မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကလေးတွေကို ဘာသာတရားအကြောင်း သင်ပေးသင့်သလား

ကလေးတွေကို ဘာသာတရားအကြောင်း သင်ပေးသင့်သလား

ကလေးတွေကို ဘာသာတရားအကြောင်း သင်ပေးသင့်သလား

ကနေ့ ကလေးတွေကို ဘာသာတရားအကြောင်း သွန်သင်ပေးတာနဲ့ပတ်သက်ပြီး အယူအဆတွေ အမျိုးမျိုးကွဲလွဲနေပါတယ်။ မိဘတွေမှာ ကလေးတွေကို ဘာသာတရားအကြောင်း သင်ပေးပိုင်ခွင့် မရှိသင့်ဘူးဆိုပြီး တချို့နိုင်ငံတွေမှာ ယူဆတဲ့သူတွေတောင် ရှိကြတယ်။ ဘာသာရေးကိုင်းရှိုင်းတဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ ကလေးတွေဟာ တစ်နည်းနည်းနဲ့ ထိခိုက်နစ်နာ နေရတယ်လို့ သူတို့က ယူမှတ်ကြတယ်။

သင်ကော ဘယ်လိုထင်သလဲ။ အောက်မှာဖော်ပြထားတဲ့ ဘယ်အချက်က ကျိုးကြောင်းညီညွတ်မှု အရှိဆုံးလဲ။

● ကလေးတွေကို ဘာသာတရားအကြောင်း သင်ပေးဖို့ မိဘတွေကို ခွင့်မပြုသင့်ဘူး။

● ကလေးတွေ အရွယ်ရောက်မှ သူတို့နဲ့ ဘာသာရေးကိစ္စတွေ ဆွေးနွေးသင့်တယ်။

● မိဘတွေဟာ ဘုရားသခင်နဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့ ယုံကြည်ချက်တွေကို ကလေးတွေ ငယ်တုန်း သင်ပေးသင့်တယ်။ ဒါပေမဲ့ ကလေးတွေ အရွယ်ရောက်လာတဲ့အခါ ဘာသာရေးကိစ္စကို သူတို့ဘာသာသူတို့ ကျိုးကြောင်းဆင်ခြင်ဖို့ အားပေးသင့်တယ်။

● ကလေးတွေဟာ မိဘတွေရဲ့ ဘာသာရေးယုံကြည်ချက်တွေကို စောဒကမတက်ဘဲ လက်ခံရမယ်။

● ကလေးတွေကို ဘာသာတရားအကြောင်း အကောင်းဆုံး သင်ပေးနိုင်တဲ့သူတွေက မိဘတွေမဟုတ်ဘဲ ဘာသာရေးဆရာတွေ ဖြစ်ကြတယ်။

ဘာသာတရားက ကလေးတွေကို ထိခိုက်နစ်နာစေသလား

ကလေးကို ထိခိုက်နစ်နာစေချင်တဲ့ မိဘဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ဘုရားသခင်အကြောင်း ကလေးတွေကို မသင်ပေးသင့်ဘူးလို့ ပြောတဲ့သူတွေရဲ့အဆိုကို ဖြစ်ရပ်မှန်တွေက ထောက်ခံပါသလား။ မိဘတစ်ဦးရဲ့ ဘာသာရေးယုံကြည်ချက်က ကလေးတွေအပေါ် အကျိုးသက်ရောက်တယ်ဆိုတာကို သုတေသီတွေ အသေအချာ လေ့လာခဲ့ကြတာ ဆယ်စုနှစ်နဲ့ချီနေပါပြီ။ သူတို့ ဘယ်လိုကောက်ချက်ချခဲ့ကြသလဲ။

