မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရုံးတင်ခံရသော ယေရှု၏ရှင်ပြန်ထမြောက်ခြင်း

ရုံးတင်ခံရသော ယေရှု၏ရှင်ပြန်ထမြောက်ခြင်း

ရုံးတင်​ခံရ​သော ယေရှု၏​ရှင်ပြန်ထမြောက်ခြင်း

“ယေရှု​အသက်ရှင်ခဲ့​ခြင်း​ကို​ကျွန်ုပ်​တို့ လုံးဝ​ယုံကြည်​စိတ်ချ​နိုင်​သော်လည်း . . . ကိုယ်တော်​သည် ဘုရားသခင်​အားဖြင့် သေ​ရာ​မှ​ရှင်ပြန်ထမြောက်​ခဲ့​ခြင်း​မှာ ထို​လောက်​မသေချာ​နိုင်​ကြောင်း ကျွန်ုပ်​အနေ​ဖြင့် သင့်​အား ပွင့်ပွင့်လင်းလင်း​ပြော​နိုင်​ပါ​သည်။” ထိုသို့ အင်္ဂလန်​ချာ့ခ်ျ​၏​ဂိုဏ်းအုပ် ရာထူး​အဆင့်​ရှိ ကန်​တာ​ဘရီ​ဂိုဏ်းချုပ်​က​ပြော​ခဲ့​သည်။

ခရစ်ယာန်​တမန်​တော်​ပေါလု​၌ ထိုသို့​သော​သံသယများ လုံးဝ​မရှိခဲ့​ချေ။ ရှေး​ကောရိန္သု​ရှိ ခရစ်ယာန်​ချင်း​တို့​ထံ ပေါလု​၏​ပထမ​ဆုံး​မှုတ်သွင်းခံစာ​၌ အခန်းကြီး ၁၅ တွင် သူက​ဤသို့​ရေးသားခဲ့​သည်– “ငါသည် ကိုယ်တိုင်​ခံယူ​သည်​အတိုင်း၊ သင်တို့အား ရှေ့​ဦးစွာ​အပ်ပေး​သော အကြောင်းအရာ​ဟူ​မူ​ကား၊ ခရစ်တော်​သည် ကျမ်းစာ​လာ​သည်​အတိုင်း ငါ​တို့​အပြစ်​ကြောင့် အသေခံ​တော်​မူ​၏။ သင်္ဂြိုဟ်​ပြီး​မှ၊ ကျမ်းစာ​လာ​သည်​အတိုင်း သုံးရက်​မြောက်​သော​နေ့၌ ထမြောက်​တော်​မူ​၏။”—၁ ကောရိန္သု ၁၅:၃၊ ၄

ဂရိ​နှင့်​ရောမ​လောက​တစ်ခုလုံး​အနှံ့အပြား “ကောင်းကင်​အောက်​၌​ရှိသမျှ​သော ဝေနေယျ​သတ္တဝါ​တို့အား” ဝမ်းမြောက်​ဖွယ်​ရာ​သတင်းကို​ဟောပြောရန် တပည့်တော်​များ​အား လှုံ့ဆော်ပေး​သည်​ကား ယေရှု​ခရစ်​၏​ရှင်ပြန်ထမြောက်ခြင်း​၌ ယုံကြည်ခြင်း​ဖြစ်၏။ (ကောလောသဲ ၁:၂၂-၂၃) အမှန်​မှာ ယေရှု၏​ရှင်ပြန်ထမြောက်ခြင်း​သည် ခရစ်ယာန်​ယုံကြည်ခြင်း​၏ အုတ်မြစ်​ဖြစ်သည်။

