မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာက သင့်အိမ်ထောင်ရေးကို ကူညီပေးနိုင်

သမ္မာကျမ်းစာက သင့်အိမ်ထောင်ရေးကို ကူညီပေးနိုင်

သမ္မာကျမ်းစာ​က သင့်​အိမ်ထောင်ရေး​ကို ကူညီပေး​နိုင်

အချို့​သူတို့​အတွက် အိမ်ထောင်ရေး​ဟူသော​စကားလုံး​သည် သာယာ​ချမ်းမြေ့​ဖွယ်​စိတ်ကူး​များ​ကို ဖြစ်ပေါ်​စေ​သည်။ အခြားသူ​တို့အတွက် ယင်း​စကားလုံး​သည် နှလုံး​နာ​စ​ရာ​ဖြစ်စေ​သည်။ အမျိုးသမီး​တစ်ဦး​က “ကျွန်မ​ရဲ့​စိတ်နှလုံး​ထဲမှာ ကွာရှင်း​ထား​သလို​ခံစား​ရတယ်” ဟု ဝမ်းနည်း​စွာ​ပြောဆို​ခဲ့​သည်။ “တစ်ချိန်​လုံး ကျွန်မ​ပစ်ပယ်​ထား​ခံရ​တယ်၊ အထီးကျန်​နေတယ်လို့​ပဲ ခံစား​ရတယ်။”

တစ်ချိန်က တစ်ဦး​ကိုတစ်​ဦး ချစ်ခင်​မြတ်နိုးပါ​မည်​ဟု ကတိ​ပြုခဲ့ကြသူ​နှစ်ဦး​ကို အဘယ်​အကြောင်း​က အလွန်​အလှမ်း​ကွာဝေး​သွား​စေ​ခဲ့​သနည်း။ အကြောင်း​တစ်ခု​မှာ အိမ်ထောင်ရေး​တွင် အဘယ်အရာ​ပါဝင်​ပတ်သက်​ကြောင်း ပညာပေး​မခံရ​သောကြောင့်​ဖြစ်၏။ ဆေး​ဘက်​ဆိုင်ရာ​သတင်း​ဆောင်းပါး​ရေးသူ​တစ်ဦး​က “ကျွန်တော်​တို့​ဟာ ဘာ​လေ့ကျင့်​သွန်သင်မှု​မှ မရထားဘဲ အိမ်ထောင်ပြု​ကြတယ်” ဟူ၍ ပြော​သည်။

ယနေ့ ထို​အကြောင်းကို​သိ​သူ​နည်း​ကြောင်း အမေရိကန်​ပြည်ထောင်စု၊ န​ယူး​ဂျာ​စီ​ပြည်နယ်​ရှိ ရက်​ဂျာစ်​တက္ကသိုလ်​မှ သုတေသန​ပြုချက်​တစ်ရပ်​ဖြစ်သော နိုင်ငံတကာ​အိမ်ထောင်ရေး​စီမံချက် ပြုလုပ်​သော​လေ့လာမှု​တစ်ရပ်​က ထောက်ခံ​သည်။ “ဤ​လေ့လာမှု​တွင်​ပါဝင်သူ များစွာတို့သည် အိမ်ထောင်ရေး​မသာယာ​သော၊ သို့​မဟုတ် ကွာရှင်း​ထားသော​မိဘများ​ရှိသည့် မိသားစုတွင် ကြီးပြင်း​လာ​ခဲ့​ကြ​၏” ဟု ဤ​စီမံချက်​၏​ဒါရိုက်တာ​များ​က ရေးသား​ဖော်ပြ​သည်။ “မသာယာ​သော​အိမ်ထောင်ရေး​ဟူသည် အဘယ်အရာ​ဖြစ်​ကြောင်း သူတို့​ကောင်းစွာ​သိထားကြ​သော်လည်း သာယာ​ချမ်းမြေ့​သော​အိမ်ထောင်ရေး​သည် အဘယ်အရာ​ဖြစ်​ကြောင်းကို သူတို့​အသေအချာ​မသိကြ​ချေ။ အချို့​သူတို့က သာယာ​ပျော်ရွှင်သော​အိမ်ထောင်ရေး​ကို ‘ကျွန်ုပ်​တို့​မိဘများ​၏​အိမ်ထောင်ရေး​နှင့် ဆန့်ကျင်ဘက်’ ဟူ၍​သာ ဖော်ပြ​နိုင်​ကြသည်။”