ဘာသာတရားဟာ ကလေးတစ်ဦးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပေါ် ကောင်းကျိုးပြုတယ်ဆိုတာကို သုတေသီတွေ တွေ့ရှိခဲ့ကြပါတယ်။ ၂၀၀၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဂျာနယ်တစ်စောင် (Social Science Research) * ရဲ့မှတ်တမ်းတစ်ခုမှာ ဒီလိုဖော်ပြထားတယ်– “မိဘနဲ့သားသမီးစပ်ကြား နှောင်ကြိုးကို ခိုင်မြဲစေဖို့ မိခင်တွေရော ဖခင်တွေကပါ ဘာသာတရားအကြောင်း သင်ပေးခဲ့ကြတယ်။ ဘာသာတရားက ကလေးအတော်များများရဲ့ ဘဝအသက်တာမှာ အရေးကြီးတဲ့ကဏ္ဍ ဖြစ်ပုံရပြီး မိသားစုဆက်ဆံရေးမှာလည်း အရေးပါတယ်။” အဲဒီတွေ့ရှိချက်က ယေရှုခရစ် ပြောခဲ့တဲ့အချက်နဲ့ ဆင်တူနေတယ်ဆိုတာ သတိပြုကြည့်ပါ– “ဘုရားသခင်ကို မှီခိုရန်လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏။”—မဿဲ ၅:၃

ကလေးတွေ ကြီးပြင်းလာမှ ဘုရားသခင်နဲ့ ဘာသာတရားအကြောင်း သင်ယူသင့်တယ်ဆိုတဲ့ ယူဆချက်ကကော။ ဒီယူဆချက်က ကလေးတစ်ဦးရဲ့ ဦးနှောက်ဟာ ရေအပြည့် ဖြည့်ပေးဖို့လိုတဲ့ ရေပုံးအလွတ်နဲ့တူတယ်ဆိုတဲ့ အချက်ကို လျစ်လျူရှုရာကျတယ်။ မိဘတွေဟာ ရွေးချယ်မှု ပြုရပါတော့မယ်။ ရေပုံးနဲ့တူတဲ့ ကလေးရဲ့ ဦးနှောက်ထဲကို လျောက်ပတ်တဲ့ ကျင့်ဝတ်မူတွေ၊ ယုံကြည်ချက်တွေနဲ့ ဖြည့်မလား။ ဒါမှမဟုတ် တခြားသူတွေဆီကနေ ကလေးတွေ ကြားလာသမျှ အရာတွေနဲ့ ဖြည့်ခွင့်ပြုမလား။

လျှို့ဝှက်ချက်က ဘာလဲ

လူတွေဟာ တစ်ယူသန်သဘောထားရှိဖို့၊ တခြားသူတွေကို မုန်းတီးဖို့ ဘာသာရေးကို အကြောင်းပြချက်အဖြစ် အသုံးပြုခဲ့ကြတယ်ဆိုတာကို သမိုင်းက သက်သေထူတယ်။ ဒါကြောင့် ဒီဝမ်းနည်းဖွယ် ဆိုးကျိုးတွေကို မိဘတွေ ဘယ်လိုရှောင်နိုင်မလဲ။ သူတစ်ပါးကိုချစ်ဖို့ ထောက်ကူပေးနိုင်တဲ့ ဘာသာရေးယုံကြည်ချက်တွေကို ကလေးတွေ သင်ယူနေတယ်ဆိုတာကို ဘယ်လိုသေချာစေနိုင်မလဲ။

လျှို့ဝှက်ချက်ကို အခုဖော်ပြထားတဲ့ မေးခွန်းသုံးခုရဲ့ အဖြေတွေမှာ ရှာတွေ့နိုင်ပါတယ်။ (၁) ကလေးတွေကို ဘာအကြောင်း သင်ပေးသင့်သလဲ။ (၂) ဘယ်သူက သင်ပေးသင့်သလဲ။ (၃) ဘယ်နည်းစနစ်က အထိရောက်ဆုံးလဲ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 ဒီလေ့လာမှုက အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ ကလေးအယောက် ၂၁,၀၀၀ ကျော်အပြင် သူတို့ရဲ့ မိဘတွေနဲ့ ဆရာဆရာမတွေဆီကနေ ရရှိတဲ့ အချက်အလက်တွေအပေါ် အခြေခံထားတာဖြစ်ပါတယ်။