သို့​ဖြစ်စေ​ကာ​မူ အစ​ကတည်းက ယေရှု၏​ရှင်ပြန်ထမြောက်ခြင်း​သည် သံသယ​ဖြစ်စရာ၊ မယုံနိုင်​စ​ရာ​ဖြစ်​ခဲ့​ရသည်။ ဂျူး​အများစု​အတွက် နှက်တိုင်​တင်​ခံ​ခဲ့​ရသော ဤ​သူသည် မေရှိယ​ဖြစ်​ကြောင်း ယေရှု၏​နောက်လိုက်​များ​ပြောဆို​ကြ​ခြင်း​က စော်ကား​ရာ​ကျ​ခဲ့​သည်။ ထို့​အပြင် မသေ​နိုင်သော​စိုးလ်​၌ အယုံအကြည်​ရှိကြ​သော ပညာတတ်​ဂရိ​အများစု​အတွက်​မှာ​မူ ရှင်ပြန်ထမြောက်ခြင်း​ခံယူ​ချက်​သည်​ပင် မနှစ်မြို့ဖွယ်​ရာ​ဖြစ်​ခဲ့​သည်။—တမန်​တော် ၁၇:၃၂-၃၄

မျက်မှောက်ခေတ် သံသယဝင်​သူများ

မကြာသေးမီ​နှစ်များ​က ခရစ်ယာန်​ဟု​ဆို​ကြသော ကျမ်း​ပညာရှင်​အချို့​သည် ယေရှု၏​ရှင်ပြန်ထမြောက်ခြင်း​ကို ယုံ​တမ်း​တစ်ရပ်​အဖြစ်​ဖယ်ရှား​သည့် စာအုပ်​များနှင့် ဆောင်းပါး​များ​ကို​ထုတ်ဝေ​ခဲ့​ကြ​ပြီး ထို​အကြောင်းအရာကို အပြင်းအထန်​အငြင်းပွားမှု​ဖြစ်ပေါ်​စေ​ခဲ့​သည်။ “သမိုင်းဝင်​ယေရှု” ကို​သူတို့ ရှာဖွေကြ​ရာ​တွင် ကျမ်း​ပညာရှင်​များစွာက ဗလာကျင်း​ဖြစ်နေ​သည့်​သင်္ချိုင်းဂူ​၏ ခရစ်ဝင်​ကျမ်း​မှတ်တမ်းများ​နှင့် ယေရှု၏​ရှင်ပြန်ထမြောက်​ပြီး​နောက် ရုပ်သွင်​များသည် စိတ်ကူးယဉ်​သက်​သက်​မျှ​သာ​ဖြစ်​ကြောင်း၊ ကိုယ်တော်​၏​ကောင်းကင်​တန်ခိုးတော်​ဆိုင်ရာ​အဆိုကို ထောက်ခံဖို့​ရန် ကိုယ်တော်​သေဆုံး​ပြီး​နောက် နှစ်​အတန်ကြာ​မှ လုပ်ကြံ​ပြောဆိုခြင်း​ဖြစ်​ကြောင်း ငြင်းခုံ​ခဲ့​ကြ​၏။

ဥပမာ၊ ဂျာမန်​ကျမ်း​ပညာရှင် ဂဒ် လျူ​ဒီ​မ​န်၊ ဓမ္မသစ်​ကျမ်း​ပါမောက္ခ​နှင့် ယေရှု​၌ အမှန်တကယ်​ဘာဖြစ်​ခဲ့​သနည်း—သမိုင်း​ဆိုင်ရာ ရှင်ပြန်ထမြောက်ခြင်း​သို့ ချဉ်းကပ်​ခြင်း​စာအုပ် ကလောင်ရှင်​၏ ရှုမြင်ချက်များ​ကို သုံးသပ်ကြည့်​ပါ။ “လောက​၌ သိပ္ပံ​ကျ​ကျ​ရှုမြင်” တတ်​သူ မည်သူ​မဆို​အတွက် ယေရှု၏​ရှင်ပြန်ထမြောက်ခြင်း​သည် လက်ခံ​၍​မရ​သည့် “အခြေအမြစ်​မဲ့​ပုံသေနည်း​တစ်ခု” ဖြစ်​ကြောင်း သူက​ငြင်းခုံ​ခဲ့​၏။

