မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒိုမီနီကန်သမ္မတနိုင်ငံ

အဖမ်းခံရမယ့်အန္တရာယ်

အဖမ်းခံရမယ့်အန္တရာယ်

“မြွေကဲ့သို့ပါးနပ်လျက် ချိုးငှက်ကဲ့သို့ အဆိပ်ကင်း”

ယေဟောဝါရဲ့သစ္စာရှိကျေးကျွန်တွေဟာ ပိတ်ပင်ထားချိန်အတွင်း ပုံဆောင်အစာမပြတ်ရရှိဖို့ အရေးကြီးတာမှန်ပေမဲ့ သူတို့အတွက် တကယ့်ကိုအန္တရာယ်များနေတဲ့အချိန်ပဲ။ အဲဒီနှစ်တွေအတွင်း ညီအစ်ကိုများစွာဟာ ဖမ်းဆီးခံရပြီး ထောင်ဒဏ်အသီးသီး ချမှတ်ခံရတယ်။

ညီအစ်မကွာနီးတာ ဘော်ဂီ ဒီလိုပြောပြတယ်– “၁၉၅၃ ခုနှစ်မှာ ကျွန်မ အမှန်တရားသိလာတယ်။ ယေဟောဝါသက်သေတစ်ယောက်ဖြစ်ရင် အဖမ်းခံရနိုင်မှန်း ကောင်းကောင်းသိထားတယ်။ ထင်တဲ့အတိုင်းပါပဲ။ ၁၉၅၈၊ နိုဝင်ဘာလမှာ ညီအစ်မအီနေဒါ ဆွာရက်ဆီ သွားလည်နေတုန်း လျှို့ဝှက်ရဲအဖွဲ့ရောက်လာပြီး စည်းဝေးလုပ်တယ်လို့ စွပ်စွဲတယ်။ ကျွန်မတို့ကို ထောင်ဒဏ်သုံးလချမှတ်ပြီး တစ်ယောက်ကို ယူအက်စ်ဒေါ်လာ ၁၀၀ နဲ့ညီမျှတဲ့ ပီဆို ၁၀၀ ဒဏ်ငွေဆောင်ခိုင်းတယ်။”

လျှို့ဝှက်ရဲတွေက ညီအစ်ကိုညီအစ်မတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို စုစည်းထားခဲ့တယ်။

အစိုးရက သက်သေခံတွေ စည်းဝေးမလုပ်နိုင်အောင် အစွမ်းကုန်ဟန့်တားပေမဲ့ ညီအစ်ကိုတွေကတော့ လက်မလျှော့ခဲ့ကြဘူး။ ဒါပေမဲ့ “မြွေကဲ့သို့ပါးနပ်လျက် ချိုးငှက်ကဲ့သို့ အဆိပ်ကင်း” ဖို့တော့လိုတယ်။ (မ. ၁၀:၁၆) ညီအစ်မအန်ဒရီယာ အမန်ဇာက “စည်းဝေးလာတဲ့အခါ အချိန်နည်းနည်းစီခြားပြီး လာရတယ်။ စည်းဝေးပြီးရင်လည်း တခြားသူတွေမရိပ်မိအောင် လူစုခွဲပြီးပြန်ရလို့ တော်တော်လေးမိုးချုပ်တယ်” လို့ပြောပြတယ်။

ခေရမီယပ်စ် ဂလပ်စ် မွေးတဲ့အချိန်မှာ သူ့အဖေလီယွန် ထောင်ကျနေတယ်။ သူက ၁၉၅၇ ခုနှစ်၊ အသက်ခုနစ်နှစ်မှာ ကြေညာသူဖြစ်လာတယ်။ သူ့အိမ်မှာလုပ်တဲ့ လျှို့ဝှက်စည်းဝေးတွေအကြောင်း မှတ်မိနေတုန်းပဲ။ စည်းဝေးတွေလုပ်တဲ့အခါ ထောက်လှမ်းရေးတွေ မရိပ်မိအောင် သိပ်သတိထားရတယ်။ ညီအစ်ကိုခေရမီယပ်စ် ဒီလိုပြောပြတယ်– “စည်းဝေးတက်ရောက်သူအားလုံးကို ကတ်ပြားအသေးလေးတွေ ပေးထားတယ်။ အဲဒီပေါ်မှာ သူတို့ထွက်ရမယ့်အလှည့်ကို ဖော်ပြထားတဲ့နံပါတ် ရေးထားတယ်။ စည်းဝေးပြီးသွားတဲ့အခါ အဖေက ကျွန်တော့်ကို တံခါးပေါက်မှာ စောင့်ခိုင်းတယ်။ ကျွန်တော်က ကတ်ပြားပေါ်ကနံပါတ်ကို စစ်ဆေးရပြီး နှစ်ယောက်စီထွက်သွားဖို့၊ တစ်လမ်းစီသွားဖို့ ညွှန်ကြားပေးရတယ်။”

ဒါ့အပြင် အဖမ်းခံရမယ့်အန္တရာယ်နည်းတဲ့အချိန်မှာ စည်းဝေးတွေလုပ်ဖို့ သတိရှိရှိစီစဉ်ကြတယ်။ ဥပမာ၊ ညီအစ်မမာဆေးသပ်စ် ဂါသီယာက သူ့ဦးလေး ပါဘလို ဂွန်ဇာလပ်ဇ်ဆီကနေ အမှန်တရားသိလာတယ်။ သူအသက် ခုနစ်နှစ်မှာပဲ အမေဆုံးသွားတယ်။ အဖေကလည်း ထောင်ထဲမှာ။ သူတို့မောင်နှမဆယ်ယောက်ခမျာ ကိုယ့်၀မ်းကိုယ်ကျောင်းခဲ့ရတယ်။ ၁၉၅၉ ခုနှစ်၊ အသက်ကိုးနှစ်အရွယ်မှာ မာဆေးသပ်စ် နှစ်ခြင်းခံခဲ့တယ်။ ထောက်လှမ်းရေးတွေမရိပ်မိအောင် ညီအစ်ကိုတွေက မနက် ၃ နာရီခွဲမှာ နှစ်ခြင်းဟောပြောချက်ပေးတယ်။ ညီအစ်ကိုတစ်ယောက်အိမ်မှာ ဟောပြောချက်ပေးပြီးနောက် မြို့ကိုဖြတ်ပြီးစီးဆင်းနေတဲ့ အိုစာမာမြစ်မှာ နှစ်ခြင်းပေးခဲ့တယ်။ “မနက် ၅ နာရီခွဲမှာ အိမ်ပြန်ရောက်တော့ အိမ်နီးချင်းတွေ အိပ်ရာနိုးစပဲရှိသေးတယ်” လို့ မာဆေးသပ်စ် ပြောပြတယ်။