မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဧဒင်ဥယျာဉ်က လူသားတွေရဲ့ မူလစံအိမ်လား

ဧဒင်ဥယျာဉ်က လူသားတွေရဲ့ မူလစံအိမ်လား

ဧဒင်ဥယျာဉ်က လူသားတွေရဲ့ မူလစံအိမ်လား

ဧဒင်ဥယျာဉ်ထဲမှာ သင် ရှိနေတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ စိတ်အနှောင့်အယှက် ဖြစ်စရာတွေမရှိ၊ မြို့ပြရဲ့ စိတ်ရှုပ်စရာ ဆူညံပွက်လောရိုက်နေတဲ့ အသံဗလံတွေလည်း မရှိ။ ဥယျာဉ်က တော်တော်ကြီးကို ကျယ်ပြန့်တဲ့အပြင် ဘာအနှောင့်အယှက်မှမရှိတဲ့အတွက် အေးချမ်းလို့နေတယ်။ အဲဒါတွေထက် ပိုကောင်းတာက သင့်မှာ ပူပင်စရာတွေမရှိတဲ့အတွက် ခေါင်းရှင်းနေတယ်။ ဖျားနာမှု၊ ဓာတ်မတည့်မှု၊ နာကျင်မှုဆိုတဲ့ ရောဂါဝေဒနာတွေ ဘာဆိုဘာမှ မခံစားရတဲ့အတွက် ကျန်းမာရေးက ဒေါင်ဒေါင်မြည်။ ပတ်ဝန်းကျင်ကိုလည်း သင့်စိတ်ကြိုက် လွတ်လွတ်လပ်လပ် ရှုစားလို့ရတယ်။

မျက်စိအစာကျွေးတဲ့အနေနဲ့ ရောင်စုံဖူးပွင့်နေတဲ့ ပန်းတွေကို အရင်ဆုံး သင် ကြည့်လိုက်တယ်။ ပြီးတော့ သင့်အကြည့်က နေရောင်အောက်မှာ တလက်လက်တောက်ပနေတဲ့ စမ်းချောင်းလေးဆီ ရောက်သွားတယ်။ အဲဒီနောက် နေထိုးတဲ့နေရာနဲ့ နေရိပ်ကျတဲ့နေရာက အစိမ်းရောင်အမျိုးမျိုးရှိတဲ့ သစ်ရွက်တွေ၊ မြက်ပြင်တွေဆီ အကြည့်ရောက်သွားတယ်။ သင့်ဆီ လေပြေလေညင်း တိုးဝှေ့တိုက်ခတ်လာတာကို ခံစားရပြီး လေညင်းနဲ့အတူပါလာတဲ့ သင်းပျံ့ပျံ့ရနံ့လေးတွေကို သင် ရှူရှိုက်လိုက်တယ်။ သစ်ရွက်လေးတွေရဲ့ လှုပ်ခတ်သံတွေ၊ ကျောက်တုံးလေးတွေပေါ် တသွင်သွင် စီးဆင်းလာတဲ့ ရေကျသံတွေ၊ ငှက်ကလေးတွေရဲ့ တေးဆိုသံတွေ၊ အင်းဆက်ပိုးမွှားလေးတွေရဲ့ တဝီဝီမြည်သံတွေကို သင် ကြားနေရတယ်။ ဒီရှုခင်းကို သင် ရုပ်လုံးဖော်ကြည့်လိုက်တဲ့အခါ အဲလိုနေရာမျိုးမှာ အရမ်းနေချင်တဲ့စိတ် ပေါက်လာတယ်မဟုတ်ဘူးလား။

လူသားတွေဟာ အဲလိုနေရာမျိုးမှာ နေခဲ့ဖူးတယ်ဆိုပြီး ကမ္ဘာတစ်ဝန်းလုံးက ယုံကြည်ထားကြတယ်။ အာဒံနဲ့ဧဝတို့ နေထိုင်ခဲ့တဲ့ ဧဒင်ဥယျာဉ်အကြောင်း ဂျူးဘာသာ၊ အမည်ခံခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာတွေမှာ သွန်သင်လာခဲ့တာ ရာစုနှစ်ချီရှိနေပါပြီ။ အဲဒီဥယျာဉ်မှာ အာဒံနဲ့ဧဝတို့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြတယ်လို့ သမ္မာကျမ်းစာမှာ ဆိုထားပါတယ်။ အာဒံနဲ့ဧဝ အချင်းချင်းစပ်ကြားမှာရော၊ တိရစ္ဆာန်တွေစပ်ကြားမှာပါ ငြိမ်းချမ်းခဲ့တဲ့အပြင် ဘုရားသခင်နဲ့လည်း ဆက်ဆံရေးကောင်း ရှိခဲ့ကြတယ်။ ဘုရားသခင်ကလည်း သူတို့ကို ဧဒင်ဥယျာဉ်မှာ ထာဝစဉ်နေထိုင်နိုင်တဲ့ မျှော်လင့်ချက်ပေးခဲ့တယ်။—ကမ္ဘာဦး ၂:၁၅-၂၄

ရှေးအချိန်တုန်းက အဲဒီလိုသာယာအေးချမ်းတဲ့ဥယျာဉ် (ပရဒိသု) မျိုးရှိခဲ့တယ်ဆိုပြီး ဟိန္ဒူဘာသာဝင်တွေလည်း ယုံကြည်ကြတယ်။ ဒီကမ္ဘာကြီးက ပရဒိသုလိုမျိုး ပဒေသာပင်ခေတ်ဖြစ်ခဲ့ချိန် ခေတ်ကောင်းခေတ်မြတ်မှာ ဘုရားတွေပွင့်ခဲ့တယ်၊ နောက်လည်း ထပ်ပွင့်ဦးမယ်လို့ ဗုဒ္ဓဘာသာဝင်တွေက ယုံကြည်ထားကြတယ်။ အာဖရိကနိုင်ငံမှာရှိတဲ့ ဘာသာတရားတွေကလည်း အာဒံဧဝမှတ်တမ်းနဲ့ ထူးထူးခြားခြား ဆင်တူတဲ့ ပုံပြင်တွေ သင်ပေးကြတယ်။

