မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

ဘုရားနဲ့ရော အမေနဲ့ပါ ပြန်သင့်မြတ်

ဘုရားနဲ့ရော အမေနဲ့ပါ ပြန်သင့်မြတ်

“ဘိုးဘေးတွေကို ဘာကြောင့် မကိုးကွယ်ရတော့မှာလဲ။ သူတို့ကြောင့် ညည်း လူဖြစ်လာတာ သိရဲ့လား။ သူတို့ကို ကျေးဇူးတင်ရကောင်းမှန်း မသိဘူးလား။ ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာတဲ့ ရိုးရာထုံးစံတွေကိုမှ စွန့်ပစ်ရတယ်လို့အေ။ ဘိုးဘေးတွေကို အရိုအသေမပေးတာက ငါတို့ရဲ့ဘာသာ မှားနေတယ်လို့ ပြောလိုက်တာပဲ” ဆိုပြီး အမေ ပြောရင်း ငိုတော့တယ်။

အဲဒီမတိုင်ခင် လအနည်းငယ်လောက်မှာ ယေဟောဝါသက်သေတွေက အမေ့ကို ကျမ်းစာသင်အံမှု ကမ်းလှမ်းတယ်။ သူ မလေ့လာချင်ပေမဲ့ ရိုင်းရာကျမှာစိုးလို့ ကျွန်မနဲ့လေ့လာဖို့ စီစဉ်ပေးတယ်။ အခုတော့ ကျွန်မကို သူစိတ်ပျက်နေပြီ။ သမီးအလိမ္မာလေးဆိုတော့ တစ်ခါမှ အခုလို စိတ်မဆိုးဖူးဘူး။ ဒီတစ်ကြိမ်မှာတော့ သူတို့စကားကို ကျွန်မ နားမထောင်နိုင်တော့ဘူး။ ယေဟောဝါကို ပျော်ရွှင်စေချင်တယ်။ မလွယ်ပေမဲ့ ယေဟောဝါ ခွန်အားပေးပါတယ်။

ယေဟောဝါအကြောင်း သိရှိလာခြင်း

ဂျပန်နိုင်ငံက လူအများစုလိုပဲ ကျွန်မမိသားစုလည်း ဗုဒ္ဓဘာသာဝင်တွေပါ။ ယေဟောဝါသက်သေတွေနဲ့ နှစ်လလေ့လာပြီးနောက် ကျမ်းစာ မှန်တယ်ဆိုတာ ယုံကြည်စိတ်ချသွားတယ်။ ကောင်းကင်ဖခင်ရှိမှန်း သိလာပြီး သူ့အကြောင်း ကောင်းကောင်းသိချင်လာတယ်။ သိရှိလာတာတွေကို အမေနဲ့ ပြောလေ့ရှိတယ်။ တနင်္ဂနွေနေ့ အစည်းအဝေးတွေကို ကျွန်မ စတက်လာတယ်။ အမှန်တရားအကြောင်း ပိုသိလာတဲ့အခါ ဗုဒ္ဓဘာသာ ဓလေ့ထုံးစံတွေမှာ မပါဝင်တော့ဘူးလို့ အမေ့ကို ပြောလိုက်တယ်။ ရုတ်တရက် အမေ သဘောထားပြောင်းသွားတယ်။ “ဘိုးဘေးတွေကို မချစ်တဲ့ မိသားစုဝင်တစ်ယောက်ရှိတာ တော်တော် ရှက်ဖို့ကောင်းတယ်” လို့ အမေပြောတယ်။ ကျမ်းစာ မလေ့လာရတော့ဘူး၊ အစည်းအဝေးတွေ မတက်ရတော့ဘူးလို့ အမိန့်ထုတ်လိုက်တယ်။ အမေ အဲဒီလိုပြောမယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ အခု တော်တော် ပြောင်းလဲသွားတယ်။

