မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကင်ညာနိုင်ငံတွင် ထိုက်တန်သူများကို ရှာဖွေခြင်း

ကင်ညာနိုင်ငံတွင် ထိုက်တန်သူများကို ရှာဖွေခြင်း

ကင်​ညာ​နိုင်ငံ​တွင် ထိုက်တန်​သူများကို ရှာဖွေခြင်း

ကင်​ညာ​နိုင်ငံ​သည် သဘာဝ​အလှ​နှင့်​ပြည့်စုံသော နိုင်ငံ​တစ်နိုင်ငံ​ဖြစ်သည်။ ထူထပ်​သော​သစ်တော​များ၊ ကျယ်ပြန့်​သော​လွင်ပြင်များ၊ အလွန်​ပူပြင်း​သည့်​သဲကန္တာရ​များနှင့် နှင်းဖုံး​နေသော​တောင်​များသည် သာယာ​ကြည်နူး​ဖွယ်​ကောင်းသော ဤ​နယ်မြေ​ကို​တင့်တယ်လှ​ပ​စေ​သည်။ ၎င်း​သည် မြင်း​ဒရယ် တစ်သန်း​ကျော်​နှင့် အန္တရာယ်​သင့်​နေသည့်​ကြံ့​များ​၏ ဇာတိမြေ​ဖြစ်သည်။ မြက်ခင်းပြင်​များ​ကို​ဖြတ်၍ ရွေ့​ရှား​သွားလာ​နေသည့် များပြား​လှ​သော သစ်​ကုလားအုတ်​အုပ်စု​များ​ကိုလည်း တွေ့မြင်​နိုင်​သည်။

အရှိန်​ပြင်းစွာ​ပျံဝဲ​တတ်​သည့် လင်းယုန်​ငှက်​များ​မှ​သည် သာယာနာပျော်​ဖွယ်​တေးသံ​များနှင့် ချိုသာ​သော​အသံများ​ပေး​သည့် အရောင်​စုံ​သော​တေး​သီ​ငှက်​မြောက်မြားစွာ​အထိ အာကာသ​ကောင်းကင်​ဆိုင်ရာ​သတ္တဝါများ​လည်း အများအပြား​ရှိသည်။ ထို့​ပြင် ဆင်​များနှင့် ခြင်္သေ့​များ​ကို မည်သူ​သတိ​မပြုမိ​ဘဲ​နေ​မည်​နည်း။ ကင်​ညာ​နိုင်ငံ​၏ ရှုခင်း​များနှင့်​အသံများ​သည် မေ့​နိုင်​ဖွယ်​မရှိပေ။

သို့​တိုင် ဤ​လှပ​တင့်တယ်​သော​နယ်မြေ​တစ်​လွှား​ကြား​ရသည့် အခြား​အသံတစ်သံ​ရှိသေး​သည်။ ၎င်းမှာ မျှော်လင့်ချက်​သတင်းကို ကြေညာ​နေသည့် ထောင်နှင့်ချီ​သော​သူတို့၏​အသံ​ဖြစ်သည်။ (ဟေရှာယ ၅၂:၇) ထို​အသံများ​သည် လူမျိုး​နှင့်​ဘာသာ​စကား​ပေါင်း ၄၀ ကျော်​ပြောသူ​တို့​ထံ ရောက်ရှိ​နေသည်။ ဤ​သဘော​မျိုး​ဖြင့် ကင်​ညာ​နိုင်ငံ​သည် ဝိညာဉ်​ရေး​အရ​လှပသော နိုင်ငံ​တစ်နိုင်ငံ​လည်း​ဖြစ်သည်။

