မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်ခန်းမ လူတိုင်းအတွက် ဖွင့်လှစ်ထား

ဘုရားသခင့်နိုင်ငံတော်ခန်းမ လူတိုင်းအတွက် ဖွင့်လှစ်ထား

ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​မှတ်တမ်း

ဘုရားသခင့်​နိုင်ငံတော်​ခန်းမ လူတိုင်း​အတွက် ဖွင့်လှစ်​ထား

ယေရှု​ခရစ်​သည် တပည့်​များ​ကို လူထုရှေ့​အမှုဆောင်​တတ်​ရန် လေ့ကျင့်ပေး​ရာ​တွင် ‘အိမ်မိုးပေါ်​မှ ဟောပြော’ ကြလော့​ဟု အားပေး​တိုက်တွန်း​ခဲ့​သည်။ (မဿဲ ၁၀:၂၇) သူတို့၏​ခရစ်ယာန်​ဓမ္မ​အမှုကို လူတကာ​ရှေ့ လုပ်ဆောင်ကြ​ရမည်​ဖြစ်သည်။ ဤ​ညွှန်ကြားချက်​နှင့်​အညီ ယေဟောဝါသက်သေ​များ​၏ လုပ်ငန်း​ကိုလည်း လူသိရှင်ကြား လုပ်ဆောင်​လျက်​ရှိသည်။ ဤသို့ လူသိရှင်ကြား​လုပ်ဆောင်ခြင်း​ကြောင့် သက်သေခံ​များသည် ဆန့်ကျင်မှု​ကို ကျော်လွှား​နိုင်​ခဲ့​ပြီး လူအများ​၏​နှစ်သက်မှု​ကို ရရှိနိုင်​ခဲ့​ကြသည်။

ယေဟောဝါသက်သေ​များ​၏ အသင်းတော်​အစည်းအဝေး​များ​ကို လူအားလုံး​အတွက် ဖွင့်​ထား​သော်လည်း စိတ်​စွန်းကွက်​မှု​ကြောင့် လူ​အချို့​သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ထဲ မဝင်​ရဲ​ကြ​ချေ။ ဖင်လန်​နိုင်ငံ​တွင် ဤသို့​ပင်​ဖြစ်သည်။ အခြား​သူများ​သည် နေရာ​အသစ်​တစ်ခု​သို့ သွားရောက်​ရန် ရှိုး​တိုး​ရှ​န့်​တန့်​ဖြစ်တတ်​ကြ​၏။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ အသစ်​တစ်လုံး​ဆောက်​ပြီး​သောအခါ သို့​မဟုတ် ရှိပြီး​သား​ခန်းမ​ကို ပြုပြင်​မွမ်းမံ​ပြီး​သောအခါ ဖွင့်ပွဲ​ပြုလုပ်​လေ့​ရှိ၏။ ထို​အခါ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့ အလည်​လာပြီး ယေဟောဝါသက်သေ​များ​၏​လုပ်ငန်း​ကို လေ့လာ​ကြည့်​ပါ​ရန် အိမ်နီးချင်း​များ​ကို အထူး​ကြိုးစား​ဖိတ်ခေါ်​ကြ​ပေမည်။

ဒေသ​တစ်ခု​တွင် သက်သေခံ​များသည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သစ် ဖွင့်ပွဲ​ကျင်းပ​သည့်​နေ့၌​ပင် မဂ္ဂဇင်း​ကင်း​ပိန်​တစ်ခု​ကိုလည်း စီစဉ်​ခဲ့​၏။ သက်သေခံ​နှစ်ဦး​သည် ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်း​တို့ကို နှစ်ခြိုက်​စွာ​ဖတ်ရှု​သည့် သက်ကြီး​ပိုင်း​အမျိုးသား​တစ်ဦး​နှင့် တွေ့ဆုံ​ခဲ့​သည်။ ထို​ညီအစ်ကို​များ​က သူ့ကို ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ဖွင့်ပွဲ​အကြောင်း ပြောပြ​ပြီး ခေါ်သွား​မည်​ဟု စကား​ကမ်း​လှမ်း​ခဲ့​သည်။ ထို​သူက ဝမ်းမြောက်​စွာ လိုက်​မည်​ဟု​ပြော​သည်။ သူတို့​စကား​ကို နားထောင်​နေသော သူ၏​ဇနီး​က​လည်း “ကျွန်မ​ကို ချန်​မထား​ကြ​ပါ​နဲ့!” ဟု​ဆို​သည်။

ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့ ရောက်​သည်​နှင့် ထို​သူက ဝန်းကျင်​ကို လှည့်ကြည့်​ပြီး “မှောင်​မဲ,မနေ​ပါ​လား။ လှပပြီး လင်းထိန်​နေတာပဲ။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​က မှောင်​မဲ​နေမယ်လို့ ငါ့ကို​ပြော​ကြတယ်” ဟု​ပြော​ခဲ့​သည်။ ထို​ဇနီး​မောင်နှံ​သည် အတန်ကြာ ခန်းမ​ထဲ​တွင်​နေခဲ့​ကြ​ပြီး ခင်းကျင်း​ပြသထား​သော စာပေ​အချို့​ကိုလည်း တောင်းယူ​သွား​သည်။

အသင်းတော်​တစ်ခု​က သူတို့၏ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ အပ်နှံ​ပွဲ​တွင် မည်သူ​မဆို​တက်ရောက်ခွင့်​ရှိကြောင်းကို ဒေသန္တရ​သတင်းစာ​တွင် ကြေညာ​လို​ခဲ့​ကြသည်။ သတင်းစာ,စာ​တည်း​မှူး​ဖြစ်သူက ဤ​သမယ​အကြောင်းကြားချက်​ကို သတိပြုမိ​သောအခါ ၎င်း​အပ်နှံ​ပွဲ​အကြောင်း ဆောင်းပါး​တစ်ပုဒ် ရေး​ထည့်​ပေး​ပါ​ဟု အကြံပြု​ခဲ့​၏။ ညီအစ်ကို​များ​က သဘောတူ​လိုက်ပြီး နောက်​မကြာမီ စာမျက်နှာ​တစ်ဝက်​ရှိသည့် ဆောင်းပါး​တစ်ပုဒ် သတင်းစာ​တွင် ပါ​လာ​သည်၊ ယင်း​တွင် အခမ်းအနား​နှင့် ယေဟောဝါသက်သေ​များ​၏ ဒေသခံ​အသင်းတော်​လုပ်ငန်းများ​အကြောင်း ဖော်ပြ​ထား​သည်။

ထို​ဆောင်းပါး​ထွက်​ရှိပြီး​နောက် “ဒီနေ့​သတင်းစာ​ထဲမှာ ယေဟောဝါသက်သေ​တွေ​အကြောင်း တကယ်​ကောင်း​တဲ့ ဆောင်းပါး​တစ်ပုဒ်​ပါ​လာတယ်!” ဟု​ပြောပြ​သော အိမ်နီးချင်း​တစ်ဦး​နှင့် သက်ကြီး​ပိုင်း​သက်သေခံ​ညီအစ်မ​တစ်ဦး တွေ့ဆုံ​ခဲ့​သည်။ ထို​ညီအစ်မ​က သူ့ကို သက်သေခံခွင့်​ရပြီး နောက်ပိုင်း​တွင် နှစ်​ဆယ်ရာစု ယေဟောဝါသက်သေ​များ ဘရိုရှာ​ကို ဝေငှ​နိုင်​ခဲ့​သည်။

ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သစ်​များ​ကို ဖွင့်ပွဲ​များ၊ အပ်နှံ​ပွဲ​များ​ပြုလုပ်​သည့် ဤ​အစီအစဉ်များ​ကြောင့် ယေဟောဝါသက်သေ​များနှင့်​ပတ်သက်ပြီး အထင်အမြင်​မှား​များ ရှင်းလင်း​သွား​သည့်​ပြင် အစည်းအဝေး​များ​ကို တက်ရောက်​ရန် လူများစွာကို ဖိတ်ခေါ်​ဖို့ ကြေညာ​သူများ အားပေး​တိုက်တွန်းမှု​ရရှိခဲ့ကြ​၏။ မှန်ပါသည်၊ ဖင်လန်​နိုင်ငံ​အပါအဝင် နိုင်ငံ​များစွာ​တွင် ယေဟောဝါသက်သေ​များ​၏ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ​ကို လူတိုင်း​အတွက် တံခါး​ဖွင့်ပေး​ထား​ကြောင်း လူ​တို့​သိရှိ​လာကြပြီ။