အဖေကလည်း အမေ့ကို ထောက်ခံတယ်။ ဧဖက် အခန်းကြီး ၆ အရ မိဘကို ရိုသေရမယ်ဆိုတာ ကျွန်မ သိတယ်။ မိသားစုကို အေးအေးချမ်းချမ်း ပြန်ဖြစ်စေချင်တယ်။ သူတို့စကားကို နားထောင်ရင် သူတို့လည်း တဖြည်းဖြည်း ကျွန်မ ပြောတာ နားထောင်လာလိမ့်မယ်လို့ တွေးမိတယ်။ အဲဒီအချိန်က စာမေးပွဲအချိန်လည်း ဖြစ်နေတော့ မိဘတွေပြောသလို အစည်းအဝေး သုံးလ မတက်ဖို့ သဘောတူလိုက်တယ်။ ဒါပေမဲ့ အဲဒီအချိန်ပြည့်သွားတဲ့အခါ အစည်းအဝေးတွေ ပြန်တက်ပါမယ်လို့ ယေဟောဝါကို ကတိပေးလိုက်တယ်။

ကျွန်မဆုံးဖြတ်ချက် မှားသွားတယ်။ ပထမအကြောင်းရင်းကတော့ သုံးလပြည့်သွားတဲ့အခါ အရင်ကလိုပဲ ဘုရားရေးရာဘက်မှာ သန်မာနေလိမ့်မယ်လို့ ထင်ထားပေမဲ့ တော်တော် အားနည်းသွားမှန်း သိလိုက်ရလို့ပဲ။ ဒုတိယအကြောင်းရင်းကတော့ ယေဟောဝါကို ဝတ်မပြုဖို့ မိဘတွေ အရင်ကထက် ပိုဖိအားပေးလာလို့ပဲ။

အကူအညီနဲ့ ဆန့်ကျင်မှု

မိသားစုဆန့်ကျင်မှုကြုံရတဲ့ သက်သေခံများစွာကို နိုင်ငံတော်ခန်းမမှာ ဆုံတွေ့ရတယ်။ ကျွန်မကို ယေဟောဝါ ခွန်အားပေးမယ်လို့ သူတို့ အားပေးကြတယ်။ (မ. ၁၀:၃၄-၃၇) ယေဟောဝါအပေါ် ဆက်သစ္စာရှိရင် မိသားစုဝင်တွေလည်း ယေဟောဝါအကြောင်း သိလာမယ်လို့ သူတို့ ပြောတယ်။ ယေဟောဝါကို ကျွန်မ အားကိုးချင်တာကြောင့် စပြီး ထက်ထက်သန်သန် ဆုတောင်းတော့တယ်။

မိသားစုက ကျွန်မကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်တယ်။ အမေက အသနားခံလိုက်၊ ဖျောင်းဖျလိုက်ပေါ့။ အများအားဖြင့်တော့ ကျွန်မ ငြိမ်နေလိုက်တယ်။ ပြန်ပြောရင်လည်း သူမှန်တယ်၊ ကိုယ်မှန်တယ်နဲ့ ငြင်းခုံတာပဲ အဖတ်တင်လေ့ရှိတယ်။ အမေ့ခံစားချက်နဲ့ ယုံကြည်ချက်တွေကို အသိအမှတ်ပြုရင် အခြေအနေပိုကောင်းလာနိုင်မှန်း ကျွန်မ သိသင့်တယ်။ မိဘတွေက အပြင်ထွက်လို့မရအောင် အိမ်အလုပ်တွေ တရစပ် လုပ်ခိုင်းတယ်။ တစ်ခါတလေ အိမ်ထဲ ပြန်ဝင်လို့ မရအောင် သော့ခတ်ထားတာမျိုး၊ စားစရာ ဘာမှမချန်ထားတာမျိုး လုပ်တတ်တယ်။

အမေက ကျွန်မကို ဝိုင်းဖျောင်းဖျပေးဖို့ တခြားသူတွေကိုလည်း အကူအညီတောင်းတယ်။ ဆရာမကို သွားပြောတော့ ဘာမှမထူးခြားဘူး။ ဒါနဲ့ အမေက ကျွန်မကို သူ့အလုပ်ထဲ ခေါ်သွားပြီး မန်နေဂျာနဲ့တွေ့ပေးတယ်။ ဘာသာတရားအားလုံး အလကားပဲဆိုတာ ယုံကြည်လာအောင် ဖျောင်းဖျဖို့ပေါ့။ အမျိုးတွေဆီလည်း ဖုန်းဆက်ပြီး ငိုယိုအကူအညီတောင်းတယ်။ ကျွန်မ တော်တော် စိတ်မကောင်းဘူး။ ဒါပေမဲ့ သူ အဲဒီလို လျှောက်ပြောနေတာ တကယ်တော့ သက်သေခံနေတာပဲဆိုပြီး အစည်းအဝေးမှာ အကြီးအကဲတွေ အားပေးတယ်။