ကင်​ညာ​လူမျိုး​အများစု​သည် ဘာသာရေး​ကိုင်းရှိုင်း​ပြီး ဝိညာဉ်​ရေးရာ​ကို​ဆွေးနွေး​ရန် တလိုတလား​ရှိကြသည်။ သို့​ရှိစေ​ကာ​မူ ကင်​ညာ​နိုင်ငံ​သည် အခြား​တိုင်းပြည်​များစွာ​ကဲ့သို့​ပင် ပြောင်းလဲ​နေသော​ကြောင့် စကားပြော​ဆို​ရန် လူများ​ကို​ရှာဖွေခြင်း​သည် စိန်ခေါ်ချက်​တစ်ခု​ဖြစ်နေ​သည်။

စီးပွားရေး​အခြေအနေ ကျပ်တည်း​မှု​ကြောင့် လူအများ မိမိတို့၏​ဘဝ​လမ်းစဉ်​ကို​ပြောင်းလဲ​ရန် ဖိအား​ပေး​ခံရ​ကြသည်။ ထုံးတမ်း​စဉ်​လာ​အရ အိမ်​၌​သာ​အလုပ်လုပ်​ကြ​သည့် အမျိုးသမီးများ​သည် ယခု​တွင် ရုံး​များ သို့​မဟုတ် ကား​လမ်းများ​တစ်လျှောက် အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ငါး​ရော​င်း​ခြင်း​နှင့် ခြင်းတောင်း​ရက်​ခြင်း​ကို လုပ်ကိုင်​နေကြ​ရသည်။ အမျိုးသားများသည် မိမိတို့​မိသားစုကို​ကျွေးမွေး​ထောက်ပံ့​ရန် အချိန်ကြာကြာ ပင်ပင်ပန်းပန်း အားထုတ်​လုပ်ဆောင်ကြ​ရသည်။ ကလေး​များ​ပင် သူတို့၏​လက်​ကလေး​များ​ထဲ​တွင် မြေ​ပဲ​လှော်၊ ကြက်​ဥ​ပြုတ်​အထုပ်​များ​အပြည့်​နှင့် လမ်းမများ​ပေါ်​လျှောက်​သွား​ကာ မိမိတို့​ကုန်​များ​ကို ရောင်းချ​နေကြ​ရသည်။ အကျိုးဆက်​အနေ​နှင့် တစ်နေ့တာ​အတွင်း လူ​အနည်းငယ်​သာ အိမ်​၌​ရှိကြသည်။ ထို​အခြေအနေ​က ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း​ကြေညာ​သူများ​အတွက် ပြောင်းလဲမှု​များ​ပြု​ရန် လိုအပ်​စေ​ခဲ့​သည်။

ယေဟောဝါသက်သေ​များ​၏ အသင်းတော်များ​သည် အိမ်ပြင်​တွင် မိမိတို့၏​နေ့စဉ်​လုပ်ငန်းဆောင်တာ​များ​ကို ဆောင်ရွက်​နေကြ​သူများ​နှင့်အတူ သူငယ်ချင်းများ၊ ဆွေမျိုး​များ၊ စီးပွားရေး​သမားများ​နှင့် လုပ်ဖော်ဆောင်ဖက်​များ​ကို အာရုံစိုက်​ကြ​ရန် အကြံပေး​ခံရ​ကြသည်။ ညီအစ်ကို​များသည် တွေ့​နိုင်​သည့်​နေရာတိုင်း​တွင် လူများ​ကို​ဟောပြောခြင်း​ဖြင့် တုံ့ပြန်​ခဲ့​ကြသည်။ (မဿဲ ၁၀:၁၁) ဤသို့​တိုးချဲ့​ရန် အားထုတ်မှု​က အကျိုးများ​ဖြစ်ထွန်း​စေ​ခဲ့​ပါသလော။ အမှန်ပင် အကျိုး​ဖြစ်ထွန်း​ခဲ့ပြီ! နမူနာ​အချို့​ကို သုံးသပ်ကြည့်​ပါ။

