မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာတစ်ခွင် ဟောပြောခြင်းနဲ့သွန်သင်ခြင်း

ဥရောပ

ဥရောပ
  • နိုင်ငံပေါင်း ၄၇

  • လူဦးရေ ၇၄၁,၃၁၁,၉၉၆

  • ကြေညာသူ ၁,၆၁၁,၀၃၆

  • ကျမ်းစာသင်အံမှု ၈၄၇,၃၄၃

နိုင်ငံတော်ခန်းမကိုလည်ပတ်ခဲ့တဲ့ ကျောင်းသားလေးတွေ

ဖင်လန်– နိုင်ငံတော်ခန်းမကိုလည်ပတ်တဲ့ လေးတန်းကျောင်းသားလေးတွေ

ဖင်လန်နိုင်ငံက လေးတန်းကျောင်းသူလေး အီနက်စ်ဟာ သူ့အတန်းမှာ ဘာသာရေးသင်ကြားချိန်အတွင်း ယေဟောဝါသက်သေတွေအကြောင်း ဆွေးနွေးမယ်ဆိုတာ သိလိုက်တယ်။ ဒါကြောင့် နိုင်ငံတော်ခန်းမကိုလည်ပတ်ဖို့ တစ်တန်းလုံးကို ဖိတ်ခေါ်လိုက်တဲ့အခါ ဆရာမနဲ့ ကျောင်းသားအားလုံးက သိပ်ကောင်းတဲ့အစီအစဉ်ပဲလို့ ပြောကြတယ်။

နောက်တစ်ပတ်မှာ ကျောင်းသား ၃၈ ယောက်ဟာ သုံးမိုင်လောက်ဝေးတဲ့ နိုင်ငံတော်ခန်းမကို စက်ဘီးစီးလာကြတယ်။ ဆရာမနှစ်ယောက်နဲ့ ကျောင်းအုပ်ဆရာကြီးလည်း ပါတယ်။ ခန်းမမှာ ညီအစ်ကိုနှစ်ယောက်နဲ့ညီအစ်မသုံးယောက်က သူတို့ကိုကြိုဆိုတယ်။ အဆာပြေစားနေတုန်း ကျောင်းသားတွေက “စည်းဝေးမှာ ဘာလုပ်ကြသလဲ၊” စာကြည့်တိုက်ရှိတဲ့နေရာကိုပြပြီး “အဲဒါ ဘာအခန်းလဲ၊” နှစ်ချုပ်ကျမ်းချက် မဿဲ ၆:၁၀ * ကိုကြည့်ပြီး “နံရံပေါ်မှာ ‘၆ အစား ၁၀’ လို့ ဘာလို့ရေးထားတာလဲ” ဆိုပြီး ခန်းမအကြောင်း၊ သက်သေခံတွေအကြောင်း စပ်စုကြတယ်။

ကျောင်းတွင်းအနိုင်ကျင့်မှုတားဆီးရေး ပရိုဂျက်တစ်ခုမှာ အဲဒီကျောင်းလည်းပါဝင်တာကြောင့် ညီအစ်ကိုတွေက jw.org ဝက်ဘ်ဆိုက်မှာပါတဲ့ အနိုင်ကျင့်သူကို လက်သီးမသုံးဘဲ ရင်ဆိုင်နည်း ကာတွန်းသရုပ်ဖော်ဗီဒီယိုကို ပြပေးတယ်။ ဝက်ဘ်ဆိုက်ထဲက တခြားအကြောင်းအရာတွေလည်း ပြပေးပြီး နိုင်ငံတော်သီချင်းတစ်ပုဒ် ဖွင့်ပြတယ်။ လည်ပတ်ချိန်က တစ်နာရီလောက်ကြာတယ်။

ကျောင်းအုပ်ဆရာကြီး၊ ဆရာမတွေနဲ့ ကလေးတွေအားလုံး ပျော်ကြတယ်။ ကျောင်းအုပ်ကြီးက ဝက်ဘ်ဆိုက်မှာပါတဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားတယ်။ ဘာသာရေးအကြောင်း သင်ကြားတဲ့အခါ အဲဒီအကြောင်းအရာတွေကို သုံးနိုင်လို့ပဲ။ တခြားအတန်းက ကလေးတွေလည်း နိုင်ငံတော်ခန်းမကို လာလည်လို့ရတယ်ဆိုတာသိရတော့ ကျောင်းအုပ်ကြီး ဝမ်းသာသွားတယ်။ ဒါနဲ့ နောက်တစ်ရက်မှာပဲ တခြားအတန်းရဲ့ဆရာမက သက်သေခံတွေကို ဆက်သွယ်ပြီး သူတို့ရော လာလည်လို့ရမလားလို့ မေးခဲ့တယ်။