မိဘတွေက ကျွန်မ အလုပ်ကောင်းကောင်းရအောင် တက္ကသိုလ်တက်စေချင်တယ်။ အဲဒီအကြောင်း အေးအေးဆေးဆေး ဆွေးနွေးလို့ကို မရဘူး။ ဒါနဲ့ ကျွန်မရဲ့ပန်းတိုင်တွေအကြောင်း စာရေးပြီး အကြိမ်ကြိမ် ရှင်းပြခဲ့ရတယ်။ အဖေ တအားစိတ်ဆိုးသွားတယ်။ “အလုပ်ရအောင် ရှာနိုင်တယ်လို့ ထင်ရင် မနက်ဖြန် ရအောင် ရှာခဲ့။ မရရင် အိမ်ပေါ်ကဆင်း” လို့ ပြောတယ်။ ယေဟောဝါဆီ ကျွန်မ ဆုတောင်းပြီး အကူအညီတောင်းလိုက်တယ်။ နောက်နေ့ အမှုဆောင်ထွက်နေတုန်း ညီအစ်မနှစ်ယောက်က သူတို့ကလေးတွေကို စာသင်ပေးဖို့ အလုပ်ကမ်းလှမ်းလာတယ်။ ဒါပေမဲ့ အဖေကတော့ မကျေနပ်သေးဘူး။ ဒါကြောင့် ကျွန်မကို စကားမပြောတော့ဘဲ လျစ်လျူရှုထားတယ်။ ယေဟောဝါသက်သေဖြစ်တာထက် လူဆိုးလူမိုက်ဖြစ်ရင်တောင် ပိုကောင်းသေးတယ်လို့ အမေပြောတယ်။

ကျွန်မရဲ့ အတွေးအခေါ်ကို ပြုပြင်ဖို့၊ ဘာလုပ်ရမှန်း သိလာဖို့ ယေဟောဝါ ကူညီပေးခဲ့တယ်

မိဘတွေကို ဒီလောက် ဆန့်ကျင်ဖို့ ယေဟောဝါအလိုရှိရဲ့လားလို့ တစ်ခါတလေ တွေးမိတယ်။ ဒါကြောင့် ယေဟောဝါဆီ ဆုတောင်းပြီး ကိုယ်တော့်မေတ္တာအကြောင်း ပြောထားတဲ့ ကျမ်းချက်တွေကို တွေးတောဆင်ခြင်ခဲ့တယ်။ အဲဒါက အပြုသဘော ဆက်ရှိဖို့၊ ကျွန်မကို စိုးရိမ်လို့ မိဘတွေ ဆန့်ကျင်နေမှန်း နားလည်ဖို့ ကူညီပေးတယ်။ ကျွန်မရဲ့ အတွေးအခေါ်ကို ပြုပြင်ဖို့၊ ဘာလုပ်ရမှန်း သိလာဖို့ ယေဟောဝါ ကူညီပေးခဲ့တယ်။ အဲဒီအပြင် အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်လေ အဲဒီလုပ်ငန်းကို ပိုကြိုက်လေ ဖြစ်လာတယ်။ ဟုတ်တယ်။ ကျွန်မ ရှေ့ဆောင်ဖြစ်ချင်တယ်။

ရှေ့ဆောင်တစ်ယောက်အဖြစ် အမှုဆောင်ခြင်း

ကျွန်မ ရှေ့ဆောင်လုပ်ချင်မှန်း ညီအစ်မတချို့ ကြားတဲ့အခါ မိဘတွေ စိတ်အေးတဲ့အထိ စောင့်ပါဦးလို့ ပြောကြတယ်။ ဒါနဲ့ ဉာဏ်ပညာရဖို့ ဆုတောင်းတယ်။ ထပ်ဆင့်ရှာဖွေလေ့လာတယ်။ ရှေ့ဆောင်လုပ်ချင်ရတဲ့ အကြောင်းရင်းကို သေချာတွေးတယ်။ ရင့်ကျက်တဲ့ ညီအစ်ကိုညီအစ်မတွေနဲ့ တိုင်ပင်တယ်။ ယေဟောဝါကို ကျွန်မ ပျော်ရွှင်စေချင်တယ်။ ရှေ့ဆောင်လုပ်တာကို ရွှေ့ဆိုင်းလိုက်လို့ မိဘတွေ သဘောထားပြောင်းလာမယ်ဆိုတဲ့ အာမခံချက်မရှိမှန်း သဘောပေါက်လာတယ်။