ဆွေမျိုး​များ—ကျွန်ုပ်​တို့၏​အရင်းနှီးဆုံး​အိမ်နီးချင်း​များ

ကင်​ညာ​နိုင်ငံ​၏​မြို့တော် နိုင်ရိုဘီ​တွင်​နေထိုင်သူ သုံး​သန်း​ခန့်​ရှိသည်။ မိမိ​ကိုယ်တိုင်​၏​သား​သည် သက်သေခံ​တစ်ယောက်​ဖြစ်​နေ၍ များစွာ​စိတ်ပျက်​ရသည့် ယေဟောဝါသက်သေ​များ​ကို​မနှစ်သက်​သော အငြိမ်းစား​စစ်ဗိုလ်​တစ်ဦး​သည် ထို​မြို့​၏​အရှေ့ဘက်တွင်​နေထိုင်​သည်။ ဖေဖော်ဝါရီ​လ​တစ်လ​တွင် ထို​အငြိမ်းစား​အရာရှိ​သည် သား​ဖြစ်သူ​နေထိုင်​သော ရ​စ်ဖ်​တောင်ကြား​ဒေသ​ရှိ နာ​ခူ​ရူ​မြို့​သို့ မိုင် ၁၀၀ ခရီး​ကို​သွားရောက်​ခဲ့​သည်။ ထိုသို့​အလည်အပတ်​သွား​ချိန်​တွင် သား​ဖြစ်သူ​သည် ထာဝရ​အသက်​ရစေသော အသိပညာ*စာအုပ်​ကို သူ့​အား​လက်ဆောင်​ပေး​ခဲ့​သည်။ ဖခင်​ဖြစ်သူ​သည် ယင်းကို​ယူပြီး အိမ်ပြန်​သွားခဲ့သည်။

အိမ်ပြန်ရောက်​သောအခါ ယခင်​က​အရာရှိ​ဖြစ်သူ​သည် ဇနီးသည်​အား ထို​စာအုပ်​ပေး​လိုက်​ရာ ယင်းကို ယေဟောဝါသက်သေ​များ​ထုတ်ဝေ​ကြောင်း​မသိဘဲ စတင်​ဖတ်ရှု​တော့​သည်။ တဖြည်းဖြည်း​နှင့် ကျမ်းစာ​အမှန်တရားသည် သူ၏​နှလုံးကို​ထိမိ​လာ​ကာ သိလာ​သမျှ​ကို ခင်ပွန်း​အား​ဝေမျှ​ပြောဆို​ခဲ့​သည်။ စူးစမ်း​လို​စိတ်ဖြင့် သူသည်​လည်း ၎င်း​စာအုပ်​ကို​စတင်​ဖတ်ရှု​လေ​သည်။ ထုတ်ဝေ​သူများကို သူတို့​သိရှိ​လာသော​အခါ မိမိတို့သည် ယေဟောဝါသက်သေ​များနှင့်​ပတ်သက်​၍ အမှန်​မကြား​သိခဲ့​ကြ​ကြောင်း သဘောပေါက်​လေ​သည်။ ထို​အခါ ဒေသခံ​သက်သေခံ​များနှင့်​ဆက်သွယ်​ပြီး ကျမ်းစာ​သင်အံမှု​စ​ခဲ့​သည်။ ထို​စာအုပ်​ကို ကိုယ်တိုင်​ဖတ်ရှု​ခဲ့​ခြင်း​မှ ဆေးလိပ်​သောက်​ခြင်း၊ ရော​င်း​ခြင်း​သည် ခရစ်ယာန်​မပီသ​ကြောင်း သဘောပေါက်ခဲ့​သည်။ (မဿဲ ၂၂:၃၉; ၂ ကောရိန္သု ၇:၁) ထို​အခါ တုံ့ဆိုင်း​မနေ​ဘဲ သူတို့​ဆိုင်​ရှိ စီးကရက်​အားလုံး​ကို ဖျက်ဆီး​ပစ်လိုက်​ကြသည်။ လအနည်းငယ်​ကြာသော် သူတို့သည် နှစ်ခြင်း​မခံရ​သေး​သော ကြေညာ​သူများ​ဖြစ်​ကြ​ရန် အရည်အချင်း​ပြည့်မီ​လာပြီး မကြာမီ ခရိုင်​စည်းဝေးကြီး​တစ်ခု​၌ နှစ်ခြင်း​ခံ​ခဲ့​ကြသည်။