အမှိုက်ပုံထဲမှာ ရတနာရှာတွေ့ခဲ့

ရိုမေးနီးယားနိုင်ငံမှာနေထိုင်တဲ့ ခရစ္စတီးနားဟာ ကျောင်းမနေခဲ့ရတော့ စာမတတ်ဘူး။ ဆင်းရဲလွန်းလို့ အမှိုက်ပုံကြီးမှာ ပလတ်စတစ်ဗူးတွေ၊ ခွက်တွေ လိုက်ကောက်ပြီး ၀မ်းစာအတွက် ရုန်းကန်နေရတယ်။ တစ်နေ့တော့ အမှိုက်ပုံထဲမှာ ကျမ်းစာ,စာပေတချို့ကို တွေ့လိုက်တယ်။ လူတွေရယ်မောပျော်ရွှင်နေတဲ့ ရုပ်ပုံတွေကိုမြင်တော့ ‘ဒီလိုလူတွေ တစ်နေရာရာမှာ ရှိကိုရှိရမယ်’ လို့တွေးမိတယ်။ စာပေထဲမှာ ဘာအကြောင်းတွေပါသလဲဆိုတာ သိချင်တာနဲ့ လူတစ်ယောက်ကို ဖတ်ပြခိုင်းတယ်။ ဘာသာရေးစာပေဖြစ်မှန်း သိသွားတဲ့အခါ ဘုရားတရားစာပေတွေကို အမှိုက်ပုံထဲ ဘာလို့ပစ်ထားတာလဲဆိုပြီး စိတ်မကောင်းဖြစ်သွားတယ်။ ဒါနဲ့ အမှိုက်ပုံထဲမှာ ကျန်နေသေးတဲ့ ဘရိုရှာ၊ ဝေစာနဲ့ မဂ္ဂဇင်းတွေကို ကောက်ယူလိုက်တယ်။ စာပေတချို့က အကောင်းအတိုင်းပဲ၊ တချို့ကတော့ တစ်စစီပြဲနေပြီ။ သူက စာပေတွေအကြောင်းပိုသိနိုင်ဖို့ စာဖတ်တတ်အောင် သင်ယူခဲ့တယ်။

နောက်ပိုင်းမှာ သက်သေခံတွေက သူနဲ့ဆက်သွယ်ပြီး သင်အံမှုစခဲ့တယ်။ တခြားသူတွေ တန်ဖိုးမထားတဲ့ စာပေတွေကိုသုံးပြီး ယေဟောဝါ သွေးဆောင်ခဲ့မှန်းသိရလို့ သူအရမ်းဝမ်းသာတယ်။ အသင်းတော်စည်းဝေးတွေတက်နေပြီး သိလာတဲ့အရာတွေကိုလည်း နှစ်သက်တယ်။ သူအပျော်ရွှင်ဆုံးကတော့ မဂ္ဂဇင်း၊ စာအုပ်နဲ့ ဘရိုရှာအသစ်တွေ ရနေတာပဲ။ အမှိုက်ပုံထဲမှာ ရှာနေစရာမလိုတော့ဘူး။ မှန်ပါတယ်၊ ခရစ္စတီးနားဟာ အမှိုက်ပုံထဲမှာ ရတနာရှာတွေ့ခဲ့တယ်။

“သစ်တောတွင်း” ကျမ်းစာသင်အံမှု

ဂျာမနီ– သစ်တောတွင်းကျမ်းစာသင်အံမှုကျင်းပနေတဲ့ မာဂရက်

ဂျာမနီနိုင်ငံက မာဂရက်ဟာ သူ့ခွေးနဲ့အတူ သစ်တောထဲမှာ မနက်တိုင်း လမ်းလျှောက်တယ်။ သူဒီလိုပြောပြတယ်– “လမ်းသွားလမ်းလာတွေနဲ့ စကားစမြည်ပြောဖို့ ကျွန်မကြိုးစားတယ်။ အေးအေးဆေးဆေးပြောလို့ရတယ်ဆိုရင် ကျမ်းစာဘက်ကို ဦးတည်လိုက်တယ်။”

