မာတိကာဆီ ကျော်သွား

ကွီဘက်​လက်သင်္ကေတပြ ဘာသာပြန်​လုပ်ငန်း​က လိုအပ်ချက်​ကို ဖြည့်ဆည်း​ပေး

ကွီဘက်​လက်သင်္ကေတပြ ဘာသာပြန်​လုပ်ငန်း​က လိုအပ်ချက်​ကို ဖြည့်ဆည်း​ပေး

ကနေဒါ​အရှေ့ပိုင်း ပြင်သစ်​စကားပြော​ဒေသက နားမကြား အများစုက ကွီဘက်​လက်သင်္ကေတပြ​စကား (LSQ) သုံး​ကြတယ်။ * နားမကြား​ဦးရေ ၆,၀၀၀ လောက်​ပဲ ရှိတဲ့​အတွက် LSQ လို ဗီဒီယို​စာပေ အနည်းငယ်​ပဲ ရှိတယ်။ ဒါပေမဲ့ ကျမ်းစာကို နားလည်အောင် လူတွေကို ကူညီ​ပေးဖို့ ယေဟောဝါသက်သေတွေ​က အရည်အသွေး မြင့်မားတဲ့ LSQ ဗီဒီယို​စာပေ အခမဲ့ ရနိုင်အောင် မကြာသေးခင်က ကြိုးစား​အားထုတ်​ခဲ့​ကြတယ်။

ဒီ​ဘာသာပြန်​လုပ်ငန်း အလွန် ထူးခြား​ရတဲ့ အကြောင်းရင်းကို နားလည်ဖို့ မာ​ဆယ်​ရဲ့ အဖြစ်ကို သုံးသပ်​ကြည့်ပါ။ သူဟာ ကနေဒါ​ကွီဘက်​နယ်​မှာ မွေးတယ်။ နှစ်နှစ်​အကြာမှာ ဦးနှောက်အမြှေးရောင်​ရောဂါ ဖြစ်ပြီး အကြားအာရုံ ဆုံးရှုံး​သွားတယ်။ “အသက် ၉ နှစ်မှာ နားမကြား​ကျောင်း တက်ပြီး LSQ တတ်​ခဲ့တယ်။ အခြေခံ လက်သင်္ကေတပြ​စကား စာအုပ်​အနည်းငယ် ရှိပေမဲ့ လက်သင်္ကေတပြ ဗီဒီယို​စာပေတွေ မရှိဘူး” လို့ မာ​ဆယ်​က ပြောတယ်။

LSQ လို ဗီဒီယို​စာပေ ထုတ်ဝေ​ဖို့ ဘာကြောင့် အရေးကြီး​သလဲ။ မာ​ဆယ်​က ဒီလို​ဖြေပါ​တယ်– “နားမကြား​သူတွေ​အနေနဲ့ ဘာသာစကား အတားအဆီး​ကို ရုန်းကန်​နေမယ့်​အစား အပြည့်အဝ နားလည်တဲ့ ဘာသာစကားနဲ့ သတင်း​အချက်အလက်​တွေ ရချင်ကြတယ်။ LSQ ဗီဒီယို​စာပေတွေ မရှိရင် အပြော​ဘာသာစကား​တွေကို အားထား​နေရမှာ​မို့ လက်လွတ်​ဆုံးရှုံး​စရာတွေ သိပ်​များတယ်။”

မာ​ဆယ်​နဲ့ LSQ သုံးတဲ့ တခြား​နားမကြား​တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း​ပေးဖို့ ယေဟောဝါသက်သေတွေ​က ၂၀၀၅ ခုနှစ်မှာ ပထမဆုံး LSQ ဗီဒီယို​စာပေ​ကို ထုတ်ဝေ​ခဲ့တယ်။ မကြာသေး​ခင်​တုန်း​က ကွီဘက်​နယ်၊ မွန်​ထ​ရီ​ယယ်​မှာ ဘာသာပြန်​ရုံး​ကို တိုးချဲ့ခဲ့တယ်။ ရုံး​မှာ အချိန်ပြည့်​ဝန်ထမ်း ခုနစ်​ယောက်​နဲ့ အချိန်ပိုင်း​လုပ်သား တစ်ဒါဇင်​ကျော် ရှိတယ်။ ဘာသာပြန်​အဖွဲ့ သုံး​ဖွဲ့​နဲ့ LSQ ဗီဒီယိုတွေ ထုတ်ဝေ​ဖို့ ခေတ်မီ စတူဒီယို​နှစ်ခု သုံး​နေကြပါတယ်။

ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ဗီဒီယို​စာပေတွေကို LSQ အသိုင်းအဝိုင်း​က တန်ဖိုးထား​ကြပါတယ်။ နားမကြား အဖွဲ့အစည်း​တစ်ခုရဲ့ * လက်ထောက် ညွှန်ကြားရေးမှူး စတီဗင်​ဇ​တ်​က ဒီလို​ပြောပါ​တယ်– “သူတို့ရဲ့ စာပေတွေကို ကောင်းကောင်း လုပ်ထား​ကြတယ်။ လက်သင်္ကေတ​တွေ​က​လည်း တကယ် ရှင်း​တယ်။ မျက်နှာ​အမူအယာ​တွေ​လည်း လှတယ်။ ဗီဒီယို အစီအစဉ်မှာ ပါတဲ့​သူတွေ ကောင်းကောင်း ဝတ်ဆင်​ထား​ကြတာကို​လည်း ကျေးဇူး​တင်တယ်။”

ကမ္ဘာ​တစ်ဝန်း​က ယေဟောဝါသက်သေတွေရဲ့ ပတ်စဉ် အစည်းအဝေးတွေမှာ အသုံးပြုတဲ့ ကင်းမျှော်စင်ကို LSQ နဲ့​လည်း ရနိုင်​ပါပြီ။ * ကွီဘက်​မှာ ယေဟောဝါသက်သေတွေ၊ LSQ အသင်းတော်​နဲ့ အုပ်စု ခုနစ်ခု​မှာ တက်ရောက်​နေ​သူ ၂၂၀ ရှိပါတယ်။ ဒီ့အပြင် ယေဟောဝါသက်သေတွေ​က ကျမ်းစာ​အခြေပြု သီချင်းတွေ အပါအဝင် တခြား LSQ ဗီဒီယိုတွေကို အွန်လိုင်းမှာ ထုတ်ဝေ​နေကြပါတယ်။

အထက်မှာ ဖော်ပြတဲ့ မာ​ဆယ်​ဟာ LSQ ဗီဒီယို​စာပေ ပို​ရလာ​လို့ ကြည်နူး​ပီတိ ဖြစ်နေ​ပါတယ်။ ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ စာစောင်​တွေကို အထူး လေးမြတ်ပါ​တယ်။ “jw.org မှာ LSQ ဗီဒီယို အများကြီး မြင်ရတာ တကယ့် ကောင်းချီးပါပဲ။ ကိုယ့်​ဘာသာစကားနဲ့ အကြောင်းအရာတွေကို မြင်ရတော့ သိပ်​ပျော်​တာပေါ့” လို့ မာ​ဆယ် ပြောပါ​တယ်။

^ အပိုဒ်၊ 2 LSQ ဟာ အမေရိကန် လက်သင်္ကေတ​တွေကို အနည်းငယ် သုံး​ထားပေမဲ့ ထူးခြားတဲ့ လက်သင်္ကေတပြ​စကား ဖြစ်ပါတယ်။

^ အပိုဒ်၊ 6 ကွီဘက်​နယ်​ရှိ နားမကြားသူ​များ​အတွက် ပရဟိတ​အဖွဲ့အစည်း။

^ အပိုဒ်၊ 7 ကင်းမျှော်စင် လေ့လာရန် စာစောင်​ကို LSQ လို ၂၀၁၇ ဇန်နဝါရီ​လထုတ်​ကနေ စတင် ထုတ်ဝေ​ပါတယ်။