မာတိကာဆီ ကျော်သွား

ကိုယ့်ကိုယ်ကိုယ် တလိုတလား ပေးဆက်ကြသူများ—ဘူလ်ဂေးရီးယားမှာ

ကိုယ့်ကိုယ်ကိုယ် တလိုတလား ပေးဆက်ကြသူများ—ဘူလ်ဂေးရီးယားမှာ

 ဘူလ်ဂေးရီးယားက ယေဟောဝါသက်သေတွေဟာ တခြားသူတွေကို ဘုရားသခင်အကြောင်း၊ သမ္မာကျမ်းစာအကြောင်း သွန်သင်ပေးခြင်းမှာ အလုပ်များနေကြတယ်။ ၂၀၀၀ ပြည့်နှစ်ကစပြီး တခြားနိုင်ငံက သက်သေခံများစွာလည်း ဘူလ်ဂေးရီးယားကို ပြောင်းရွှေ့လာပြီး ကူညီပေးခဲ့ကြတယ်။ ဟောပြောဖို့ တိုင်းတစ်ပါးကို ပြောင်းရွှေ့တဲ့အခါ ဘာအခက်အခဲတွေ ကြုံရသလဲ။ ဘူလ်ဂေးရီးယားကို ပြောင်းရွှေ့ခဲ့သူတွေရဲ့ အတွေ့အကြုံကို ဝေမျှလိုက်ပါတယ်။

ပန်းတိုင်ထားပါ

 အင်္ဂလန်မှာ နေခဲ့တဲ့ ဒါရင် အခုလို ပြောတယ်- “တိုင်းတစ်ပါးမှာ ပြောင်းရွှေ့ပြီး ပိုလိုအပ်တဲ့ဒေသမှာ အမှုဆောင်ဖို့ ကျွန်တော်တို့ ပန်းတိုင်ထားတယ်။ ဒါကြောင့် ဒေါန်နဲ့ လက်ထပ်ပြီးနောက် လန်ဒန်ကို ပြောင်းလာတယ်။ ရုရှားစကားပြောသူတွေကို ကျမ်းစာသင်ပေးရာမှာ ကူညီပေးချင်လို့ပါ။ တိုင်းတစ်ပါးကို ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ပျက်သွားတယ်။ တိုင်းတစ်ပါးမှာ အမှုဆောင်ဖို့ မဖြစ်နိုင်တော့ဘူးလို့တောင် တွေးခဲ့တာ။ ဒါပေမဲ့ ဒီပန်းတိုင်ကို လက်လှမ်းမီနိုင်သေးတယ်၊ အခြေအနေ ပေးတယ်ဆိုတာ ကျွန်တော်တို့သိအောင် မိတ်ဆွေတစ်ယောက် ကူညီပေးတယ်။” ဒါနဲ့ ကျမ်းစာသင်ပေးသူတွေ ပိုလိုအပ်တဲ့၊ ပြောင်းရွှေ့ဖို့ အခြေအနေပေးတဲ့ နိုင်ငံကို သူတို့ ရှာဖွေတော့တယ်။ ၂၀၁၁ ခုနှစ်မှာ ဘူလ်ဂေးရီးယားကို ပြောင်းရွှေ့ခဲ့ကြတယ်။

ဒါရင် နဲ့ ဒေါန်

 ဒီလိုပြောင်းရွှေ့ အမှုဆောင်သူတွေရဲ့ ရွှင်လန်းမှုက တိုင်းတစ်ပါးမှာ အမှုဆောင်ဖို့ ပန်းတိုင် မရှိသေးသူတွေကို အားပေးမှု ဖြစ်စေတယ်။ အီတလီနိုင်ငံက လူကာရဲ့ ဇနီး ဂျာဒါ အခုလို ပြောတယ်- “တောင်အမေရိကနဲ့ အာဖရိကမှာ ပျော်ပျော်ရွှင်ရွှင်၊ ထက်ထက်သန်သန် အမှုဆောင်နေတဲ့ သက်သေခံတွေနဲ့ ဆုံခဲ့တယ်။ သူတို့ရဲ့ အပျော်တွေ ကူးစက်လာတယ်။ တွေ့ကြုံမှုတွေ ကြားရတော့ အားရှိသွားတယ်။ ဒါကြောင့်ပဲ ဘုရားရေးရာ ပန်းတိုင်တွေ ထားဖြစ်သွားတာ။”