တစ်နေ့တော့ သူ့လိုပဲ ခွေးလေးနဲ့လမ်းလျှောက်လာတဲ့ အသက် ၇၀ ကျော် အမျိုးသမီးတစ်ယောက်နဲ့ဆုံတယ်။ ဒါနဲ့ မာဂရက်က နှုတ်ဆက်လိုက်ပြီး နှစ်ယောက်သား စကားလက်ဆုံကျသွားပါလေရော။ အမျိုးသမီးက ဘုရားသခင်ဆီဆုတောင်းပြီး ကျမ်းစာလည်း နေ့တိုင်းဖတ်တယ်လို့ ပြောပြတယ်။ သူတို့နေ့တိုင်းဆုံပြီး ကျမ်းစာအကြောင်း ပြောဖြစ်ကြတယ်။ တစ်ရက်မှာတော့ သူက “ရှင် ကျမ်းစာအကြောင်း ဘာလို့ဒီလောက်အများကြီး သိတာလဲ” လို့မေးတယ်။ ဒါနဲ့ မာဂရက်က သူဟာ ယေဟောဝါသက်သေဖြစ်ကြောင်း ရှင်းပြတယ်။

သူ့ကို အိမ်တွင်းကျမ်းစာသင်အံမှု အကြိမ်ကြိမ်ကမ်းလှမ်းပေမဲ့ လက်မခံဘူး။ ကျမ်းစာအကြောင်းတော့ ဆက်ဆွေးနွေးဖြစ်တယ်။ လအတော်ကြာတော့ အိမ်တွင်းကျမ်းစာသင်အံမှု ထပ်ကမ်းလှမ်းကြည့်တယ်။ ဒီတစ်ခါတော့ သူနဲ့အတူနေတဲ့အမျိုးသားက ယေဟောဝါသက်သေတွေကို မကြိုက်လို့ ကျမ်းစာမလေ့လာရဲဘူးဆိုပြီး ရင်ဖွင့်တယ်။

နောက်တစ်နေ့မှာ မာဂရက် လမ်းလျှောက်ထွက်တဲ့အခါ ကျမ်းစာနဲ့သွန်သင်ရာစာအုပ် ယူသွားတယ်။ အမျိုးသမီးကိုတွေ့တာနဲ့ “ဒီတစ်ခါ ရှင့်ကို အိမ်တွင်းကျမ်းစာသင်အံမှုအစား ‘သစ်တောတွင်း’ ကျမ်းစာသင်အံမှုပဲ ကမ်းလှမ်းတော့မယ်” လို့အရဲစွန့်ပြီးပြောလိုက်တယ်။ သူမျက်ရည်ဝဲလာပြီး ၀မ်းသာအားရလက်ခံလိုက်တယ်။ ဒါနဲ့ တစ်ပတ်မှာ ခြောက်ရက် ကျမ်းစာလေ့လာကြတယ်။ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး မာဂရက်က တစ်ခါတလေ ထီးနဲ့၊ တစ်ခါတလေ လက်နှိပ်ဓာတ်မီးနဲ့ သင်အံမှုလုပ်တယ်။

ခေါင်းခါလိုက်လို့ နားလည်မှုလွဲသွား

ဘူလ်ဂေးရီးယားနိုင်ငံက ညီအစ်မဒယ်လ်ဖီန်ဟာ အီရီနာနဲ့ ကျမ်းစာလေ့လာတယ်။ အီရီနာက သင်ယူသိရှိရာတွေကို တန်ဖိုးထားပြီး စည်းဝေးပုံမှန်တက်တယ်။ ဒါပေမဲ့ သူ့ယောက်ျားက သက်သေခံတွေနဲ့ ဆက်သွယ်တာ မကြိုက်ဘူး။ ဒါကြောင့် ဆွီဒင်နိုင်ငံက ရွာလေးတစ်ရွာကို မိသားစုလိုက် ပြောင်းရွှေ့သွားတယ်။ ဒယ်လ်ဖီန်နဲ့လည်း အဆက်အသွယ်ပြတ်သွားတယ်။ နောက်ပိုင်းမှာ ရှေ့ဆောင်ညီအစ်မနှစ်ယောက်ဖြစ်တဲ့ အလက်စန်ဒြာနဲ့ရေဗက္ကာတို့က ဆွီဒင်စကားမပြောတတ်တဲ့ အီရီနာနဲ့တွေ့တယ်။ ညီအစ်မတွေက လူမျိုးအပေါင်းမှလူတို့အတွက် သတင်းကောင်းစာအုပ်ကိုသုံးပြီး ဘူလ်ဂေးရီးယားစကားနဲ့ရေးထားတဲ့ အကြောင်းအရာကို ဖတ်ခိုင်းတယ်။ စာအုပ်ထဲမှာပြောထားတာကို ထောက်ပြပြီး သူ့ဘာသာစကားနဲ့ စာပေတွေလိုချင်သလားလို့မေးတော့ အီရီနာက ချက်ချင်းခေါင်းခါပြတယ်။ ဒါနဲ့ ညီအစ်မတွေက သူစိတ်မဝင်စားဘူးနဲ့တူတယ်ဆိုပြီး ထွက်သွားကြတယ်။

