မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၂ ဘုရားသခင်က လူတွေကို ဂရုမစိုက်ပါဘူး—မှန်ပါသလား

၂ ဘုရားသခင်က လူတွေကို ဂရုမစိုက်ပါဘူး—မှန်ပါသလား

၂ ဘုရားသခင်က လူတွေကို ဂရုမစိုက်ပါဘူး—မှန်ပါသလား

သင် ကြားသိထားရာ– “လူသားတွေကို ဘုရားသခင် တကယ် ဂရုစိုက်တယ်ဆိုရင် လောကမှာ ဖြစ်ပျက်နေတဲ့ မကောင်းမှုတွေ၊ ဆင်းရဲဝေဒနာတွေကို ဖယ်ရှားပေးရမှာပေါ့။ လူသားထုတစ်ရပ်လုံးအတွက် စိုးရိမ်ပေမဲ့ တစ်ယောက်ချင်းစီကိုတော့ ဂရုမစိုက်ပါဘူး။”

ကျမ်းစာသွန်သင်ရာ– မကောင်းမှုတွေဟာ ဘုရားသခင်ကြောင့် ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ (ယာကုပ် ၁:၁၃) မကောင်းမှုတွေကို အချိန်မရွေး ဘုရားသခင် ဖယ်ရှားပေးနိုင်ပါတယ်။ ဒါပေမဲ့ လူ့သမိုင်းအစမှာ ပေါ်ပေါက်ခဲ့တဲ့ အမှားအမှန်ကိစ္စရပ်တွေကို ဖြေရှင်းနိုင်အောင် အကျင့်ပျက်လူ့အဖွဲ့အစည်းကို အခုအချိန်အထိ ကိုယ်တော် ခွင့်ပြုထားတယ်။ လူသားတွေရဲ့ အကျိုးအတွက် ဘုရားသခင် အပြီးသတ် လုပ်ဆောင်ပေးမှာဖြစ်ပြီး မိမိရဲ့အုပ်ချုပ်ပိုင်ခွင့်ကို ငြင်းပယ်သူတွေကြောင့် ဖြစ်လာရတဲ့ ဆင်းရဲခက်ခဲမှုအားလုံးကို ဖယ်ရှားပေးမှာဖြစ်တယ်။—ကမ္ဘာဦး ၃:၁-၆; ဟေရှာယ ၆၅:၁၇ *

ဘုရားသခင်ဟာ လူ့မိသားစုအတွက် ခြုံပြီး စိုးရိမ်ပေးတဲ့အပြင် တစ်ဦးချင်းစီကိုလည်း ဂရုစိုက်ပါတယ်။ ကျွန်ုပ်တို့နဲ့ပတ်သက်ပြီး ကိုယ်ကိုယ်တိုင် မသိတဲ့အရာတွေကိုတောင် ဘုရားသခင် အသေးစိတ် သိနေတာကို ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “စာငှက်နှစ်ကောင်ကို ငွေတစ်ပြားနှင့် ရောင်းရသည်မဟုတ်လော။ ကောင်းကင်ဘုံရှိ သင်တို့၏အဖ မသိဘဲ ထိုစာငှက်တစ်ကောင်မျှ မြေသို့မကျရ။ သင်တို့၏ဆံပင်များကိုလည်း အကုန်အစင် ရေတွက်ထား၏။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများထက် သာ၍မြတ်ကြ၏။”—မဿဲ ၁၀:၂၉-၃၁

အမှန်တရားကို သိရှိခြင်းမှ အကူအညီရနိုင်ပုံ– လူတွေက အများအားဖြင့် ခက်ထန်တဲ့ ဒါမှမဟုတ် ဂရုမစိုက်တတ်တဲ့သူတွေကို ဝေးဝေးရှောင်တတ်ကြတယ်။ ဘုရားသခင်က စာနာစိတ်မရှိဘူးဆိုတဲ့ လိမ်လည်ပြောဆိုမှုကြောင့် လူအများဟာ ကိုယ်တော်ကို သိကျွမ်းအောင် မကြိုးစားတော့ဘူး။ ကြံရာမရတဲ့အဆုံးကျမှပဲ ကိုယ်တော့်ဆီ လှည့်လာကြတော့တယ်။ ဘုရားသခင်ဟာ တကယ်ပဲ စာနာစိတ်ရှိတယ်ဆိုတာကို သိထားခြင်းက သင့်ကို ကိုယ်တော်အကြောင်း ပိုပြီးသိချင်လာစေတဲ့အပြင် ကိုယ်တော်နဲ့ ရင်းနှီးတဲ့မိတ်ဆွေ ဖွဲ့စေနိုင်တယ်။

ဥပမာ၊ ဘုရားသခင်ဆီ သင် ဆုတောင်းမှာဖြစ်ပေမဲ့ သင့်ဆုတောင်းချက်ကို ဘုရားသခင် နားထောင်ပေးပါ့မလား ဒါမှမဟုတ် ဖြေကြားပါ့မလားဆိုပြီး သင် သိချင်မှာဖြစ်တယ်။ ‘ဆုတောင်းစကားကို နားထောင်တော်မူသော’ ဘုရားသခင်ဟာ မိမိဆီ စိတ်ရင်းမှန်နဲ့ ဆုတောင်းတဲ့သူ အားလုံးကို အချိန်မရွေး ဆုတောင်းနိုင်ဖို့ လမ်းဖွင့်ပေးထားတယ်ဆိုပြီး ကျမ်းစာက အာမခံတယ်။—ဆာလံ ၆၅:၂

“ကိုယ်တော်သည် သင်တို့ကို ဂရုစိုက်တော်မူသောကြောင့် စိုးရိမ်စရာရှိသမျှကို ကိုယ်တော့်ထံ ပုံအပ်ထား” ကြဖို့ ကျမ်းစာက တိုက်တွန်းပါတယ်။ (၁ ပေတရု ၅:၇) အကြီးအကျယ် စိတ်သောကရောက်နေချိန်မှာတောင် ကျွန်ုပ်တို့ကို ဘုရားသခင် ဂရုစိုက်နေတယ်ဆိုတာကို ယုံကြည်စိတ်ချနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမ်းစာမှာ ဒီလိုပြောထားလို့ပါပဲ– ‘ယေဟောဝါဘုရားသခင်သည် နှလုံးကြေကွဲသူတို့နှင့် နီးတော်မူ၏။ စိတ်ကြေမွသူတို့ကိုလည်း ကယ်တင်တော်မူ၏။’—ဆာလံ ၃၄:၁၈သမ္မာ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဆင်းရဲခက်ခဲမှုတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုရတယ်ဆိုတာနဲ့ပတ်သက်ပြီး ပိုသိချင်တယ်ဆိုရင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ရဲ့ အခန်း ၁၁ မှာဖတ်ကြည့်နိုင်ပါတယ်။

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

ဘုရားသခင်က လူတွေကို ဂရုမစိုက်ဘူးဆိုရင် ကိုယ်တော့်ဆီ ဆုတောင်းဖို့ ဘာကြောင့် တောင်းဆိုရ တာလဲ