လူကာ နဲ့ ဂျာဒါ

 ချက်ခ်ပြည်သူ့သမ္မတနိုင်ငံက တိုမတ်ရှ်နဲ့ ဘရော်နီကာကတော့ သမီး ကလဲရာ၊ သား မက်သီးယပ်တို့နဲ့အတူ ဘူလ်ဂေးရီးယားကို ပြောင်းရွှေ့ခဲ့ကြတယ်။ ဘာကြောင့်လဲ။ “တိုင်းတစ်ပါးကို ပြောင်းရွှေ့အမှုဆောင်ကြတဲ့ ဆွေမျိုးတွေ၊ တခြားသူတွေရဲ့ စံနမူနာ၊ တွေ့ကြုံမှုတွေကို ကျွန်တော်တို့ အသေအချာ စဉ်းစားသုံးသပ်ကြတယ်။ သူတို့ရဲ့ ရွှင်လန်းမှုက ရင်ထဲ ထိသွားတယ်။ အိမ်မှာ အဲဒီအကြောင်း ပြောဖြစ်ကြတယ်” လို့ တိုမတ်ရှ် ပြောတယ်။ အခုဆိုရင် ဒီမိသားစုဟာ နယ်မြေသစ်ဖြစ်တဲ့ ဘူလ်ဂေးရီးယား၊ မော်န်တန်နာမြို့မှာ ပျော်ရွှင်စွာ ဟောပြောနေကြတယ်။

ကလဲရာ၊ တိုမတ်ရှ်၊ ဘရော်နီကာ နဲ့ မက်သီးယပ်

 ဘူလ်ဂေးရီးယားကို ပြောင်းရွှေ့ခဲ့သူ သက်သေခံတစ်ယောက်ကတော့ လင်ဒါဖြစ်တယ်။ “နှစ်အတော်ကြာတုန်းက အီကွေဒေါကို သွားလည်ဖူးတယ်။ ဟောပြောဖို့ အဲဒီကို ပြောင်းရွှေ့ခဲ့သူတချို့နဲ့ ဆုံတယ်။ ဒီလည်ပတ်မှုကြောင့် တစ်နေ့ကျရင် ပိုလိုအပ်တဲ့နေရာမှာ ငါလည်း အမှုဆောင်နိုင်တယ်ဆိုတဲ့ အတွေး ဝင်လာတယ်” လို့ပြောတယ်။ တခြားသူတွေရဲ့ စံနမူနာကို သုံးသပ်ခဲ့ကြသူတွေထဲမှာ ဖင်လန်နိုင်ငံက ပဲတရီနဲ့ နာဒ်ဂျာတို့မောင်နှံလည်း ပါတယ်။ သူတို့ အခုလို ပြောပြတယ်- “ကျွန်တော်တို့ အသင်းတော်မှာ တခြားဒေသကို ပြောင်းရွှေ့ အမှုဆောင်ဖူးတဲ့ ဝါရင့်ကြေညာသူတွေ ရှိတယ်။ အဲဒီလို အမှုဆောင်ခဲ့တဲ့ နှစ်တွေအကြောင်း အမြဲတမ်း အားတက်သရော ပြန်ပြောပြလေ့ရှိတယ်။ ဘဝမှာ အဲဒီနှစ်တွေဟာ ပျော်စရာအကောင်းဆုံးပဲလို့ သူတို့ ပြောကြတယ်။”

လင်ဒါ

နာဒ်ဂျာ နဲ့ ပဲတရီ

ကြိုတင် စီစဉ်ပါ

 တိုင်းတစ်ပါးမှာ အမှုဆောင်ချင်ရင် ကြိုတင် စီစဉ်ဖို့ အရေးကြီးတယ်။ (လုကာ ၁၄:၂၈-၃၀) “တခြားနိုင်ငံမှာ အမှုဆောင်ဖို့ ကျွန်မ အလေးအနက် စဉ်းစားတယ်။ ဆုတောင်းတယ်။ သက်ဆိုင်တဲ့ ဆောင်းပါးတွေ ရှာဖွေလေ့လာတယ်။ ပြောင်းရွှေ့နိုင်အောင် ငါ ဘာများ လုပ်ဖို့လိုသေးသလဲ စဉ်းစားတယ်” ဆိုပြီး ဘယ်လ်ဂျီယံနိုင်ငံက နီလာ ပြောတယ်။

နီလာ (ညာဘက်)

