်းဖက်ဗီဒီယိုဂိမ်းများ

“ရာနှင့်ချီသော တရားဟောဆရာများနှင့် သင်းအုပ်ဆရာများသည် မိမိတို့၏အသင်းများတွင် လူငယ်များအား တက်ရောက်စေလို၍ သမားရိုးကျမဟုတ်သော စည်းရုံးရေးကိရိယာတစ်ခုဖြစ်သည့် “အလွန်လူကြိုက်များသော အကြမ်းဖက်ဗီဒီယိုဂိမ်း” ကိုအသုံးပြုနေသောကြောင့် ပြစ်တင်ဝေဖန်ခံခဲ့ရသည်” ဟု သတင်းစာတစ်စောင် (The New York Times) ကဆိုသည်။ အငြင်းပွားဖွယ်ဂိမ်းမှာ လူကြီးများအတွက်ရည်ရွယ်သည်။ ယင်းတွင် ကစားသူသည် စစ်သားနေရာတွင် ပါဝင်ရပြီး နည်းလမ်းမျိုးစုံသုံး၍ အခြားသူများအား သတ်ဖြတ်ရသည်။ ထိုကဲ့သို့ဝေဖန်မှုများရှိသော်ငြားလည်း ပရိုတက်စတင့်စည်းရုံးရေးသမားများနှင့် ဧဝံဂေလိအသင်းသား လူငယ်အဖွဲ့များသည် ဒါဇင်နှင့်ချီသော ဆယ်ကျော်သက်ကလေးများ မြင်ကွင်းကျယ်တီဗွီဖန်သားပြင်ရှေ့တွင်စုရုံး၍ ပစ်ခတ်ကစားနိုင်ရန် ၎င်းတို့၏ချာ့ခ်ျများတွင် ဂိမ်းစက်ခလုတ်ခုံများကို တပ်ဆင်ထားကြသည်။

ကလေးများ၏ ကိုယ်ရေးအချက်အလက်များ အခိုးခံနေရ

ကိုယ်ရေးအချက်အလက်သူခိုးများ၏ သားကောင်များဖြစ်လာနေသော ကလေးများ ပို၍များပြားလာနေသည်။ ယင်းသည် ကလေးများ၏ အနာဂတ်တွင်ငွေချေးခြင်းနှင့် မိသားစုဆက်ဆံရေးများကို ထိခိုက်စေနိုင်ဖွယ်ရှိကြောင်း သတင်းစာတစ်စောင် (The Wall Street Journal ) ကဆို၏။ ဤသို့သောရာဇဝတ်မှုများကို မိသားစုဝင်များက ကျူးလွန်လေ့ရှိပြီး ဆယ်စုနှစ်ချီသည်အထိ မသိမြင်နိုင်ချေ။ “လူအများသည် မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို အခြားသူတစ်ဦးက တရားမဝင်အသုံးပြုနေသည်ကို . . . အလုပ်လျှောက်ချိန်၊ ကားလိုင်စင် လျှောက်ချိန်၊ ကျောင်းသားချေးငွေထုတ်ယူချိန် သို့မဟုတ် ဘဏ်မှငွေချေးချိန်မတိုင်မီအထိ မသိရှိကြချေ” ဟုအဆိုပါသတင်းစာက ရှင်းပြသည်။ အချို့မှာ ခိုးယူခံရသူ၏အမည်တွင် အကြွေးများတက်လာသောအခါ အကြွေးပေးသည့်အေဂျင်စီမှ အကြွေးတောင်းစာများ ပေးပို့ပါက စောစောသိရသည်။

နျူကလီးယားထိပ်ဖူးများ “နေရာလွဲနေ”

ဩဂုတ် ၃၀၊ ၂၀၀၇ ခုနှစ်တွင် အမေရိကန်လေတပ်မှ ဘီ-၅၂ ဗုံးကြဲလေယာဉ်သည် “လေယာဉ်တောင်ပံတွင် မှားယွင်းစွာတပ်ဆင်ထားသော နျူကလီးယားခရုစ်ဒုံးကျည်ခြောက်ခုကို တင်ဆောင်ကာ အမေရိကန်နိုင်ငံပေါ်တွင် သုံးနာရီခွဲကြာ ပျံသန်းခဲ့သည်ဟု ဝါရှင်တန်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။ လေယာဉ်မှူးများကဖြစ်စေ၊ ထိပ်ဖူးတပ်ဆင်သည့် မြေပြင်မှအဖွဲ့ဝင်များကဖြစ်စေ မည်သူမျှ “၃၆ နာရီကြာသည်အထိ ယင်းအမှားကို သတိမပြုမိခဲ့ကြ” ဟု အဆိုပါသတင်းစာကဖော်ပြသည်။ “ထိပ်ဖူးများသည် သတ္တိကြွခြင်းမရှိချေ၊ ပြည်သူလူထုအတွက် အန္တရာယ်မရှိဟု လေတပ်အရာရှိများက ပြောကြားခဲ့သည်” ဟု သတင်းကဖော်ပြသည်။ သို့ဖြစ်သည်တိုင် သတင်းထုတ်ပြန်သူတစ်ဦးက “စိုးရိမ်ဖွယ်ရာပင်” ဟုပြောခဲ့သည်။

ညစ်ညမ်းမှုတိုင်းတာသည့် ခိုများ

မြို့၏ညစ်ညမ်းမှုကို တိုင်းတာရာတွင် ခိုများကို အသုံးပြု၍ရနိုင်ကြောင်း ဂျိုင်ပူးမြို့တွင် ခိုများအပေါ်ပြုလုပ်ခဲ့သည့် လေ့လာမှုများက ဖော်ပြသည်ဟု အိန္ဒိယမြောက်ပိုင်း၊ ရာဂျာစတန်တက္ကသိုလ်မှ သုတေသီများကဆိုသည်။ “ငှက်များနေထိုင်သည့်ဝန်းကျင်တွင် သတ္တုအမြောက်အမြားပါဝင်ပါက ယင်းတို့သည် ငှက်မွေးများထဲသို့ဝင်ကာ [ငှက်မွေးများ] ကျွတ်သွားသည့်နောက်ပိုင်းတွင်ပင် တည်ရှိနေသည်” ဟုနယူးဒေလီမှထုတ်ဝေသော မဂ္ဂဇင်းတစ်စောင်က (Gobar Times) ကဆိုသည်။ ပုံမှန်အားဖြင့် ခိုများသည် တစ်နေရာတည်းတွင်သာနေထိုင်ကြရာ ၎င်းတို့၏အမွေးတွင် ပါဝင်သော ကယ်မီယမ်၊ ခရိုမီယမ်၊ ကြေးနီနှင့် ခဲပါဝင်မှုပမာဏများကို စစ်ဆေးခြင်းဖြင့် ထိုဒေသ၏ညစ်ညမ်းမှုကို အတိအကျတိုင်းတာနိုင်သည်။