မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာမြေ ပရဒိသု ဖြစ်လာမည်ကို သင်ယုံနိုင်သလော

ကမ္ဘာမြေ ပရဒိသု ဖြစ်လာမည်ကို သင်ယုံနိုင်သလော

ကမ္ဘာ​မြေ ပရဒိသု ဖြစ်လာ​မည်​ကို သင်​ယုံနိုင်သလော

ဤ​ကမ္ဘာ​မြေ ပရဒိသု​ဖြစ်လာ​လိမ့်​မည်​ဟု ယုံကြည်သူ အနည်းငယ်​သာ​ရှိ၏။ လူအများ​က​မူ ကမ္ဘာ​မြေ အစဉ်​တည်ရှိ​နိုင်​မည်​မဟုတ်​ဟု ယူမှတ်​ကြသည်။ ဘရိုင်ယန် လေ မော့​လေ​နို​၏ မြင့်​မြတ်သော​ကမ္ဘာ စာအုပ်​အရ လွန်ခဲ့သော​နှစ်​သန်းပေါင်း​များစွာက ‘အာကာသ​ပေါက်ကွဲ​မှု​ကြီး’ ကြောင့် ဤ​ကမ္ဘာ​မြေ ဖြစ်ပေါ်​လာ​သည်​ဟု​ဆို​၏။ လူသည် ကမ္ဘာ​မြေ​ကို မဖျက်ဆီး​လျှင်​ပင် နောက်ဆုံး​တွင် ကမ္ဘာ​မြေ​နှင့် စကြဝဠာ​တစ်ခုလုံး “မီး​ထဲ​သို့ ကျွံ၍​ပြိုကျ” သွား​နိုင်​သည်​ဟု လူအများ​က ယုံကြည်​ကြ​၏။

၁၇ ရာစု​မှ အင်္ဂလိပ်​ကဗျာ​ဆရာ ဂျွန်​မီလ်တန်​တွင် ဤသို့​သော​အပျက်သဘောထား​များ မရှိ​ချေ။ ဘုရားသခင်​သည် ဤ​ကမ္ဘာ​မြေ​ကို လူ့​မိသားစု​အတွက် ပရဒိသု​စံအိမ်​အဖြစ် ဖန်ဆင်း​ပေး​ခဲ့​သည်​ဟု သူ၏​မော်ကွန်း​ဝင်​ကဗျာ ပရဒိသု​ပျောက်ဆုံး​ခြင်း တွင်​ရေးဖွဲ့​ခဲ့​၏။ ထို​မူလ​ပရဒိသု ပျောက်ဆုံး​သွားခဲ့သည်။ သို့သော် ပရဒိသု​ကို ပြန်လည်​တည်ထောင်​လိမ့်​မည်၊ ရွေးနုတ်ရှင်​အဖြစ် ယေရှု​ခရစ်​သည် တစ်နေ့​နေ့တွင် “ကိုယ်တော်​၏​သစ္စာရှိ​သူတို့ကို ဆုချ​ရန် ကောင်းကင် သို့​မဟုတ် ကမ္ဘာ​မြေ​တွင် . . . သုခ​ချမ်းသာ စံစား​စေ​လိမ့်​မည်” ဟု​မီလ်တန် ယုံကြည်ခဲ့​သည်။ “ထို​အချိန်​အခါ​တွင် ကမ္ဘာ​မြေ​တစ်ခုလုံး​သည် ပရဒိသု​ဖြစ်လာ​လိမ့်​မည်” ဟု​ယုံကြည်​စိတ်ချ​စွာ မီလ်တန်​ကြေညာ​ခဲ့​၏။

ပရဒိသု—ကောင်းကင်​တွင်​လော၊ ကမ္ဘာ​မြေ​တွင်​လော

ဤ​ကမ္ဘာ​မြေပေါ်​တွင် ကြောက်မက်​ဖွယ်​ရာ​များနှင့် ဝေဒနာ​များ ခံစား​ခဲ့​ရသည့်​အတွက် နောက်ဆုံး​တွင် နစ်နာကြေး​တစ်မျိုး​မျိုး​ရရှိ​မည်​ဟူသော မီလ်တန်​၏​ရှုမြင်ချက်​ကို ဘာသာရေး​သမားများ​စွာ​က ခံယူ​ကြ​၏။ သို့သော် ထို​နစ်နာကြေး​ကို သူတို့ အဘယ်​နေရာတွင် ရရှိ​မည်​နည်း။ “ကောင်းကင် သို့​မဟုတ် ကမ္ဘာ​မြေ​တွင်” လော။ အချို့​သူများ​သည် ကမ္ဘာ​မြေပေါ်​တွင်​ရရှိ​မည်​ဟု မစဉ်း​စား​ချေ။ လူသည် ဤ​ကမ္ဘာ​မြေ​ကို စွန့်ခွာ​ပြီး​နောက် ကောင်းကင်​ဝိညာဉ်ဘုံ​သို့ ရောက်​မှ​သာ “သုခ​ချမ်းသာ” စံစား​ရ​လိမ့်​မည်​ဟု သူတို့​ဆို​ကြ​၏။

