မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အာမဂေဒုန်စစ်ပွဲကို အဘယ်နေရာတွင် ဆင်နွှဲမည်နည်း

အာမဂေဒုန်စစ်ပွဲကို အဘယ်နေရာတွင် ဆင်နွှဲမည်နည်း

စာရှုသူများအမေး

အာမဂေဒုန်စစ်ပွဲကို အဘယ်နေရာတွင် ဆင်နွှဲမည်နည်း

အာမဂေဒုန်စစ်ပွဲကို သတ်သတ်မှတ်မှတ်စစ်မြေပြင်တစ်ခုတွင် ဆင်နွှဲမည်မဟုတ်ပါ။ ယင်းအစား ကမ္ဘာမြေတစ်ခုလုံးသည် စစ်မြေပြင်ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်နည်း။ ဆန့်ကျင်ဘက်အုပ်စုနှစ်ခုသည် အလွန်ကြီးမားလှသောကြောင့် နေရာဒေသတစ်ခုတွင် ဆံ့နိုင်မည်မဟုတ်ပါ။

အာမဂေဒုန် သို့မဟုတ် ဟာမဂေဒုန်ကို ‘အတိုင်းအဆမဲ့တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏နေ့ကြီး’ အဖြစ်လည်း သိထားကြသည်။ ယေဟောဝါဘုရားသခင်သည် မိမိ၏သားတော် ခရစ်တော်ယေရှုကို အသုံးပြုကာ ကောင်းကင်ဗိုလ်ခြေတို့ကို စုဝေးစေမည်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ ဆိုးညစ်သောအုပ်စိုးရှင်များ၏တပ်ပေါင်းစုကြီးကို စစ်ဆင်နွှဲမည်ဖြစ်သည်။—ဗျာ. ၁၆:၁၄; ၁၉:၁၁-၁၆

ထိုစစ်ပွဲတွင် တိုင်းနိုင်ငံတို့ပါဝင်ရန် စာတန်၏အင်အားစုများက တစ်နည်းနည်းဖြင့် လှုံ့ဆော်ကြမည်။ “ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်အမည်ရှိသောအရပ်၌ စုဝေး” စေရန် ‘လောကတစ်နိုင်ငံလုံးတွင်ရှိသော ရှင်ဘုရင်တို့ [အုပ်စိုးရှင်တို့ ] ထံသို့’ ထွက်သွားသော “နတ်ဆိုး၏ဝိညာဉ်” အကြောင်း ကျမ်းစာတွင်ဖော်ပြ၏။—ဗျာ. ၁၆:၁၄-၁၆

အခြားကျမ်းစောင်များနှင့်မတူဘဲ ဗျာဒိတ်ကျမ်းသည် ကျမ်းစာဖတ်ရှုသူများစွာ၏စိတ်ကူးဉာဏ်ကို လှုံ့ဆော်ပေးသည်။ စာသားအတိုင်း အဓိပ္ပာယ်ကောက်သူများစွာသည် စစ်ပွဲစတင်မည်ဟု သူတို့ယူဆထားသောနေရာအတိအကျကို ထောက်ပြကြပြီး ထိုဒေသဝန်းကျင်ရှိဖြစ်ပျက်ရာများကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်လျက်ရှိ၏။ အာမဂေဒုန်သည် နေရာဒေသတစ်ခုကို အတိအကျရည်ညွှန်းသည်ဟူသောအယူအဆကို ဂရိဘာသာစကားဖြင့် ဗျာဒိတ်ကျမ်း၏အဓိပ္ပာယ်ရှင်းလင်းချက်စာအုပ်တွင် တွေ့ ရှိနိုင်သည်၊ ထိုစာအုပ်ကို အေဒီခြောက်ရာစုတွင် အိုကိုမန်းယပ်စ်က ရေးသားခဲ့ပြီး ယနေ့တိုင်ရှိနေဆဲဖြစ်၏။