နောက်ပိုင်းမှာ အလက်စန်ဒြာက ဘူလ်ဂေးရီးယားနိုင်ငံမှာအမှုဆောင်နေတဲ့ ဆွီဒင်ညီအစ်မလင်ဒါ အပတ်အနည်းငယ်ပြန်လာမယ်ဆိုတာ သတိရသွားတယ်။ မိခင်ဘာသာစကားနဲ့ သတင်းကောင်းကြားရရင်တော့ အီရီနာစိတ်ပြောင်းသွားနိုင်တယ်လို့ တွေးမိတယ်။ ဒါကြောင့် လင်ဒါရောက်လာတဲ့အခါ သူ့ဆီ သွားလည်ကြတယ်။ သူက ကျမ်းစာဆက်သင်နိုင်အောင်ကူညီပေးဖို့ ယေဟောဝါဆီ ညတိုင်းဆုတောင်းတယ်လို့ လင်ဒါကိုပြောပြတယ်။ သက်သေခံတွေနဲ့လမ်းမှာတွေ့ရင် ပြဖို့ဆိုပြီး အပြင်သွားတဲ့အခါတိုင်း ဘူလ်ဂေးရီးယားစကားနဲ့ သွန်သင်ရာစာအုပ်ကို ယူသွားလေ့ရှိတယ်။ ဒါပေမဲ့ တစ်ခါမှမတွေ့ခဲ့ဘူး။ အခုတော့ ဘူလ်ဂေးရီးယားစကားနဲ့စာပေတွေရလို့ သူသိပ်ပျော်နေပြီ။

အီရီနာဆီ ဦးဆုံးလည်ပတ်တုန်းက သူစိတ်ဝင်စားမှာမဟုတ်ဘူးလို့ ဘာကြောင့်ထင်သွားတာလဲဆိုပြီး လင်ဒါက အလက်စန်ဒြာကို မေးတယ်။ သူက ခေါင်းခါပြတာကိုးဆိုပြီး အလက်စန်ဒြာ ပြန်ပြောတယ်။ လင်ဒါက ပြုံးလိုက်ပြီး ဘူလ်ဂေးရီးယားလူမျိုးတွေဟာ သဘောတူရင် ခေါင်းခါပြီး သဘောမတူရင်တော့ ခေါင်းညိတ်တယ်လို့ ရှင်းပြတယ်။ အီရီနာလည်း ဒယ်လ်ဖီန်နဲ့အဆက်အသွယ်ပြန်ရသွားတယ်။ ဆွီဒင်စကားမတတ်မချင်း အင်တာနက်ဗီဒီယိုကိုသုံးပြီး သူနဲ့ ကျမ်းစာဆက်လေ့လာတယ်။

စံပြဖခင်

စပိန်နိုင်ငံမှာနေထိုင်တဲ့ ဟီမိုင်မာက အမှန်တရားထဲမှာ ကြီးပြင်းလာတယ်။ ဒါပေမဲ့ အသက်ခုနစ်နှစ်မှာ အမေက အဖေနဲ့ကွာရှင်းပြီး ယေဟောဝါသက်သေအဖြစ်ကနေ နုတ်ထွက်လိုက်တဲ့အခါ သူ့ဘဝ ကပြောင်းကပြန်ဖြစ်သွားတယ်။ အသက်ဆယ့်သုံးနှစ်ရောက်တော့ သူလည်း ယေဟောဝါသက်သေတွေနဲ့ မပူးပေါင်းတော့ဘူး။ ဘုရားရေးရာနဲ့ပတ်သက်ပြီး အဖေကူညီပေးတာကိုလည်း လက်မခံတော့ဘူး။