ခရစ်ယာန်​များသည် အိမ်ထောင်ရေး​ပြဿနာ​များနှင့် ကင်းလွတ်​ကြ​သလော။ မကင်း​လွတ်​ပါ၊ အမှန်​မှာ ပထမ​ရာစု​ရှိ ခရစ်ယာန်​အချို့​ကို သူတို့၏​အိမ်ထောင်​နှင့် “လွတ်​စေခြင်း​ငှာ​မကြံစည်” ရန် ဆုံးမ​ညွှန်ကြား​ရသည့်​အထိ ဖြစ်​ခဲ့​သည်။ (၁ ကောရိန္သု ၇:၂၇) ရှင်း​နေသည်​ကား မစုံလင်​သော​လူသား​နှစ်ဦး ပေါင်းစပ်​ဖွဲ့စည်းထား​သည့် အဘယ်​အိမ်ထောင်​မဆို​သည် ရံဖန်ရံခါ​ပြဿနာ​များ​ရှိ​မည်​မှန်​သော်လည်း ကျွန်ုပ်​တို့ အကူအညီ​ရရှိ​ထား​ပါ​သည်။ ခင်ပွန်း​သည်​များနှင့် ဇနီးသည်​တို့သည် သမ္မာကျမ်းစာ​မူများ​ကို လိုက်လျှောက်​ကျင့်သုံး​ခြင်း​အားဖြင့် သူတို့၏​ဆက်ဆံ​ရေး​ကို တိုးတက်​ကောင်းမွန်​လာ​စေနိုင်​ပါ​သည်။

အမှန်​မှာ သမ္မာကျမ်းစာ​သည် အိမ်ထောင်ရေး​လက်စွဲ​စာအုပ် မဟုတ်​ချေ။ သို့သော် အိမ်ထောင်ရေး​အစီအစဉ်ကို အစပြု​ခဲ့​သော​အရှင်သခင်​က သမ္မာကျမ်းစာ​ကို မှုတ်သွင်း​ရေးသား​ထား​စေ​ခဲ့​သောကြောင့် ၎င်း​၏​မူများ​သည် အကူအညီ​ဖြစ်​မည်​ဟု ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​ကြသည်။ ပရောဖက်​ဟေရှာယ​မှ​တစ်ဆင့် ယေဟောဝါ​ဘုရားသခင်​က ဤသို့​မိန့်တော်မူ​ခဲ့​သည်– “ငါသည် သင်၏​အကျိုးနှင့်​ယှဉ်​သော​အရာ​ကို​သွန်သင်​၍ သင်​သွား​အပ်သော​လမ်းဖြင့်​ပို့ဆောင်သော သင်၏​ဘုရားသခင် ထာဝရ​ဘုရား[သခင်]ဖြစ်၏။ သင်သည် ငါ​၏​ပညတ်​တို့ကို စောင့်ရှောက်​ပါစေ​သော။ သို့ပြုလျှင် သင်၏​ချမ်းသာ​သည် မြစ်​ကဲ့သို့​လည်းကောင်း၊ သင်၏​ဖြောင့်မတ်ခြင်း . . . သည် သမုဒ္ဒရာ​လှိုင်း​တံပိုး​ကဲ့သို့​လည်းကောင်း ဖြစ်​ရ​လိမ့်​မည်။”—ဟေရှာယ ၄၈:၁၇၊ ၁၈

သင်​နှင့် သင်၏​အိမ်ထောင်ဖက်​စပ်ကြား တစ်ချိန်က​ရှိခဲ့​သော​မေတ္တာသည် စ​တင်၍​ပျောက်ပျက်​နေပြီ​လော။ အချစ်​မဲ့​သော​အိမ်ထောင်ရေး​တွင် သင်​ကျော့မိ​နေသည်​ဟု ခံစားရ​ပါသလော။ အိမ်ထောင်သက် ၂၆ နှစ်​ရှိပြီ​ဖြစ်သော ဇနီးသည်​တစ်ဦး​က ဤသို့​ပြော​ခဲ့​သည်– “ဒီလို​ဆက်ဆံ​ရေး​မျိုး​ကြောင့် ခံစား​ရတဲ့​နာကျင်မှုကို ထုတ်ဖော်​ပြောဆို​ဖို့​ခက်​လွန်း​လှပါတယ်။ အဲဒီ​နာကျင်မှု​ဟာ ကျွန်မ​စိတ်​ထဲမှာ အမြဲ​ကိန်းအောင်း​နေ​သလို တည်ရှိ​နေပါတယ်။” သင်​ထင်သလို​ဖြစ်​မလာ​သော၊ ကျေနပ်မှု​မရ​သော အိမ်ထောင်ရေး​တစ်ခု​တွင် ကြိတ်မှိတ်ခံ​နေ​မည့်​အစား အိမ်ထောင်ရေး​သာယာ​ဖို့ ကြိုးစား​ပြုလုပ်​လျှင် မကောင်း​ပေ​လော။ နောက်​ဆောင်းပါး​က ခင်ပွန်း​သည်​များနှင့် ဇနီးသည်​တို့သည် ကတိကဝတ်​ပြု​ခဲ့​သည့်​အတိုင်း ပြုမူခြင်း​နှင့်​ပတ်သက်​၍ သူတို့၏​အိမ်ထောင်ရေး​သာယာ​ဖို့ သမ္မာကျမ်းစာ​မူများ​က မည်သို့​အကူအညီ​ပေး​နိုင်​ကြောင်း ဖော်ပြ​ပါ​လိမ့်​မည်။