တကယ်တော့ ရှေးခေတ်ပရဒိသုနဲ့ပတ်သက်တဲ့ ယူဆချက်တွေကို ဘာသာတရားအမျိုးမျိုးနဲ့ ထုံးတမ်းဓလေ့များစွာမှာ တွေ့နိုင်ပါတယ်။ စာရေးဆရာတစ်ယောက်က ဒီလိုရေးခဲ့တယ်– “လူ့သမိုင်းအစမှာ စုံလင်မှု၊ လွတ်လပ်မှု၊ ငြိမ်သက်မှု၊ ပျော်ရွှင်မှု၊ ပေါများကြွယ်ဝမှုတွေ ရှိခဲ့ပြီး အနိုင်အထက်ပြုမှု၊ တင်းမာမှုနဲ့ ပဋိပက္ခဖြစ်မှုမပြေလည်မှုတွေ မရှိခဲ့ဘူးလို့ ယဉ်ကျေးမှုအသီးသီးက လူအတော်များများ ယုံကြည်ခဲ့ကြတယ်။ . . . ဒီလိုယုံကြည်ခဲ့ကြတဲ့အတွက် လူသားတွေဟာ ပျောက်ဆုံးသွားတဲ့ ပရဒိသုကို တမ်းတပြီး ပြန်လည်ရရှိဖို့ ကြိုးစားခဲ့ကြတယ်။”

အဲဒီပုံပြင်နဲ့ဓလေ့ထုံးတမ်း အားလုံးက ဇာစ်မြစ်တစ်ခုတည်းကနေ ဆင်းသက်လာတာ ဖြစ်နိုင်ပါ့မလား။ လူသားတွေ ပရဒိသုမှာ နေချင်တဲ့ဆန္ဒပေါ်လာတာက အတိတ်က အဖြစ်အပျက်တစ်ခုကို အမှတ်ရနေလို့များလား။ ရှေးတုန်းက ဧဒင်ဥယျာဉ်၊ အာဒံနဲ့ဧဝတို့ တကယ်ပဲ ရှိခဲ့သလား။

ဧဒင်ဥယျာဉ် တကယ်ရှိခဲ့တယ်ဆိုတာကို လူအတော်များများ မယုံကြည်ကြဘူး။ သိပ္ပံပညာတိုးတက်ထွန်းကားနေတဲ့ ဒီခေတ်ကြီးမှာ လူအတော်များများက အဲလိုမှတ်တမ်းတွေကို ပုံပြင်ဒဏ္ဍာရီလို့ ယူမှတ်ကြတယ်။ အံ့ဩစရာကောင်းတာက အဲဒီမှတ်တမ်းကို လက်မခံတဲ့သူအားလုံးက ဘာသာတရားမဲ့သူတွေတော့ မဟုတ်ကြဘူး။ ဘာသာရေးခေါင်းဆောင် အတော်များများက ဧဒင်ဥယျာဉ်ရှိတယ်ဆိုတဲ့ ယုံကြည်ချက်ကို လက်မခံဖို့ လှုံ့ဆော်ပေးနေတဲ့အပြင် တစ်ခါမှ အဲလိုနေရာမျိုး မရှိခဲ့ဖူးဘူး၊ အဲဒီမှတ်တမ်းက ဒဏ္ဍာရီ၊ တင်စားချက်မျှသာဖြစ်တယ်လို့ ဆိုကြတယ်။

သမ္မာကျမ်းစာထဲမှာ တင်စားချက်တွေ ပါတာတော့ မှန်ပါတယ်။ အဲဒီတင်စားချက်တွေထဲက အင်မတန်ကျော်ကြားတဲ့ တင်စားချက်တွေကို ယေရှုကိုယ်တိုင် မိန့်ဆိုခဲ့သေးတယ်။ ဒါပေမဲ့ ကျမ်းစာမှာဖော်ပြထားတဲ့ ဧဒင်ဥယျာဉ်က တင်စားချက်မဟုတ်ဘဲ တကယ်တည်ရှိခဲ့တဲ့ သမိုင်းဝင်နေရာတစ်ခု ဖြစ်ပါတယ်။ အဲဒီနေရာက တကယ်မရှိခဲ့ဘူးဆိုရင် ကျမ်းစာမှာဖော်ပြထားတဲ့ တခြားမှတ်တမ်းတွေကိုလည်း ဘယ်ယုံကြည်စိတ်ချလို့ရတော့မလဲ။ ဧဒင်ဥယျာဉ်နဲ့ပတ်သက်ပြီး လူတချို့ ဘာကြောင့် အယုံအကြည်မရှိရတဲ့အကြောင်းကို ဆန်းစစ်ပြီး သူတို့ရဲ့ ကျိုးကြောင်းဆင်ခြင်မှုတွေက ခိုင်လုံမှုရှိမရှိဆိုတာ လေ့လာကြည့်ရအောင်။ ပြီးရင် ဧဒင်ဥယျာဉ်မှတ်တမ်းက ကျွန်ုပ်တို့တစ်ဦးချင်းစီအတွက် အရေးပါရတဲ့အကြောင်းရင်းကို သုံးသပ်သွားပါမယ်။