 ပိုလန်နိုင်ငံက ခရစ်တာယန်းနဲ့ အီမီနာဆိုရင် ဘူလ်ဂေးရီးယားကို ပြောင်းလာတာ ကိုးနှစ်ကျော်ပြီ။ ဒီကို မပြောင်းလာခင် ပိုလန်က ဘူလ်ဂေးရီးယားစကားပြော အုပ်စုနဲ့ ပူးပေါင်းခဲ့တာက သိပ်အကူအညီ ဖြစ်တယ်။ အဲဒီအုပ်စုက အားပေးကြတယ်။ ဘာသာစကား သင်ယူရာမှာ ကူညီပေးခဲ့ကြတယ်။ ခရစ်တာယန်းနဲ့ အီမီနာ အခုလို ပြောတယ်- “ကိုယ့်ဘက်က တလိုတလား ရှိရင် ကိုယ့်လိုအပ်ရာတွေကို ယေဟောဝါဘုရား ကြည့်ရှုပေးတယ်ဆိုတာ ကိုယ်တွေ့ ခံစားရတယ်။ ‘ကျွန်တော် ရှိပါတယ်၊ ကျွန်တော့်ကို စေလွှတ်ပါ’ ဆိုပြီး လိုလိုလားလား ယေဟောဝါဆီ ပြောရင် လုံးဝ ထင်မထားတာတွေကိုတောင် လုပ်ဆောင်နိုင်မှာပါ။”—ဟေရှာယ ၆:၈

ခရစ်တာယန်းနဲ့ အီမီနာ

 ဆွစ်ဇာလန်က ရီတိုနဲ့ ကော်နီလီယာတို့မောင်နှံလည်း ငွေစုမိအောင်၊ အသင့်ဖြစ်နိုင်အောင် ဘဝကို ရိုးရိုးရှင်းရှင်း နေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ “မပြောင်းခင် တစ်နှစ်အလိုတုန်းက ဘူလ်ဂေးရီးယားကို တစ်ပတ်လောက် သွားပြီး အခြေအနေ ကြည့်တယ်။ အဲဒီက ဝါရင့် သာသနာပြုမောင်နှံစုံနဲ့ စကားပြောကြည့်တယ်။ သူတို့ဆီက လက်တွေ့ကျ အကြံဉာဏ်တွေ ရရှိခဲ့တယ်” လို့ ပြောတယ်။ အဲဒီအကြံဉာဏ်တွေကို လိုက်နာခဲ့ကြလို့ အခုဆို ဘူလ်ဂေးရီးယားမှာ အမှုဆောင်တာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။

ကော်နီလီယာ၊ ရီတိုနဲ့အတူ သား လူကာနဲ့ ယန်နစ်

အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပါ

 တိုင်းတစ်ပါးကို ပြောင်းရွှေ့သူတွေဟာ ခက်ခဲတဲ့ အခြေအနေသစ်တွေနဲ့ နေသားကျအောင် ကြိုးစားရတယ်။ (တမန်တော် ၁၆:၉၊ ၁၀။ ၁ ကောရိန္သု ၉:၁၉-၂၃) အများစုအတွက်တော့ ဘာသာစကားအသစ် သင်ယူတာက အကြီးမားဆုံး အခက်အခဲပါပဲ။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ လူကာက “ခရစ်ယာန်အစည်းအဝေးတွေမှာ ကိုယ်ပိုင်စကားနဲ့ မှတ်ချက်ပေးရတာကို ပျော်တယ်။ အစမှာတော့ ဘူလ်ဂေးရီးယားစကားနဲ့ မှတ်ချက်ရိုးရိုးလေးတစ်ခု ပြင်ဖို့တောင် ကျွန်တော်တို့အတွက် ခက်တယ်။ ကလေး ပြန်ဖြစ်သွားသလိုပဲ။ တကယ်တော့ ဒေသခံကလေးတွေရဲ့ မှတ်ချက်တွေကတောင် ပိုကောင်းနေတယ်” လို့ ပြောတယ်။

 ဂျာမနီက ရာဗီလ်က “ဘာသာစကား သင်ယူရတာ ပင်ပန်းတယ်။ ဒါပေမဲ့ သိပ်လည်း ခံစားမနေဖို့၊ မှားသွားတဲ့အခါ ဟာသဉာဉ် ရှိဖို့ ကြိုးစားနေရတယ်။ အခက်အခဲကြုံလာရင် ပြဿနာလို့ မမြင်ဘဲ ယေဟောဝါကို အမှုဆောင်ခြင်း ကဏ္ဍတစ်ခုလို့ ရှုမြင်တယ်” ဆိုပြီး ပြောတယ်။

ရာဗီ နဲ့ လီလီ

 အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ လင်ဒါ အခုလိုပြောတယ်- “ဘာသာစကားသစ် သင်ယူတဲ့နေရာမှာ မတော်ဘူး။ ဘူလ်ဂေးရီးယားစကား သင်ယူရတာ ခက်တယ်။ လက်လျှော့လိုက်ဖို့ ခဏခဏ စဉ်းစားမိတယ်။ သူတို့ရဲ့စကားကို မပြောတတ်၊ သူတို့ပြောတာကို နားမလည်တဲ့အခါ အထီးကျန်လာတယ်။ ယုံကြည်ခြင်း ဆက်ခိုင်မာနေဖို့ ဆွီဒင်လို လေ့လာမှုလုပ်တယ်။ နောက်ဆုံးမှာတော့ ညီအစ်ကို/မတွေရဲ့ အကူအညီနဲ့ ဘာသာစကားသစ် သင်ယူနိုင်ခဲ့တယ်။”