အရွယ်ရောက်လာတဲ့အခါ လူမှုရေး၊ နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ပြီး သာမန်လူတန်းစားတွေအတွက် “တရားမျှတမှု” ရရှိဖို့ ကြိုးစားခဲ့တယ်။ နောက်ပိုင်းမှာ အလုပ်လက်မဲ့ဖြစ်သွားတာကြောင့် သူ့အဖေဒိုမင်ဂိုက သူနဲ့အတူ ဆေးသုတ်တဲ့အလုပ် လာလုပ်ခိုင်းတယ်။

တစ်နေ့မှာ အလုပ်အတူလုပ်နေတုန်း အဖေက ကျမ်းစာသင်ချင်သလားလို့မေးတော့ သူငြင်းလိုက်ပေမဲ့ သင်ချင်တဲ့အခါကျရင် ပြောမယ်လို့ ပြန်ပြောတယ်။ ဒိုမင်ဂိုက ဆေးသုတ်ရင်း ကျမ်းစာနဲ့မဂ္ဂဇင်းအသံသွင်းခွေတွေ နားထောင်တယ်။ ဟီမိုင်မာကတော့ နားကြပ်နဲ့ ပေါ့ပ်သီချင်းတွေ နားထောင်ရတာပိုကြိုက်တယ်။

နောက်အိမ်ထောင်ပြုထားတဲ့ ဒိုမင်ဂိုဟာ ခရစ်ယာန်မောင်နှံများအတွက် ကျမ်းစာသင်တန်းတက်ဖို့ ၂၀၁၂၊ နိုဝင်ဘာလမှာ ဖိတ်ခေါ်ခံရတယ်။ အဖေက ကျမ်းစာကျောင်း နှစ်လတက်မယ်၊ အရာအားလုံးကိုစွန့်ပြီး ပို့တဲ့နေရာကို သွားမယ်ဆိုတာ ဟီမိုင်မာသိရတော့ စိတ်ထိမိသွားတယ်။ အဖေ့စိတ်နှလုံးထဲမှာ အမှန်တရား နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေမှန်း ဦးဆုံးအကြိမ်သဘောပေါက်သွားပြီး ဘာကြောင့်လဲဆိုတာ သိချင်လာတယ်။

ပေါ့ပ်သီချင်းတွေအစား အဖေ့ရဲ့အသံသွင်းခွေတွေကို နားထောင်လာတယ်။ မေးခွန်းတွေလည်းမေးတယ်။ တစ်နေ့ ဒိုမင်ဂိုက လှေကားပေါ်တက်ပြီး ဆေးသုတ်နေတုန်း ဟီမိုင်မာက “ကျမ်းစာသင်ချင်တဲ့အခါကျရင် ပြောမယ်လို့ အဖေ့ကိုပြောခဲ့တာ မှတ်မိသေးလား။ သမီး အခု ကျမ်းစာသင်ချင်တယ်” လို့ပြောလိုက်တယ်။

ဒိုမင်ဂိုလည်း သိပ်ဝမ်းသာသွားတယ်။ ၂၀၁၃၊ ဇန်နဝါရီလကစပြီး တစ်ပတ်နှစ်ကြိမ် ကျမ်းစာလေ့လာကြတယ်။ ဧပြီလမှာ သင်တန်းသွားတက်တဲ့အခါ အင်တာနက်ဗီဒီယိုနဲ့ ဆက်လေ့လာကြတယ်။ သင်တန်းဆင်းပွဲကို ဟီမိုင်မာ လာတက်ပြီး အစီအစဉ်ကို သိပ်သဘောကျသွားတယ်။ ၂၀၁၃၊ ဒီဇင်ဘာ ၁၄ ရက်မှာတော့ သူနှစ်ခြင်းခံခဲ့တယ်။

ဟီမိုင်မာ အခုလိုပြောပြတယ်– “ကျွန်မကို ယေဟောဝါ တော်တော်လေးစိတ်ရှည်တယ်။ ကိုယ်တော် လုံးဝလက်မလျှော့ခဲ့ဘူးဆိုတာ ကျွန်မသိတယ်။ လောကမှာမရခဲ့တဲ့ မိတ်ဆွေစစ်တွေလည်း ရလာတယ်။ ကမ္ဘာချီညီအစ်ကိုအသင်းအပင်းကြောင့် ယေဟောဝါရဲ့ကြီးမားတဲ့မေတ္တာကို ပိုနားလည်လာတယ်။”

