မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ရဲ့ အမှုဆောင်လုပ်ငန်းဟာ ဆီးနှင်းနဲ့ တူသလား

သင့်ရဲ့ အမှုဆောင်လုပ်ငန်းဟာ ဆီးနှင်းနဲ့ တူသလား

ကျွန်တော်တို့ရဲ့ အမှုဆောင်လုပ်ငန်းဟာ အရေးကြီးပြီး အဖိုးတန်လုပ်ငန်း ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့သွားဟောတဲ့သူတိုင်း အဲဒီအချက်ကို သဘောပေါက်တာ မဟုတ်ဘူး။ ကျမ်းစာသတင်းစကားကို စိတ်ဝင်စားသူတွေတောင် ကျွန်တော်တို့နဲ့ ကျမ်းစာလေ့လာဖို့ လိုတယ်လို့ ခံစားရတာ မဟုတ်ဘူး။

ဥပမာအနေနဲ့ ဂါဗန်အကြောင်း စဥ်းစားကြည့်ပါ။ သူဟာ အသင်းတော်အစည်းအဝေးတွေကို တက်ရောက်နေပေမဲ့ ကျမ်းစာသင်အံမှုကျတော့ လက်မခံချင်ဘူး။ “ကျွန်တော့်မှာ ကျမ်းစာအသိပညာ သိပ်မရှိတော့ အဲဒါကို သူများသိမှာစိုးတယ်။ လှည့်စားခံရမှာ၊ ကတိသစ္စာပြုရမှာကိုလည်း ကြောက်တယ်” လို့ သူ ပြောတယ်။ သင် ဘယ်လို ထင်သလဲ။ ဂါဗန်ကို ကူညီပေးဖို့ ဖြစ်နိုင်ပါ့မလား။ ကျမ်းစာသွန်သင်ချက်တွေက လူတစ်ယောက်အပေါ် ဘယ်လို ကောင်းကျိုးသက်ရောက်နိုင်တယ်ဆိုတာ စဥ်းစားကြည့်ပါ။ ‘ငါ့စကားတွေဟာ ဆီးနှင်းလို တဖွဲဖွဲကျလိမ့်မယ်။ မြက်ပင်ပေါ်ရွာချတဲ့ မိုးဖွဲလိုပဲ’ လို့ အစ္စရေးတွေကို ယေဟောဝါ ပြောတယ်။ (တရား. ၃၁:၁၉၊ ၃၀; ၃၂:၂ကဘ) ဆီးနှင်းအကြောင်း လေ့လာပြီး ကျွန်တော်တို့ရဲ့ အမှုဆောင်လုပ်ငန်းနဲ့ နှုိင်းယှဥ်ကြည့်ကြစို့။ ဒါမှ “လူအမျိုးမျိုး” ကို ထိထိရောက်ရောက် ကူညီပေးနိုင်မှာဖြစ်တယ်။—၁ တိ. ၂:၃၊ ၄

အမှုဆောင်လုပ်ငန်းက ဆီးနှင်းနဲ့ ဘယ်လို တူနိုင်သလဲ

ဆီးနှင်းက နူးညံ့တယ်။ လေထဲကရေငွ့ေတွေဟာ တဖြည်းဖြည်း ငွ့ေရည်ဖွဲ့ပြီး ဆီးနှင်း ဖြစ်လာတယ်။ ယေဟောဝါရဲ့စကားတွေက ဘယ်နည်းအားဖြင့် ‘ဆီးနှင်းလို တဖွဲဖွဲကျ’ သလဲ။ ယေဟောဝါက မိမိလူမျိုးကို ကြင်ကြင်နာနာ၊ နူးနူးညံ့ညံ့၊ စာနာမှုရှိရှိ ပြောဆိုတယ်။ တခြားသူတွေရဲ့ ယုံကြည်ချက်ကို လေးစားခြင်းအားဖြင့် ကိုယ်တော့်ကို ကျွန်တော်တို့ တုပနိုင်တယ်။ ကိုယ်တိုင်စဥ်းစားဆင်ခြင်ပြီး ကိုယ်တိုင်ဆုံးဖြတ်ချက်ချဖို့ လူတွေကို ကျွန်တော်တို့ အားပေးတယ်။ လူတွေကို အဲဒီလိုထည့်စဥ်းစားပေးတဲ့အခါ ကိုယ့်စကားကို ပိုနားထောင်လိုစိတ်ရှိမှာဖြစ်ပြီး အမှုဆောင်လုပ်ငန်းလည်း ပိုထိရောက်ပါလိမ့်မယ်။

ဆီးနှင်းက လန်းဆန်းစေတယ်။ လူတွေ အမှန်တရားသိလာအောင် ဘယ်လို အကောင်းဆုံးကူညီပေးရမယ်ဆိုတာ စဥ်းစားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အမှုဆောင်လုပ်ငန်းက တခြားသူတွေကို လန်းဆန်းစေပါလိမ့်မယ်။ ခရစ္စ ဆိုတဲ့ညီအစ်ကိုက အစောပိုင်းမှာဖော်ပြခဲ့တဲ့ ဂါဗန်ကို ကျမ်းစာသင်အံမှု ကမ်းလှမ်းပေမဲ့ အတင်းဖိအားမပေးဘူး။ အဲဒီအစား ကျမ်းစာဆွေးနွေးဖြစ်အောင် နည်းအမျိုးမျိုး ကြိုးစားကြည့်တယ်။ ကျမ်းစာတစ်အုပ်လုံးမှာ အဓိကအချက် တစ်ချက်ပဲရှိပြီး အဲဒါကို နားလည်မယ်ဆိုရင် အစည်းအဝေးမှာပြောတဲ့အကြောင်းတွေကို ပိုသဘောပေါက်လာလိမ့်မယ်လို့ ဂါဗန်ကို ခရစ္စပြောတယ်။ ကျမ်းစာမှန်တယ်ဆိုတာကို သူ ယုံကြည်စိတ်ချသွားတာဟာ ကျမ်းစာပရောဖက်ပြုချက်တွေကြောင့်ပဲဆိုပြီး ခရစ္စ ဆက်ပြောပြတယ်။ ဒီလိုနဲ့ ပရောဖက်ပြုချက်တွေ ဘယ်လို ပြည့်စုံခဲ့တယ်ဆိုတာ တော်တော်ဆွေးနွေးဖြစ်သွားတယ်။ အဲဒီလို အပြန်အလှန်စကားပြောရင်း ဂါဗန် စိတ်လန်းဆန်းမှု ခံစားရပြီး နောက်ဆုံး ကျမ်းစာသင်အံမှု လက်ခံခဲ့တယ်။