 နောက်အခက်အခဲတစ်ခုကတော့ အိမ်လွမ်းတဲ့စိတ်ကို ချိုးနှိမ်ခြင်းပါပဲ။ မိသားစုတွေ၊ မိတ်ဆွေတွေကို ထားရစ်ခဲ့ရတာကိုး။ ခင်ပွန်း ယာနစ္စနဲ့အတူ ဘူလ်ဂေးရီးယားကို ပြောင်းရွှေ့ခဲ့တဲ့ ညီအစ်မ အီဗာက “အစပိုင်းမှာတော့ အထီးကျန်တယ်။ ဒါပေမဲ့ ကျန်ခဲ့တဲ့ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ မှန်မှန် ဆက်သွယ်တယ်။ ဒီမှာလည်း မိတ်ဆွေအသစ်တွေ ရှာတယ်” လို့ ပြောတယ်။

ယာနစ္စနဲ့ အီဗာ

 တခြားအခက်အခဲတွေလည်း ရှိပြန်တယ်။ ဆွစ်ဇာလန်ကနေ ပြောင်းရွှေ့လာတဲ့ ရောဘတ်နဲ့ လီယာနာက “ဘာသာစကားနဲ့ ယဉ်ကျေးမှုက ကျွန်တော်တို့အတွက် အကြီးမားဆုံး အခက်အခဲပဲ။ ပြီးတော့ ဘူလ်ဂေးရီးယားက ဆောင်းရာသီ အအေးဒဏ်အတွက် ပြင်ဆင်မထားခဲ့မိဘူး” လို့ ပြောတယ်။ ဒါပေမဲ့ အပြုသဘောထားနဲ့ ဟာသဉာဉ် ရှိခြင်းက လွန်ခဲ့တဲ့ ၁၄ နှစ်တာအတွင်း ဘူလ်ဂေးရီးယားမှာ အမှုဆောင်ဖို့ ဒီမောင်နှံကို ကူညီပေးခဲ့တယ်။

ရောဘတ်နဲ့ လီယာနာ

ကောင်းချီးများ

 ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ခြင်းကို အပြည့်အဝ ထောက်ခံတဲ့ လီလီက “ကိုယ့်နိုင်ငံမှာ မရနိုင်တဲ့ ယေဟောဝါရဲ့ ကူညီမစမှုမျိုးကို တွေ့ကြုံခံစားရတယ်။ လူတွေကို ကူညီပေးခြင်းမှာ အလုပ်များနေတာက ယုံကြည်ခြင်း ခိုင်ခံ့စေတယ်။ ပျော်ရွှင်ကျေနပ်မှု ရစေတယ်” လို့ပြောတယ်။ ခင်ပွန်းဖြစ်သူ ရာဗီကလည်း “ဒါဟာ အကောင်းဆုံး အသက်တာပဲ။ နိုင်ငံပေါင်းစုံက ထက်သန်တဲ့ ခရစ်ယာန်တွေ၊ ကျမ်းစာအမှန်တရား သင်ပေးရာမှာ အတွေ့အကြုံရင့်သူတွေနဲ့ ခင်မင်ခွင့်ရတဲ့ ရှားပါးအခွင့်အရေး ဖြစ်တယ်။ သူတို့ဆီကနေ အများကြီး သင်ယူခဲ့ရတယ်” လို့ပြောတယ်။

 ကိုယ့်ကိုယ်ကိုယ် ပေးဆက်ဖို့ လိုလိုလားလား ရှိကြတဲ့အတွက် “နိုင်ငံတော် သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ” အောင်အောင်မြင်မြင် ဟောပြောနိုင်ခဲ့ပြီ။ (မဿဲ ၂၄:၁၄) ဘူလ်ဂေးရီးယားကို စေတနာစိတ်အပြည့်နဲ့ ရောက်လာသူတွေဟာ မိမိတို့ရဲ့ လိုအင်ဆန္ဒတွေကို ယေဟောဝါ ဖြည့်ဆည်းပေးတာ၊ အစီအစဉ်တွေ အောင်မြင်ခွင့်ပေးတာကို မြင်တွေ့ရကြတယ်။—ဆာလံ ၂၀:၁-၄