မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အားထား၍မရသော “ပညာရှင်များ”

အားထား၍မရသော “ပညာရှင်များ”

အားထား​၍​မရ​သော “ပညာရှင်​များ”

ယနေ့ခေတ်​တွင် သားသမီး​မွေးမြူရေး​နှင့်​ပတ်သက်သော လမ်းညွှန်ချက်များ​ကို အင်တာနက်​တွင်​ရှာဖွေ​ကြည့်​ပါ​က အကြောင်းအရာ​ပေါင်း ၂၆ သန်း​ကျော်​ကို သင်​တွေ့ရှိ​နိုင်​သည်။ တစ်ခုစီ​ကို တစ်​မိနစ်​မျှ အချိန်ပေး​ဖတ်ရှု​လျှင်​ပင် အားလုံး​အပြီး​ဖတ်​နိုင်​ရန် နှစ်ပေါင်း​များစွာ ကြာညောင်း​လိမ့်​မည်။

ကလေး​အထူးကု​ဆရာဝန်​များ၊ ကလေး​ဆိုင်ရာ စိတ်​ပညာရှင်​များနှင့် အင်တာနက်​စ​သည်​တို့​မရှိ​မီ​က မိဘများသည် မည်သည့်​နေရာ​မှ လမ်းညွှန်မှု​ရရှိကြ​သနည်း။ အများအားဖြင့် ဆွေမျိုး​အသိုင်းအဝိုင်း​များ​ထံ​မှ​ဖြစ်သည်။ မိခင်၊ ဖခင်၊ အဒေါ်၊ ဦးလေး​တို့​က လိုလိုလားလား လမ်းညွှန်​ပေး​ကြ၊ ငွေကြေး​အကူအညီ​ပေး​ကြ​ပြီး ကလေး​ထိန်းပေး​ကြသည်။ သို့သော် နိုင်ငံ​များစွာ​တွင် ကျေးလက်​နေ​လူထု​သည် မြို့ကြီး​များ​သို့ ပြောင်းရွှေ့​လာ​ကြ​ရာ ထိုသို့​သော​မိသားစု​အနှောင်အဖွဲ့​များ လုံးဝ​ပြတ်တောက်​လု​နီးပါး​ဖြစ်​ခဲ့​သည်။ ယနေ့ မိခင်​ဖခင်​များသည် မိဘ​ဖြစ်​ခြင်း​၏​စိန်ခေါ်ချက်​များ​ကို မိမိတို့​ဘာသာ ဖြေရှင်း​နေကြ​ရသည်။

ယင်းက ကလေး​စောင့်ရှောက်ရေး​လုပ်ငန်းများ တစ်ရှိန်ထိုး​တိုးများ​လာ​ခြင်း​၏ အကြောင်းရင်း​တစ်ခု​ဖြစ်၏။ နောက်​အကြောင်းရင်း​တစ်ခု​မှာ သိပ္ပံ​ပညာ​ကို ပို​၍​ယုံကြည်​လက်ခံ​လာသော​ကြောင့်​ဖြစ်သည်။ ၁၈၀၀ ပြည့်လွန်​နှစ်များ​နှောင်းပိုင်းတွင် အမေရိကန်​ပြည်သူ​များ​က သိပ္ပံ​ပညာ​သည် လူ့​ဘဝ​ကဏ္ဍ​တိုင်း​ကို တိုးတက်​စေနိုင်​သည်​ဟု ယုံကြည်​လာ​ကြ​၏။ ယင်း​တွင် ကလေး​ပြုစု​ပျိုးထောင်​ရေး​လည်း ပါဝင်​သည်။ ထို့​ကြောင့် ၁၈၉၉ ခုနှစ်​တွင် မိခင်များ​ဆိုင်ရာ အမေရိကန်​အမျိုးသား​ကွန်ဂရက်​က “မိဘများ အရည်အချင်း​မပြည့်မီ” ခြင်း​ကို လူသိရှင်ကြား​ညည်းညူ​မြည်တမ်း​ခဲ့​ရာ “သိပ္ပံ​ပညာရှင်” များစွာက အကူအညီ​ပေး​မည်​ဟု ချက်ချင်း​ကမ်း​လှမ်း​လာ​ကြသည်။ သားသမီး​မွေးမြူရေး​တွင် ရုန်းကန်​နေရ​သည့် မိခင်​ဖခင်​များ​ကို ကူညီ​ပေး​မည်​ဟု သူတို့​ကတိပေး​ကြ​၏။