အမှိုက်​သ​ရိုက်​မှ ရတနာ​တစ်ခု​ရရှိ

မြို့တော်​နယ်ပယ်​၏​အချို့​သော​ဒေသ​များ​တွင် ထောင်နှင့်ချီ​သော​လူများ​နေထိုင်ကြ​သည့် ပြန့်ကျဲ​နေသော​ကျေးရွာ​များ​ရှိသည်။ ဤ​တွင် ရွှံ့၊ သစ်သား၊ သတ္တု​အစ​အ​န​များ သို့​မဟုတ် သွပ်ပြား​များနှင့်​ဆောက်လုပ်​ထား​သည့် အိမ်တန်း​များ​ကို​တွေ့ရှိ​ရသည်။ စက်ရုံ​အလုပ်ရုံ​များ​တွင် အလုပ်အကိုင်​ရှားပါး​သည့်​အခါ လူများ​သည် ကြံဖန်​ပြုလုပ်​တတ်ကြ​သည်။ ဂျူ​အာ ကာလီ (ဆွာဟီလီ​စကား​ဖြင့် “ရက်စက်​သော​နေ”) အလုပ်သမား​များသည် နေရောင်​ခြည်​အောက်တွင် ကား​တာယာ​အဟောင်း​များ​မှ ကြိုး​သိုင်း​ဖိနပ်​များ၊ သို့​မဟုတ် စွန့်ပစ်​ထားသော​သံ​ဘူး​များ​မှ ရေနံ​ဆီ​မီးခွက်​များ​ကို တ​ပင်​တ​ပန်း​ပြုလုပ်​ကြ​ရသည်။ အခြားသူများ​မူ ပြန်လည်​အသုံးပြုနိုင်​ရန် စက္ကူ၊ သံ​ဘူး​များနှင့် ပုလင်း​များ​ကို အမှိုက်ပုံ​များ​တွင်​ရှာဖွေ​ကြသည်။

အမှိုက်​သ​ရိုက်​မှ ရတနာ​တစ်ခု​ရနိုင်​မည်​လော။ ရနိုင်​ပါ​သည်! ညီအစ်ကို​တစ်ဦး​က ဤသို့​ပြန်​ပြောပြ​သည်– “ဗလ​ကောင်းပြီး ညစ်ပတ်​ပေ​ရေ​တဲ့​အဝတ်အစား​နဲ့ ကြမ်းတမ်း​ပုံ​ရတဲ့​လူတစ်ယောက်ဟာ စွန့်ပစ်​ထား​တဲ့ သတင်းစာ​နဲ့​မဂ္ဂဇင်း​တွေ​အပြည့်​ပါ​တဲ့ ပလတ်စတစ်​အိတ်ကြီး​တစ်ခု​ကို​ထမ်း​ပြီး ကျွန်တော်​တို့​ရဲ့​အစည်းအဝေး​ခန်းမ​မြေကွက်​ထဲ လျှောက်လာ​တယ်။ သူ့​နာမည်​က ဝီလျံ​လို့​ခေါ်​တယ်လို့​ပြောပြ​ပြီး ‘မကြာသေး​ခင်​က​ထုတ်​တဲ့ ကင်းမျှော်စင်​တွေ​ခင်ဗျား​မှာ​ရှိလား’ လို့ ကျွန်တော့်​ကို​သူ​မေးတယ်။ သူ​ဘာကို​ရည်ရွယ်တယ်​ဆိုတာ​စဉ်းစား​ရင်း ကျွန်တော်​အတော်လေး​စိုးရိမ်​သွားတယ်။ မဂ္ဂဇင်း​ငါး​စောင်​ကို ကျွန်တော်​ပြ​တဲ့​အခါ သူက​တစ်အုပ်​ပြီး​တစ်အုပ်​ကို​ကြည့်​ပြီး​နောက် ‘ဒါတွေ​အားလုံး​ကျွန်တော်​ယူမယ်’ လို့​ပြော​တယ်။ တ​အံ့​တ​ဩ​နဲ့ ကျွန်တော့်​အခန်း​ထဲ​ကို​ပြန်ဝင်​သွားပြီး သင်သည် ကမ္ဘာ့​ပရဒိသု​အတွင်း ထာဝစဉ်​အသက်ရှင်​နိုင်​သည် ဆို​တဲ့​စာအုပ်​ကို​ယူလာခဲ့​တယ်။ * ပရဒိသု​ရုပ်ပုံကို ကျွန်တော်​ပြပြီး လူတွေနဲ့​အခမဲ့​ကျမ်းစာ​သင်အံမှု ပြုလုပ်​တဲ့​အကြောင်း​ရှင်းပြခဲ့တယ်။ အဲဒီနောက် သူ့ကို​ကျွန်တော် ဒီလို​အကြံပေး​လိုက်တယ်– ‘ဝီလျံ မနက်ဖြန်​လာ​မလား။ ကျွန်တော်​တို့​သင်အံမှု​စ​ရအောင်။’ ပြော​တဲ့​အတိုင်းပဲ သူ​လုပ်ခဲ့တယ်!