ကောင်းကင်—သမိုင်းကြောင်း စာအုပ်​၌ စာရေး​ဆရာ စီ. မက်​ခ်ဒဲန်​နယ်​လ်​နှင့် ဘီ. လဲ​န်ဂ်​တို့​က ဒုတိယ​ရာစု​မှ ခရစ်ယာန်​ဓမ္မ​ပညာရှင် အိုင်​ရင်​နီ​ယပ်စ်​သည် “ဝေးလံ​သော​ကောင်းကင်ဘုံ​တွင်​မဟုတ်ဘဲ ကမ္ဘာ​မြေပေါ်” ပြန်လည်​တည်ထောင်​လာ​မည့် ပရဒိသု​တွင် အသက်ရှင်​နေထိုင်​ရမည်ဟု ယုံကြည်ခဲ့​ကြောင်း ဖော်ပြ​သည်။ ထို​စာအုပ်​အရ ဂျွန်​ကယ်​လ်ဗင်​နှင့် မာတင်​လူသာ​တို့​ကဲ့သို့​သော ခရစ်ယာန်​ဘာသာရေး​ခေါင်းဆောင်​များ​က ကောင်းကင်​သွား​ရန် မျှော်လင့်​ကြသော်လည်း “ဘုရားသခင်​သည် ဤ​ကမ္ဘာ​မြေ​ကို အသစ်တစ်ဖန် ပြုလုပ်​ပေး​မည်” ဟူ၍လည်း ယုံကြည်ခဲ့​ကြ​၏။ တခြား​ခရစ်ယာန်​ဘာသာရေး​သမားများ​က​လည်း ထိုသို့​ပင်​ယုံကြည်​ကြသည်။ ဘုရားသခင်​သတ်မှတ်​ထားသော​အချိန်တွင် လူ့​ဆင်းရဲ​အခက်အခဲ​ရှိသမျှ “ပပျောက်​သွားပြီး ပြည့်စုံ​ကုံလုံ​သော​ဘဝဖြင့် ကမ္ဘာ​မြေပေါ်​တွင် နေထိုင်ကြ​ရ​လိမ့်​မည်” ဟု​ဂျူး​အချို့ ယုံကြည်​ကြောင်းကို​လည်း မက်​ခ်ဒဲန်​နယ်​လ်​နှင့် လဲ​န်ဂ်​တို့​ဖော်ပြ​၏။ ရှေး​ပါရှန်း​လူတို့၏​ယုံကြည်ချက်​အရ “မူလ​ကမ္ဘာ​မြေ​အနေအထား ပြန်လည်​ဖြစ်ပေါ်​လာပြီး လူတို့သည် ငြိမ်သက်​စွာ တစ်ဖန်​နေထိုင်ကြ​ရတော့မည်” ဟု အရှေ့အလယ်ပိုင်း ဒဏ္ဍာရီ​နှင့်​ဘာသာရေး စွယ်စုံ​ကျမ်း က​ဆို​သည်။

ကမ္ဘာ့​ပရဒိသု​မျှော်လင့်ချက် မည်သို့​ဖြစ်သွား​သနည်း။ ကျွန်ုပ်​တို့၏​ကမ္ဘာ​မြေ​သည် ခေတ္တ​ခဏမျှ​သာ တည်ရှိ​ရမည်​လော။ ပထမ​ရာစု​ဂျူး​အတွေးအခေါ်​ပညာရှင် ဖီလို​ယုံကြည်ခဲ့​သည့်​အတိုင်း ဝိညာဉ်​လောက​သို့ ဦးတည်​သွား​နေစဉ် “အကြောင်း​မလှ​သည့်​အခြေအနေ​တွင် ခရီး​တစ်​ထောက် ရပ်နားခြင်း” မျှ​လော။ သို့​မဟုတ် ဘုရားသခင်​သည် ကမ္ဘာ​မြေ​ကို​ဖန်ဆင်း​ပြီး ပရဒိသု​အခြေအနေ​တွင် လူ​တို့ကို နေရာချ​ထားသော​အခါ အခြား​ရည်ရွယ်ချက်​တစ်ခု​ရှိသလော။ လူသည် ဤ​ကမ္ဘာ​မြေပေါ်​တွင် စစ်မှန်သော​ဝိညာဉ်​ရေး ပြည့်စုံ​ကုံလုံမှု​နှင့် သုခ​ချမ်းသာ ရရှိနိုင်​မည်​လော။ ဤ​အကြောင်း​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​အဆို​များ​ကို ဆန်းစစ်​ကြည့်​ပါ​လေ။ ဤ​ကမ္ဘာ​မြေပေါ် ပရဒိသု​ပြန်လည်​တည်ထောင်​လာ​လိမ့်​မည်​ဟု သန်းနှင့်ချီ​သူတို့ မျှော်လင့်​ထား​နှင့်​သည့်​အတိုင်း အသင်​လည်း မျှော်လင့်​လျှင် အကျိုးသင့်အကြောင်းသင့်​ရှိသည်​ဟု ဆုံးဖြတ်​ပေမည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ပရဒိသု ပြန်လည်​တည်ထောင်​လာ လိမ့်​မည်​ဟု ကဗျာ​ဆရာ ဂျွန်​မီလ်တန် ယုံကြည်ခဲ့

[Picture Credit Line on page 2]

COVER: Earth: U.S. Fish & Wildlife Service, Washington, D.C./NASA

[Picture Credit Lines on page 3]

Earth: U.S. Fish & Wildlife Service, Washington, D.C./NASA; John Milton: Leslie’s