စာအုပ်​များ​တွင် လမ်းညွှန်မှု​ရှာ​ခြင်း

သို့​တိုင် ထို​ပညာရှင်​များ အဘယ်အရာကို ပြီးမြောက်​စေ​ခဲ့ပြီ​နည်း။ ယနေ့ မိဘများသည် ယခင်​က​ထက် ပြဿနာ​များ​လျော့နည်း​လာပြီး သားသမီး​မွေးမြူရေး​တွင် ပို​၍​အရည်အချင်း​ပြည့်မီ​လာ​ကြ​သလော။ ဗြိတိန်​နိုင်ငံ​တွင် မကြာသေးမီ​က ကောက်ခံ​ခဲ့​သော မဲ​ဆန္ဒ​အရ လုံးဝ​မဟုတ်ပါ။ မိဘ ၃၅ ရာခိုင်နှုန်း​သည် မိမိတို့​သားသမီး​အတွက် ယုံကြည်​အားထား​နိုင်သော လမ်းညွှန်မှု​ရှာ​ဆဲ​ဖြစ်သည်ဟု ယင်းက ဖော်ပြ​သည်။ အခြားသူများ​က​မူ မိမိတို့၏ ပင်ကို​အသိဉာဏ်​ကို​သာ အားထား​ရတော့မည်​ဟု ယူမှတ်​ကြသည်။

Raising America: Experts, Parents, and a Century of Advice About Children (အမေရိက​ကို​ပြုစု​ပျိုးထောင်​ခြင်း– ပညာရှင်​များ၊ မိဘများနှင့် ကလေး​များ​အတွက် အကြံပြု​ရာစုနှစ်) စာအုပ်​တွင် အန်း​ဟဲလ်​ဘ​တ်​က ကလေး​ပြုစု​ပျိုးထောင်​ခြင်း​နှင့်​ပတ်သက်သော ပညာရပ်​စာပေ​သမိုင်း​ကို လေ့လာ​ခဲ့​သည်။ ကလေး​နှစ်ဦး​၏​မိခင်​ဖြစ်သူ ဟဲလ်​ဘ​တ်​က ပညာရှင်​များ​၏ ဖော်ပြချက်​အနည်းငယ်​သာ ခိုင်လုံ​သော​သိပ္ပံ​ပညာ​ပေါ် အခြေပြု​ထား​သည်​ဟု ပြောဆို​ခဲ့​သည်။ အမှန်​မှာ ဖြစ်ရပ်မှန်​ပေါ်​အခြေပြု​သော အချက်အလက်​များ​ထက် သူတို့၏​ဘဝ​အတွေ့အကြုံ​က သူတို့၏​လမ်းညွှန်ချက်ကို လွှမ်းမိုး​ထား​ပုံ​ရသည်။ ပြန်​သုံးသပ်ကြည့်​လျှင် သူတို့၏​ရေးသားချက်​အများစု​သည် အခိုက်အတန့်​သာ တွင်ကျယ်​ပြီး ဆီလျော်​မှုမရှိ​သည့်​အပြင် တစ်ခါတစ်ရံ အလွန်​အူ​ကြောင်​ကြောင်​နိုင်​သည်။

ထို့​ကြောင့် ယနေ့ မိဘများ​၏​အခြေအနေ မည်သို့​ရှိ​သနည်း။ အမှန်​ဆို​ရ​လျှင် ယခင်​က​ထက်​ပို​များသော လမ်းညွှန်ချက်များ၊ ထင်မြင်ချက်​များနှင့် အချေအတင်​ပြောဆိုမှု​များ​ကြောင့် မိဘများ စိတ်ရှုပ်​ထွေး​လာ​ကြသည်။ သို့သော် လမ်းညွှန်မှု​မရှိတော့​ဟု မိဘ​အားလုံး ယူဆကြ​သည်မဟုတ်​ပေ။ ကမ္ဘာ​တစ်ဝန်း​ရှိ မိဘ​များစွာ​သည် ဉာဏ်ပညာ​၏ ရှေးကျ​သော​ရင်းမြစ်​မှ အကျိုး​ခံစား​ခဲ့​ရပြီ၊ နောက်​ဆောင်းပါး​တွင် တွေ့ရ​မည့်​အတိုင်း ယင်းသည် ယုံကြည်​အားထား​ရသော လမ်းညွှန်မှု​၏ ရင်းမြစ်​ဖြစ်​နေဆဲ​ပင်။