“တနင်္ဂနွေ​တစ်နေ့​ကျ​တော့ ပထမ​ဆုံး​အကြိမ် အစည်းအဝေး​ကို​သူ​လာ​တက်​ခဲ့တယ်။ အဲဒီ​နေ့မှာ ကျွန်တော်​က လူထု​ဟောပြောချက်​ပေး​နေတယ်။ အထဲ​ကို​ဝီလျံ​ဝင်လာ​ပြီး ပရိသတ်​ကို အမြန်​ဝေ့ကြည့်​လိုက်​တော့ ကျွန်တော့်​ကို​စင်မြင့်​ပေါ်မှာ​တွေ့​သွားတာ​နဲ့ ခန်းမ​အပြင်ဘက်​ကို ထွက်ပြေး​သွားခဲ့တယ်။ နောက်ပိုင်း​မှာ ဘာကြောင့်​အဲဒီလို​လုပ်တာ​လဲ​လို့ သူ့ကို​မေးကြည့်​တယ်။ ရှက်​ကိုး​ရှက်​ကန်း​နဲ့ သူ​ဒီလို​ပြန်​ဖြေတယ်– “လူတွေက အရမ်း​ကို​သန့်ရှင်း​ကြ​တာ။ ကျွန်တော်​ကြောက်​သွားတယ်။”

“ဝီလျံ​ဟာ သင်အံမှု​မှာ​တိုးတက်​လာတာ​နဲ့​အမျှ ကျမ်းစာ​အမှန်တရားက သူ့​အသက်တာကို ပြောင်းလဲ​စေ​ခဲ့တယ်။ ရေချိုး၊ ဆံပင်​ညှပ်၊ သန့်ရှင်း​သပ်ရပ်​တဲ့​အဝတ်အစား​တွေ​ကို​ဝတ်​ပြီး မကြာခင် စည်းဝေး​တွေ​ကို​မှန်မှန်​တက်​လာတယ်။ ထာဝရ​အသက်ကို​ရစေသော​အသိပညာ စာအုပ်​ကို​ထုတ်ဝေ​လိုက်တဲ့အခါ အဲဒီ​စာအုပ်​နဲ့​စပြီး ကျွန်တော်​တို့​ကျမ်းစာ​လေ့လာ​ကြတယ်။ အဲဒီ​အတောအတွင်း သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​မှာ ဟောပြောချက်​နှစ်ခု​ပေး​နေပြီး နှစ်ခြင်း​မခံ​သေး​တဲ့​ကြေညာသူ​တစ်ဦး​ဖြစ်လာ​တယ်။ အထူး​စည်းဝေး​နေ့မှာ သူ​နှစ်ခြင်း​ယူ​တဲ့​အခါ ကျွန်တော်​ရဲ့​ဝိညာဏ​ညီအစ်ကို​အဖြစ် ကြိုဆို​ရလို့ ဝမ်းသာ​ပီတိ​ဖြစ်​ခဲ့​ရတယ်။”