အထက်တန်းကျောင်း နောက်ဆုံးနှစ်မှာ ကျွန်မ ရှေ့ဆောင်စလုပ်တယ်။ ရှေ့ဆောင် ခဏလုပ်ပြီးနောက် ပိုလိုအပ်တဲ့နေရာကို ပြောင်းရွှေ့ချင်လာတယ်။ မိဘတွေကတော့ အိမ်ကနေ မထွက်စေချင်ဘူး။ ဒါကြောင့် အသက် ၂၀ ပြည့်တဲ့အထိ စောင့်လိုက်တယ်။ အဲဒီနောက် အမေလည်း သိပ်စိတ်မပူအောင် အမျိုးတွေရှိတဲ့ ဂျပန်တောင်ပိုင်းမှာ တာဝန်ချပေးဖို့ ဌာနခွဲရုံးကို တောင်းဆိုလိုက်တယ်။

အဲဒီနေရာမှာ အမှုဆောင်ရင်း ကျမ်းစာသင်သား အတော်များများ နှစ်ခြင်းခံတာကို မြင်ခဲ့ရလို့ သိပ်ပျော်ခဲ့ရတယ်။ အမှုဆောင်လုပ်ငန်းကို တိုးချဲ့ချင်တာကြောင့် အင်္ဂလိပ်စကားကိုလည်း သင်ယူခဲ့တယ်။ အသင်းတော်က အထူးရှေ့ဆောင်နှစ်ယောက်ရဲ့ ဇွဲထက်သန်ပုံ၊ တခြားသူတွေကို သူတို့ ကူညီပေးပုံကို မြင်တွေ့ပြီးနောက် ကျွန်မလည်း အထူးရှေ့ဆောင် ဖြစ်ချင်လာတယ်။ အဲဒီအတောအတွင်း အမေ နှစ်ကြိမ်တိတိ အသည်းအသန် နေမကောင်းဖြစ်လို့ အိမ်ပြန်ခဲ့ရသေးတယ်။ အမေ အံ့သြသွားပြီး နည်းနည်း စိတ်ပျော့လာတယ်။

ယေဟောဝါဆီက ကောင်းချီးများ

ခုနစ်နှစ်ကြာပြီးနောက် ညီအစ်ကိုအဆူရှီ ကျွန်မကို စာတစ်စောင်ပေးတယ်။ အစောပိုင်းမှာ ကျွန်မပြောခဲ့တဲ့ အထူးရှေ့ဆောင်တွေထဲက တစ်ယောက်ပေါ့။ သူက ကျွန်မကို လက်ထပ်ချင်ပြီး ကျွန်မသဘောထားကို သိချင်နေတာ။ ကိုယ်ကလည်း သူ့ကို မကြိုက်ဘူး။ ကိုယ့်ကို သူ ကြိုက်နေတယ်လို့လည်း မထင်မိဘူး။ တစ်လကြာပြီးနောက် သူနဲ့ ပိုရင်းနှီးချင်တယ်လို့ စာပြန်လိုက်တယ်။ နှစ်ယောက်စလုံး ပန်းတိုင်တူမှန်း၊ အချိန်ပြည့်လုပ်ငန်းမှာ ဆက်ပါဝင်ချင်ပြီး ဘယ်တာဝန်ကိုမဆို လက်ခံချင်မှန်း သိလာရတယ်။ အချိန်တန်တော့ လက်ထပ်လိုက်ကြတယ်။ မင်္ဂလာပွဲကို မိဘတွေနဲ့ အမျိုးတွေလာလို့ သိပ်ပျော်တာပဲ။

