မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | အဖြစ်ဆိုးတွေကို လူကောင်းတွေ ဘာလို့ ကြုံနေရတာလဲ

များလိုက်တဲ့ အဖြစ်ဆိုးတွေ

များလိုက်တဲ့ အဖြစ်ဆိုးတွေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့က ၃၅ နှစ်အရွယ် အမျိုးသမီး ဆမီတာဟာ * ချစ်ခင်ကြင်နာတတ်တယ်ဆိုပြီး နာမည်ကောင်းရရှိထားသူပါ။ ဘုရားသခင်အကြောင်း သူသိရှိထားရာတွေကို ပြောပြချင်တဲ့၊ ရိုးသားကြိုးစားပြီး ပျော်ပျော်နေတတ်တဲ့ အိမ်ထောင်ရှင်မလို့လည်း လူတွေသိထားကြတယ်။ ဆမီတာ ရုတ်တရက် နာမကျန်းဖြစ်လာပြီး တစ်ပတ်အတွင်း ကွယ်လွန်သွားတဲ့အခါ သူ့မိသားစုနဲ့ မိတ်ဆွေတွေ မယုံနိုင်လောက်အောင် အံ့ဩသွားကြတယ်။

အသက် ၃၀ ဝန်းကျင်ရှိတဲ့ ဂျိမ်းစ်တို့ဇနီးမောင်နှံလည်း ဆမီတာလို နာမည်ကောင်းရရှိထားသူတွေ ဖြစ်တယ်။ နွေဦးချိန်မှာ အမေရိကန်နိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ သူငယ်ချင်းတွေဆီ သူတို့ သွားလည်ကြတယ်။ ဒါပေမဲ့ နယူးယောက်မှာရှိတဲ့ သူတို့အိမ်ကို ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး။ ပြင်းထန်တဲ့ယာဉ်တိုက်မှုကြောင့် ချစ်ရတဲ့သူတွေနဲ့ အလုပ်ဖော်တွေကို အပြီးအပိုင် ခွဲခွာသွားပါတော့တယ်။

ဒီနေ့အချိန်မှာ မကောင်းမှုတွေ၊ ဆင်းရဲဒုက္ခတွေကို နေရာတကာမှာ တွေ့နေရပါတယ်။ စစ်ပွဲတွေကြောင့် ပြည်သူလူထုတွေရော စစ်သားတွေပါ သေဆုံးကြရတယ်။ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေကြောင့် အပြစ်မဲ့သူတွေ ဒုက္ခရောက်ရတယ်။ ပြင်းထန်တဲ့ မတော်တဆမှုတွေ၊ ကုရာနတ္ထိ ဆေးမရှိတဲ့ ရောဂါတွေကို အသက်အရွယ်၊ အဆင့်အတန်းမရွေး လူတိုင်း ကြုံတွေ့နေရတယ်။ သဘာဝဘေးဒဏ်တွေကလည်း လူတွေရဲ့အသက်ကို မညှာမတာ ချွေယူသွားတယ်။ လူမျိုးရေးမုန်းတီးမှု၊ မတရားမှုတွေကိုလည်း နေရာအနှံ့မှာ တွေ့နေရတယ်။ သင်ကိုယ်တိုင်လည်း အဲဒီလို အဖြစ်ဆိုးတစ်မျိုးမျိုးကို ကြုံတွေ့ရသူ ဖြစ်နိုင်တယ်။

ဒါကြောင့် ဒီလိုမျိုးမေးခွန်းတွေကို သင်လည်း သိချင်မှာပဲ–

  • လူကောင်းတွေ ဘာလို့ အဖြစ်ဆိုးတွေကို ကြုံကြရတာလဲ။

  • အဖြစ်ဆိုးတွေအတွက် ဘုရားသခင်ကို အပြစ်တင်သင့်သလား။

  • ကပ်ဘေးတွေက သူ့အလိုအလျောက်ဖြစ်လာတာလား၊ လူတွေကြောင့်လား။

  • ကံကြမ္မာလို့ခေါ်တဲ့ အတိတ်ဘဝက လုပ်ရပ်တွေကြောင့် အခုချိန်မှာ ဆင်းရဲဒုက္ခတွေ ခံနေရတာလား။

  • တန်ခိုးကြီးတဲ့အရှင် ဘုရားသခင်ရှိတယ်ဆိုရင် လူကောင်းတွေကို အန္တရာယ်တွေကနေ ဘာဖြစ်လို့ မကာကွယ်ပေးတာလဲ။

  • လူတွေရဲ့ဘဝမှာ ဆင်းရဲဒုက္ခနဲ့ မကောင်းမှုတွေ ကင်းဝေးသွားမယ့်အချိန် ရှိလာနိုင်မလား။

အဲဒီမေးခွန်းတွေရဲ့ အဖြေကို သိနိုင်ဖို့ အဖြစ်ဆိုးတွေ ဘာကြောင့်ဖြစ်နေရတာလဲ၊ ဘုရားသခင် ဘာလုပ်ပေးမှာလဲဆိုတဲ့ အခြေခံမေးခွန်းနှစ်ခုကို နားလည်ဖို့ လိုအပ်ပါတယ်။

^ စာပိုဒ်၊ 3 နာမည်တွေကို ပြောင်းထားပါတယ်။