ဝီလျံ​သည် ကင်းမျှော်စင်​မဂ္ဂဇင်း​၏​တန်ဖိုး​ကို မည်သည့်​နေရာတွင် ပထမဦးဆုံး​တွေ့ခဲ့​ရသနည်း။ “အမှိုက်​သ​ရိုက်​ထဲမှာ ပစ်ထား​တဲ့​စာရွက်​တွေ​ထဲ​က စာစောင်​တချို့​ကို ကျွန်တော်​တွေ့ခဲ့​တာ​ပါ။” မှန်ပါသည်၊ ဖြစ်​နိုင်​ဖွယ်​မရှိသော​ထို​နည်းဖြင့် ရတနာ​တစ်ခု​ကို သူ​တွေ့ရှိ​ခဲ့​သည်!

အလုပ်ခွင်​တွင်​သက်သေခံခြင်း

ကျွန်ုပ်​တို့၏​အလုပ်ခွင်​တွင် အလွတ်သဘော​သက်သေ​ခံရန် အခွင့်အရေး​ယူဖို့​အတွက် အမြဲတစေ​နိုးနိုးကြားကြား​ရှိသလော။ နိုင်ရိုဘီ​အသင်းတော်​တစ်ခု​မှာ အကြီးအကဲ​တစ်ဦး​ဖြစ်သူ ဂျိမ်းစ်​သည် ထို​နည်းဖြင့် ကျမ်းစာ​အမှန်တရားကို ကြားသိ​ခဲ့​ရသည်။ တစ်ဖန် သူသည် အခြား​သူများကို​ချဉ်းကပ်​ရန် ထို​နည်းလမ်းကို​အသုံးပြုရာတွင် ကျွမ်းကျင်​လာ​သည်။ ဥပမာ၊ တစ်ခါ​က လုပ်ဖော်ဆောင်ဖက်​တစ်ဦး​သည် “ယေရှု​ကယ်တင်​သည်” ဟူ​သည့် ရင်​ထိုး​စာတန်း​တပ်ဆင်​ထားပြီး ရုံး​တွင်း​သို့​ဝင်လာ​သည်ကို ဂျိမ်းစ်​တွေ့ခဲ့​သည်။ ဧဝံဂေလိတရား​ဟောပြောသူ ဖိလိပ္ပု​ကို​တုပ​ကာ ဂျိမ်းစ်​သည် အလုပ်ဖော်​အား ဤသို့​မေးလိုက်​သည်– “ဒီ​စကားလုံး​တွေ​က ဘာ​ဆိုလို​တယ်​ဆိုတာ​ကို တကယ်​သဘောပေါက်​သလား။” (တမန်​တော် ၈:၃၀) ထို​မေးခွန်း​က ကောင်းမွန်သော​ဆွေးနွေးမှု​တစ်ခု​ကို စတင်​စေ​ခဲ့​သည်။ ကျမ်းစာ​သင်အံမှု​စတင်​ခဲ့​ပြီး ထို​သူသည်​နောက်ပိုင်း​တွင်​နှစ်ခြင်း​ယူ​ခဲ့​သည်။ ဂျိမ်းစ်​သည် အခြား​သူများ​နှင့်​ရော အောင်မြင်မှု​ရရှိခဲ့​ပါသလော။ သူ့ကို​ပြောပြ​ခွင့်ပြု​ပါ–