နီပေါ

ကျွန်မတို့နှစ်ယောက် မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်နေတုန်း မကြာခင်မှာပဲ ညီအစ်ကိုအဆူရှီဟာ အရန်တိုက်နယ်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရတယ်။ နောက်ထပ် ကောင်းချီးတွေ ဆက်လိုက်လာတယ်။ နှစ်ယောက်စလုံး အထူးရှေ့ဆောင်အဖြစ် ခန့်အပ်ခံရတယ်။ ပြီးနောက် တိုက်နယ်လုပ်ငန်းမှာ ပါဝင်ဖို့ ဖိတ်ခေါ်ခံရတယ်။ ကိုယ့်တိုက်နယ်ထဲမှာရှိတဲ့ အသင်းတော်အားလုံးကို တစ်ကြိမ်လည်ပတ်ပြီးနောက် ဌာနခွဲရုံးက ဖုန်းခေါ်ပြီး နီပေါနိုင်ငံမှာ တိုက်နယ်ပတ်နိုင်မလားလို့ မေးတယ်။

နိုင်ငံများစွာမှာ အမှုဆောင်ရင်း ယေဟောဝါအကြောင်း အများကြီးသိရှိလာ

ဒီလောက်အဝေးကြီးကို ပြောင်းရွှေ့သွားရင် မိဘတွေ ဘယ်လို ခံစားရမလဲလို့ ကျွန်မ စိုးရိမ်မိတယ်။ သူတို့ကို ဖုန်းဆက်တော့ “သိပ်ကောင်းတဲ့နေရာပဲ” လို့ အဖေ ပြောတယ်။ ရှေ့တစ်ပတ်ကပဲ အဖေ့သူငယ်ချင်းတစ်ယောက်က နီပေါနိုင်ငံအကြောင်း ရေးထားတဲ့စာအုပ် ပေးဖတ်ထားလို့ အဲဒီကို သွားလည်ဖို့တောင် အဖေ စဉ်းစားနေတာတဲ့။

နီပေါနိုင်ငံက ဖော်ရွေတဲ့လူတွေနဲ့အတူ အမှုဆောင်ရတာ ပျော်စရာပဲ။ နောက်ပိုင်း၊ ကျွန်မတို့ရဲ့ တိုက်နယ်ထဲမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံလည်း ပါလာတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ နီပေါနိုင်ငံနဲ့ သိပ်နီးပေမဲ့ သိပ်ကွာခြားတယ်။ အမှုဆောင်လုပ်ငန်းမှာ လူအမျိုးမျိုးနဲ့ ဆုံတွေ့ရတယ်။ ငါးနှစ်ကြာပြီးနောက် ဂျပန်နိုင်ငံမှာ တိုက်နယ်ပြန်လုပ်ဖို့ တာဝန်ခန့်အပ်ခံရတယ်။

ဂျပန်၊ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်မှာ အမှုဆောင်ရင်း ယေဟောဝါအကြောင်း အများကြီးသိရှိလာတယ်။ နိုင်ငံတိုင်းရဲ့ ယဉ်ကျေးမှု၊ နောက်ခံ၊ ဓလေ့ထုံးစံတွေ မတူကြဘူး။ လူတိုင်းလည်း တစ်ယောက်တစ်မျိုးစီ ထူးခြားတယ်။ လူတစ်ယောက်စီကို ယေဟောဝါ ဘယ်လို ဂရုစိုက်၊ လက်ခံ၊ ကူညီ၊ ကောင်းချီးပေးမှန်း သိလာရတယ်။

ယေဟောဝါကို ကျေးဇူးတင်စရာ အများကြီးရှိတယ်။ ကိုယ်တော့်ကို သိကျွမ်းခွင့်၊ အမှုဆောင်ခွင့် ပေးထားတဲ့အပြင် သိပ်ကောင်းတဲ့ ခရစ်ယာန်ခင်ပွန်းကိုလည်း ပေးထားတယ်။ ဆုံးဖြတ်ချက် ကောင်းကောင်းချနိုင်ဖို့လည်း ကူညီပေးတယ်။ အခုဆိုရင် ယေဟောဝါနဲ့ရော မိသားစုနဲ့ပါ ဆက်ဆံရေးကောင်း ရှိနေပြီ။ အမေနဲ့ ပြန်ရင်းနှီးသွားလို့ ယေဟောဝါကို ကျေးဇူးတင်ရမယ်။ ဘုရားနဲ့ရော အမေနဲ့ပါ ပြန်သင့်မြတ်သွားလို့ သိပ်ကို ကျေးဇူးတင်ပါတယ်။

တိုက်နယ်လုပ်ငန်းမှာ သိပ်ပျော်ရ