ရှိရင်းစွဲဝါဒီ ခရစ်ယာန်ဘုန်းတော်ကြီးများအကြား ရေပန်းစားသောရှုမြင်ချက်ကို သံယောင်လိုက်ကာ ဒဲလပ်စ်ကျမ်းစာသင်ကျောင်း၏ဥက္ကဋ္ဌဟောင်း ဂျွန်.အက်ဖ်.ဝေါလ်ဝွဒ်က အာမဂေဒုန်ကို “အရှေ့အလယ်ပိုင်းဒေသ၏ဗဟိုတွင် နောက်ဆုံးဆင်နွှဲမည့် ကမ္ဘာပျက်စစ်ပွဲကြီး” ဖြစ်သည်ဟုဆို၏။ ထို့ပြင် “ပါလက်စတိုင်းမြောက်ဘက်ရှိ ကျယ်ပြန့်သောလွင်ပြင်၏အဆုံးတွင်တည်ရှိသော ‘မေဂိဒ္ဒေါတောင်’” တွင် ထိုစစ်ပွဲကြီးဆင်နွှဲမည်ဟု သူဖော်ပြခဲ့သည်။

သို့သော် ဗျာဒိတ်ကျမ်းသည် အာမဂေဒုန်ဟုခေါ်သော ပကတိနေရာတစ်ခုအကြောင်း ဖော်ပြနေခြင်းမဟုတ်ပေ။ ကျမ်း၏နိဒါန်းတွင် ထိုကျမ်းမှတ်တမ်းများကို “အထိမ်းအမှတ်များ” ဖြင့်ဖော်ပြသည်ဟုဆိုထား၏။ (ဗျာ. ၁:၁ကဘ) ကြာမြင့်စွာကပင် ယေဟောဝါသက်သေများသည် သူတို့၏စာပေဖြစ်သော ကျမ်းစာစောင်များမှလေ့လာစရာများ၊ အတွဲ ၄ တွင် ဤသို့ဖော်ပြခဲ့ကြ၏– “ပကတိ မေဂိဒ္ဒေါတောင်တွင် လူတို့စုဝေးရောက်ရှိလာကြမည်ဟု ကျွန်ုပ်တို့မမျှော်လင့်ပါ။”

ရှေးမေဂိဒ္ဒေါ၏သမိုင်းကြောင်းက ဘုရားသခင့်ရန်သူများ ချောင်ပိတ်မိနေပြီး လွတ်လမ်းမရှိမည့်အခြေအနေကို ဖော်ပြသည်။ ထို့ကြောင့် အာမဂေဒုန်တွင် ဘုရားသခင်သည် မည်သည့်ကမ္ဘာ့ဒေသတွင်မဆို ရှိနိုင်သော ဖောက်ပြန်ယိုယွင်းမှုများ၊ ဆိုးညစ်မှုများကို အမှန်ဖယ်ရှားပစ်မည်ဖြစ်၏။—ဗျာ. ၂၁:၈

ယေဟောဝါဘုရားသခင်နှင့် သားတော်ယေရှုခရစ်ကို ချစ်မြတ်နိုးသူများသည် အာမဂေဒုန်ကို ကြောက်စရာမလိုပါ။ ထိုစစ်ပွဲသည် ပြုပြင်၍မရအောင်ဆိုးညစ်သည်ဟု ဘုရားသခင် ဆုံးဖြတ်စီရင်မည့်လူသားများကိုသာ ဦးတည်တိုက်ခိုက်မည်ဖြစ်၏။ ကိုယ်တော်သည် ထိုစစ်ပွဲတွင် စိစစ်၍ဖျက်ဆီးသွားပါလိမ့်မည်။ ‘ဘုရားသခင်ဝတ်၌မွေ့လျော်သောသူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းအထဲက ကယ်နုတ်’ ခြင်းငှာ ယေဟောဝါတတ်နိုင်တော်မူသည်ဟု ကျမ်းစာတွင်ဆိုထားသည်။ (၂ ပေတရု ၂:၉) ဆာလံ ၃၇:၃၄ ပါ စိတ်နွေးထွေးဖွယ်ကတိတော်တွင် ဤသို့ဆို၏– ‘ထာဝရဘုရားသခင်ကို မျှော်လင့်၍ လမ်းတော်ကိုလျှောက်သွားလော့။ ပြည်တော်ကိုအမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။ မတရားသောသူတို့ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည်။’