“တောမ်​နဲ့​ကျွန်တော်​က ကုမ္ပဏီ​တစ်ခု​ထဲမှာ အလုပ်​လုပ်ကြတယ်။ ဝန်ထမ်း​ကြို​ပို့​ကား​ကို အတူ​စီး​လေ့​ရှိတယ်။ တစ်မနက်​မှာ ကျွန်တော်​တို့​အတူ​ထိုင်​ဖြစ်​ကြတယ်။ ကျွန်တော်​တို့​ရဲ့​စာအုပ်​တစ်အုပ်​ကို ကျွန်တော်​ဖတ်နေ​ပြီး အဲဒါကို​တောမ်​ကောင်းကောင်း​မြင်​နိုင်အောင် ကိုင်ထား​တယ်။ ကျွန်တော်​မျှော်လင့်တဲ့​အတိုင်းပဲ သူ့ရဲ့​အာရုံ​ကို​ဖမ်းစား​နိုင်​ခဲ့​ပြီး ဝမ်းသာစွာ​နဲ့ သူ့ကို​စာအုပ်​ငှား​ပေး​လိုက်တယ်။ ဖတ်​ခဲ့​ရတဲ့​အရာ​တွေ​ကို သူ​အရမ်း​စွဲမှတ်​သွားပြီး ကျမ်းစာ​သင်အံမှု​ကို​လက်ခံခဲ့တယ်။ အခု​ဆို သူနဲ့​သူ့​ဇနီး​တို့​ဟာ နှစ်ခြင်း​ခံ​ပြီး​တဲ့ ယေဟောဝါ​ရဲ့​ကျေးကျွန်​တွေ​ဖြစ်နေ​ကြပြီ။”

ဂျိမ်းစ်​က​ဆက်၍ ဤသို့​ပြောပြ​သည်– “ကျွန်တော်​တို့​ကုမ္ပဏီ​ရဲ့ နေ့လယ်​ထမင်း​စားချိန်​အတွင်းမှာ မကြာခဏ​ဆို​သလို အရမ်း​ကို​စိတ်ဝင်စား​ဖို့​ကောင်း​တဲ့ စကားစမြည်​ပြောဆိုမှု​တွေ​ရှိခဲ့တယ်။ အဲ့ဒီ​အချိန်​မျိုး​တွေ​မှာ ဧဖရိမ်​နဲ့ ဝေါလ်တာ​တို့ကို ကျွန်တော်​ဆုံတွေ့​ခဲ့​တာ။ ကျွန်တော်​ဟာ သက်သေခံ​တစ်ယောက်​ဖြစ်တာ​ကို နှစ်ယောက်စလုံး​က​သိကြတယ်။ ယေဟောဝါ​သက်သေတွေကို ဘာကြောင့်​ဒီလောက်​အတိုက်အခံ​လုပ်ကြ​ရသလဲ​ဆိုတာ​ကို ဧဖရိမ်​သိချင်ခဲ့တယ်။ ဝေါလ်တာ​က သက်သေခံတွေ​နဲ့ တခြား​ဘာသာ​တွေ ကွဲပြား​ခြားနား​တဲ့​ကိစ္စ​ကို မေးမြန်းခဲ့​တယ်။ သူတို့​နှစ်ယောက်စလုံး​က ကျွန်တော်​ပေး​ခဲ့​တဲ့ ကျမ်းစာ​အဖြေတွေကို အရမ်း​ကျေနပ်​သဘောကျ​သွားပြီး ကျမ်းစာ​သင်​ဖို့​သဘောတူခဲ့​ကြတယ်။ ဧဖရိမ်​ဟာ မြန်မြန်ဆန်ဆန်​တိုးတက်​လာတယ်။ အတော်ကြာ​တော့ သူနဲ့​သူ့​ဇနီး​တို့​ဟာ ယေဟောဝါ​ထံ သူတို့​အသက်တာကို ဆက်ကပ်​အပ်နှံ​ခဲ့​ကြတယ်။ အခု​သူဟာ အကြီးအကဲ​တစ်ယောက်​အဖြစ်​အမှုဆောင်​နေပြီး သူ့​ဇနီး​က မှန်မှန်ရှေ့ဆောင်​တစ်ယောက်​ဖြစ်တယ်။ ဒါပေမဲ့ ဝေါလ်တာ​က​တော့ ပြင်းထန်​တဲ့​ဆန့်ကျင်မှု​တွေ​ကို​ကြုံ​ရတဲ့​အတွက် သူ​လေ့လာ​နေတဲ့​စာအုပ်​ကို လွှင့်ပစ်လိုက်​တယ်။ ဒါပေမဲ့ ကျွန်တော်​ဇွဲ​နဲ့​ဆက်​ကြိုးစား​ခဲ့​တဲ့​အတွက် သင်အံမှု​ကို​သူ​ပြန်​ဆက်လုပ်​ခဲ့တယ်။ အခု​သူလည်း အကြီးအကဲ​တစ်ဦး​အဖြစ် အမှုဆောင်ခွင့်​ရ​နေတယ်။” ဂျိမ်းစ်​သည် သူ၏​အလုပ်ခွင်​တွင် အလွတ်သဘော​သက်သေ​ခံရန်​အခွင့်အလမ်း​များ​ကို အရ​ယူ​ခဲ့​သောကြောင့် စုစုပေါင်း ၁၁ ယောက်​ကို စစ်မှန်သော​ခရစ်ယာန်​များ​ဖြစ်လာ​စေ​ခဲ့​သည်။