ဆီးနှင်းက အသက်အတွက် အရေးပါတယ်။ အစ္စရေးပြည်ရဲ့ နွေရာသီမှာ လအတော်ကြာကြာ မိုးမရွာဘူး။ ဆီးနှင်းကပေးတဲ့ အစိုဓာတ်ကို မရရှိတဲ့အခါ သစ်ပင်တွေ ခြောက်သွ့ေသေဆုံးရတယ်။ ကျွန်တော်တို့ခေတ်မှာလည်း ‘ယေဟောဝါဘုရား၏အမိန့်တော်ကို မကြားရသော မွတ်သိပ်ခြင်းဘေး ဖြစ်လိမ့်မည်’ လို့ ယေဟောဝါ ကြိုပြောထားတယ်။ (အာ. ၈:၁၁) ဘိသိက်ခံတွေဟာ “အခြားသိုး” တွေရဲ့ အကူအညီအားဖြင့် နိုင်ငံတော်သတင်းကောင်း ဟောပြောတဲ့အခါ ‘ယေဟောဝါဆီက ကျလာတဲ့ နှင်းလို’ ဖြစ်လိမ့်မယ်ဆိုပြီး ဘုရားကတိပေးထားတယ်။ (မိ. ၅:၇ကဘ; ယော. ၁၀:၁၆) အမှန်တရားငတ်မွတ်နေသူတွေ အသက်ရစေဖို့ ယေဟောဝါရဲ့ ပြင်ဆင်ပေးချက်ထဲမှာ ကျွန်တော်တို့ ဟောပြောတဲ့သတင်းလည်း အပါအဝင်ဖြစ်တယ်။ ဒီသတင်းတရားကို ကျွန်တော်တို့ တန်ဖိုးထားသလား။

ဆီးနှင်းဟာ ယေဟောဝါဆီကလာတဲ့ ကောင်းချီး ဖြစ်တယ်။ (တရား. ၃၃:၁၃) ကျွန်တော်တို့ရဲ့ အမှုဆောင်လုပ်ငန်းဟာ လက်ခံတုံ့ပြန်သူတွေအတွက် ကောင်းချီး ဖြစ်နိုင်တယ်။ အဲဒီလိုကောင်းချီးကို ဂါဗန် ရရှိခဲ့တယ်။ ကျမ်းစာလေ့လာတဲ့အခါ မေးခွန်းအားလုံးကို အဖြေရရှိခဲ့တယ်။ အမြန်တိုးတက်လာပြီး နှစ်ခြင်းခံလိုက်တယ်။ အခု ဇနီးဂျွိုက်စ်နဲ့အတူ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းမှာ အပြည့်အဝ ပါဝင်နေတယ်။

ယေဟောဝါသက်သေတွေဟာ မြေတစ်ပြင်လုံးကို နိုင်ငံတော်သတင်းကောင်းနဲ့ စိုစွတ်နေစေ

သင့်ရဲ့ အမှုဆောင်လုပ်ငန်းကို တန်ဖိုးထားပါ

ဟောပြောခြင်းလုပ်ငန်းကို ဆီးနှင်းနဲ့ နှုိင်းယှဥ်ထားတဲ့အတွက် ဒီလုပ်ငန်းမှာ တစ်ဦးစီရဲ့ ကြိုးစားအားထုတ်မှု တန်ဖိုးရှိတယ်ဆိုတာ နားလည်စေတယ်။ ဘယ်နည်းအားဖြင့်လဲ။ ဆီးနှင်းတစ်စက်ချင်းက ဘာမှမစွမ်းဆောင်နိုင်ပေမဲ့ ဆီးနှင်းစက် သန်းပေါင်းများစွာကတော့ မြေကို ရေငွ့ေနဲ့စိုစွတ်စေတယ်။ အဲဒီလိုပဲ အမှုဆောင်လုပ်ငန်းမှာ တစ်ဦးချင်းစီရဲ့ လုပ်ဆောင်နိုင်စွမ်းက မဖြစ်စလောက်ပဲလို့ ထင်ရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါသက်သေ သန်းပေါင်းများစွာရဲ့ စုပေါင်းလုပ်အားကြောင့် “လူမျိုးအပေါင်း” ကို ဟောပြောနိုင်တယ်။ (မ. ၂၄:၁၄) ကျွန်တော်တို့ရဲ့ အမှုဆောင်လုပ်ငန်းဟာ တခြားသူတွေအတွက် ယေဟောဝါဆီကလာတဲ့ ကောင်းချီး ဖြစ်မလား။ ဆီးနှင်းလို နူးညံ့တဲ့၊ လန်းဆန်းစေတဲ့၊ အသက်အတွက် အရေးပါတဲ့ သတင်းတရားဟာ တကယ်ပဲ ယေဟောဝါဆီကလာတဲ့ ကောင်းချီး ဖြစ်ပါလိမ့်မယ်။