မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မမြင်နိုင်တဲ့ သတ္တဝါတွေရှိတယ် သူတို့က ဘယ်သူတွေလဲ

မမြင်နိုင်တဲ့ သတ္တဝါတွေရှိတယ် သူတို့က ဘယ်သူတွေလဲ

မမြင်နိုင်တဲ့ သတ္တဝါတွေရှိတယ် သူတို့က ဘယ်သူတွေလဲ

ဥရောပနိုင်ငံတစ်နိုင်ငံက သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးဟာ စိပ်ပုတီးကိုင်ပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းထဲ ဝင်သွားတယ်။ ပြီးတော့ မယ်တော်မာရိရုပ်တုရှေ့မှာ တရိုတသေ ဒူးထောက်လိုက်တယ်။ အာဖရိကနိုင်ငံတစ်နိုင်ငံက မိသားစုတစ်စုဟာ သူတို့ရိုသေလေးစားရတဲ့ ဆွေမျိုးတစ်ယောက်ရဲ့ အုတ်ဂူဘေးမှာ ဂျင်အရက်ကို လောင်းချလိုက်တယ်။ အမေရိကနိုင်ငံတစ်နိုင်ငံက လူရွယ်တစ်ယောက်ဟာ သူ့ရဲ့ကိုယ်စောင့်နတ်နဲ့ အဆက်အသွယ်ရဖို့ အစာရှောင်တယ်၊ တရားထိုင်တယ်။ အာရှနိုင်ငံတစ်နိုင်ငံက ဘာသာရေးဆရာတစ်ယောက်ဟာ ကွယ်လွန်သူဘိုးဘေးတွေအတွက် ရောင်စုံစက္ကူတွေနဲ့လုပ်ထားတဲ့ အရာဝတ္ထုတွေကို မီးရှို့ပူဇော်ပေးနေတယ်။

အဲဒီလူတွေမှာ  ဘာတူညီချက်တွေ  ရှိနေသလဲ။  နာမ်ဝိညာဉ်ဘုံမှာ  အသိဉာဏ်ရှိတဲ့ သတ္တဝါတွေရှိပြီး သူတို့နဲ့ အဆက်အသွယ်လုပ်လို့ရတယ်၊  သူတို့ဟာ  လူသားတွေရဲ့  ဘဝအသက်တာအပေါ် အကြီးအကျယ် လွှမ်းမိုးနိုင်စွမ်းရှိတယ်လို့ အဲဒီလူတွေက ယုံကြည်ကြတယ်။ အဲဒီယုံကြည်ချက်က အသစ်အဆန်းမဟုတ်သလို အံ့ဩစရာလည်း မဟုတ်ပါဘူး။ အံ့ဩစရာကတော့ နာမ်ဝိညာဉ်ဘုံမှာ ဘယ်သူတွေရှိသလဲဆိုတဲ့ ယူဆချက်တွေ အမျိုးမျိုးကွဲလွဲနေတာဖြစ်တယ်။ မွတ်စလင်တွေက  အလ္လာအရှင်မြတ် *ကို  ကိုးကွယ်ကြတယ်။ အမည်ခံခရစ်ယာန်တွေက သုံးပါးပေါင်းတစ်ဦး (ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်) ဘုရားသခင်ကို ​ကိုးကွယ်ကြတယ်။  ဟိန္ဒူဘာသာဝင်တွေကတော့ ထောင်သောင်းမကရှိတဲ့ နတ်ဘုရားတွေ၊  နတ်ဘုရားမတွေကို  ကိုးကွယ်ကြတယ်။  တချို့က ​တိရစ္ဆာန်တွေကို ကိုးကွယ်ကြတယ်။ တချို့ကျတော့ သစ်ပင်စောင့်နတ်၊ ကျောက်စောင့်နတ်၊ မြစ်စောင့်နတ်တွေကို ကိုးကွယ်ကြတယ်။ တခြားသူတွေကျတော့  နတ်ကောင်းနတ်မြတ်တွေအကြောင်း၊ သရဲတစ္ဆေ၊ စုန်းကဝေတွေအကြောင်း ဖော်ပြထားတဲ့စာအုပ်တွေကို ​ဖတ်ကြတယ်။ အဲဒီအကြောင်းတွေပါတဲ့ ရုပ်ရှင်တွေကို ကြည့်ရှုကြတယ်။

နတ်ဘုရားတွေနဲ့ပတ်သက်တဲ့  အယူအဆတွေ  အမျိုးမျိုးရှိတဲ့အပြင်  သူတို့နဲ့ဆက်သွယ်တဲ့နည်းတွေကလည်း  အမျိုးမျိုးရှိကြတယ်။ ​ဒါပေမဲ့ ဆင်ခြင်တုံတရားနဲ့ကြည့်ရင် အဲဒီဆက်သွယ်နည်း​အားလုံးမမှန်ဘူးလို့ ပြောရမယ်။ ဒီဥပမာကို သုံးသပ်ကြည့်ပါ– ကျွန်ုပ်တို့ တယ်လီဖုန်းမဆက်ခင် ဘယ်သူ့ကို ဖုန်းခေါ်နေတယ်ဆိုတာ ​သိထားဖို့လိုတဲ့အပြင် ဖုန်းလက်ခံတဲ့သူက တကယ်ရှိပြီး ဖုန်းပြန်ထူးလိမ့်မယ်ဆိုတာကိုလည်း ယုံကြည်စိတ်ချဖို့လိုတယ်။ တကယ်မရှိတဲ့သူ​တစ်ယောက်ကို ဆက်သွယ်ဖို့ ကြိုးစားနေတာက အဓိပ္ပာယ်မရှိဘူး။ ဒါထက်ပိုဆိုးတာက အယောင်ဆောင်သမားတစ်ယောက်နဲ့ ဆက်သွယ်မိရင် အန္တရာယ်တောင်ရှိသေးတယ်။

ဒါဆိုရင် နာမ်ဝိညာဉ်ဘုံမှာ ဘယ်သူတွေရှိသလဲ။ ဒီမေးခွန်းကို သမ္မာကျမ်းစာက ဖြေဆိုပေးတဲ့အပြင် ဘယ်သူတွေနဲ့ဆက်သွယ်နိုင်ပြီး ဘယ်လိုတုံ့ပြန်ခံရမယ်ဆိုတာကိုလည်း ရှင်းပြပေးတယ်။ နောက်စာမျက်နှာပါ ဆောင်းပါးတွေကို ကျေးဇူးပြု၍ ဆက်ဖတ်ကြည့်ပါ။ သမ္မာကျမ်းစာပြောဆိုရာတွေကို သင် အရမ်းအံ့သြသွားပါလိမ့်မယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 “အလ္လာအရှင်မြတ်” ၏အဓိပ္ပာယ်မှာ “ဘုရားသခင်” ဖြစ်သည်။ နာမည်မဟုတ်ချေ။