လေးစားမှုရဲ့စွမ်းပကား

ရုရှားနိုင်ငံက ဗက်စ်ယယ်ယီဟာ သက်တမ်းကြာဗေသလအိမ်သားတစ်ဦးဖြစ်တယ်။ ၂၀၁၄၊ မတ်လ ၃၀ ရက်မှာ သူက ဌာနခွဲရုံးနားမှာ လက်တွန်းလှည်းနဲ့ လူထုရှေ့သက်သေခံနေတုန်း ရဲကားတစ်စီး ရောက်လာတယ်။ အိမ်နီးချင်းတချို့ကတိုင်လို့ ဆက်မဟောပါနဲ့ဆိုပြီး ရဲတစ်ယောက်က ယဉ်ယဉ်ကျေးကျေးပြောတယ်။ နောက်ရဲတစ်ယောက်က သူတို့ပြောနေတာကို ဗီဒီယိုရိုက်တယ်။ ဗက်စ်ယယ်ယီက သူ့မှာလုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ရဲတွေနဲ့ အချေအတင်ပြောမယ့်အစား သူတို့ကိုလေးစားတာ အကောင်းဆုံးပဲလို့ စဉ်းစားလိုက်တယ်။ အဲဒီအချိန်မှာ လမ်းသွားလမ်းလာတွေကလည်း ဘာများဆက်ဖြစ်မလဲဆိုပြီး ရပ်ကြည့်နေကြတယ်။ ဒါကြောင့် ရဲတွေပြောတဲ့အတိုင်း ဆက်မဟောတော့ဘူး။ နှစ်ရက်အကြာမှာတော့ သူက ရဲမှူးနဲ့ သွားတွေ့တယ်။ ရဲတွေဟာ ပြည်သူတွေအတွက် အရေးပါတဲ့လုပ်ငန်းတွေ လုပ်ဆောင်ပေးနေလို့၊ လွန်ခဲ့တဲ့နှစ်ရက်ကလည်း သူ့ကိုယဉ်ယဉ်ကျေးကျေးဆက်ဆံခဲ့လို့ ကျေးဇူးတင်တယ်ဆိုပြီး ရဲမှူးကိုပြောပြတယ်။ အဲဒီအခါ ရဲမှူးက သူ့လက်ထောက်ကိုကြည့်ပြီး “ငါ ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်တာ ၃၂ နှစ်ရှိပြီ။ ငါတို့လုပ်တဲ့အလုပ်ကို ကျေးဇူးတင်ကြောင်းပြောတာ တစ်ခါမှမကြားဖူးဘူး” လို့ပြောလိုက်တယ်။ စကားဆက်ပြောရင်းနဲ့ သူက ရဲမှူးကို လူထုရှေ့ဟောပြောခြင်းလုပ်ငန်းဟာ တရားဥပဒေနဲ့ကိုက်ညီကြောင်း ရှင်းပြတယ်။ ရဲမှူးက ခင်ဗျားမှာ လုပ်ပိုင်ခွင့်အပြည့်အဝရှိရဲ့သားနဲ့ ဆက်မဟောဖို့ ရဲတွေလာပြောတဲ့အခါ ဘာကြောင့်လက်ခံတာလဲလို့ မေးတယ်။ သူက “ရဲတွေကိုလေးစားလို့ပါ။ ကျွန်တော်က ရဲတွေကို ဥပဒေမသိဘူးဆိုပြီး စွပ်စွဲလိုက်ရင် သူများတွေအမြင်မှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ပါ” လို့ပြောတယ်။ ရဲမှူးနဲ့သူ့လက်ထောက်ဟာ စိတ်စွဲမှတ်သွားပြီး နောက်ဆိုရင် ဗက်စ်ယယ်ယီ လူထုရှေ့သက်သေခံတဲ့အခါ ဘာပြဿနာမှမဖြစ်စေရဘူးလို့ အာမခံခဲ့တယ်။

^ စာပိုဒ်၊ 2 ဖင်လန်နိုင်ငံမှာ (:) အမှတ်အသားကို အစားလက္ခဏာအဖြစ် သုံးကြတယ်။