ပါမောက္ခ​လျူ​ဒီ​မ​န်​က တမန်​တော်​ပေတရု​ရှေ့၌ ပေါ်ထွက်​လာ​သည့်​ရှင်ပြန်ထမြောက်​ခဲ့​သော​ခရစ်တော်​သည် အမှန်တကယ်​အားဖြင့် ယေရှုကို​ငြင်းပယ်​ခဲ့​သည့်​အတွက် ပေတရု​၏​ဝမ်းနည်းမှု​နှင့် အပြစ်ရှိ​သည်​ဟု​ဖိစီး​ခံရ​ခြင်း​မှ ဖြစ်လာ​သည့်​အမြင်​အာရုံ​တစ်ခု​သာ​ဖြစ်​ကြောင်း အခိုင်အမာ​ဆို​သည်။ ထို့​ပြင် တစ်ကြိမ်​တစ်ခါ​တွင် ယုံကြည်သူ ၅၀၀ တို့​ရှေ့ ယေရှု​ကိုယ်ယောင်​ထင်ရှား​ခြင်း​မှာ “အုပ်စု​လိုက်​ပီတိ​ဖြစ်​ခြင်း” မျှ​ဖြစ်၏​ဟု လျူ​ဒီ​မ​န်​က​ပြောဆို​ခဲ့​သည်။ (၁ ကောရိန္သု ၁၅:၅၊ ၆) အချုပ်​ဆို​ရ​လျှင် ကျမ်း​ပညာရှင်​များစွာက ရှင်ပြန်ထမြောက်​သည့်​ယေရှု​အကြောင်း သမ္မာကျမ်းစာ​မှတ်တမ်းများ​သည် တပည့်တော်​များ​၌ ဝိညာဉ်​ရေး​ဆိုင်ရာ​ယုံကြည်​စိတ်ချမှု​နှင့် သာသနာပြု​ဇွဲ အသစ်တစ်ဖန် ဖြစ်ပေါ်​စေသော အခန်းဆက်​စိတ်ပိုင်း​ခံစား​တွေ့ကြုံမှု​များ​မျှ​သာ​ဖြစ်သည်ဟု​ဆို​ကြသည်။

လူအများသည် ပညာရပ်​ဘက်တွင် အတိုက်အခံ​မဖြစ်​လို​ကြ​ချေ။ သို့သော် ယေရှု၏​ရှင်ပြန်ထမြောက်ခြင်း​အကြောင်း ဆွေးနွေးခြင်း​ကို ကျွန်ုပ်​တို့အားလုံး စိတ်ဝင်စား​သင့်​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ကိုယ်တော်​သာ​မထမြောက်​ခဲ့​လျှင် ခရစ်ယာန်​ဘာသာ​တရားသည် မှားယွင်းသော​အုတ်မြစ်​ပေါ် အခြေခံ​ထား​ရာ​ကျ​၏။ တစ်ဖက်​တွင်​မူ ယေရှု၏​ရှင်ပြန်ထမြောက်ခြင်း​သည် သမိုင်းဝင်​ဖြစ်ရပ်မှန်​တစ်ခု အမှန်​ဖြစ်​မည်​ဆိုလျှင် ခရစ်ယာန်​ဘာသာ​တရားသည် အမှန်တရား​အပေါ်​အခြေခံ​ပေ​သည်။ ထို​ကြောင့် ခရစ်တော်​၏​မိန့်မှာချက်​များ​ကို​သာမက ကိုယ်တော်​၏​ကတိတော်​များ​ကို​ပါ အပြစ်တင်စရာ​အကြောင်း မရှိတော့​ချေ။ ထို​ထက်​ကား ရှင်ပြန်ထမြောက်ခြင်း​ရှိ​မည်​ဆိုလျှင် သေခြင်း​သည် အကြီးအကျယ်​အနိုင်​ရသူ​မဟုတ်ဘဲ ရှုံးနိမ့်​ရမည့်​ရန်သူ​ဖြစ်​ပေမည်။—၁ ကောရိန္သု ၁၅:၅၅

[Picture Credit Line on page 3]

From the Self-Pronouncing Edition of the Holy Bible, containing the King James and the Revised versions