အံ့သြဖွယ်​အကောင်းဆုံး​ရလဒ်​တစ်ခု

ဗစ်​တိုး​ရီး​ယား​အိုင်​၏​ကမ်းခြေ​ပေါ်​ရှိ ကျေးရွာငယ်​တစ်ခု​တွင် မိတ်ဆွေများ​နှင့်​ဆွေမျိုး​များသည် အသုဘ​အခမ်းအနား​တစ်ခု​၌ စုဝေး​ခဲ့​ကြသည်။ အသုဘ​ပို့ဆောင်​သူတို့တွင် သက်ကြီးရွယ်အို​သက်သေခံ​တစ်ဦး​ပါဝင်​သည်။ သူသည် ဒေါ်လီ​အမည်​ရှိသော ကျောင်း​ဆရာမ​တစ်ဦးထံ​ချဉ်းကပ်​ပြီး သေ​သူတို့၏​အခြေအနေ​နှင့် သေခြင်းကို​ထာဝစဉ်​ဖယ်ရှား​ပေး​မည့် ယေဟောဝါ​၏​ရည်ရွယ်ချက်​တို့ကို​ရှင်းပြ​ခဲ့​သည်။ သူ၏​လိုလား​သော​တုံ့ပြန်​မှု​ကို​သတိပြုမိ​ပြီး ဤသို့​အာမခံခဲ့​သည်– “ခင်ဗျား​ရဲ့​ဇာတိ​မြို့ကို​ပြန်​ရောက်တဲ့အခါ ကျွန်တော်​တို့​ရဲ့​ခရစ်ယာန်​သာသနာပြု​တစ်ယောက် ခင်ဗျား​ဆီ​ရောက်လာ​ပြီး ကျမ်းစာ​သင်ပေး​လိမ့်မယ်။”

ဒေါ်လီ​၏​ဇာတိ​မြို့​သည် ကင်​ညာ​နိုင်ငံ​၏ တတိယ​အကြီးဆုံး​မြို့တော်​ဖြစ်သည်။ ထို​အချိန်၌ သက်သေခံ​သာသနာပြု​လေးယောက်​သာ ထို​တွင်​အမှုဆောင်​နေကြ​သည်။ သက်ကြီးရွယ်အို​ညီအစ်ကို​သည် အဘယ်​ခရစ်ယာန်​သာသနာပြု​ကို​မျှ ဒေါ်လီ​ထံ​သွား​ရန် အကြောင်း​မကြား​ခဲ့​ပေ။ ထို​အတိုင်း​ပင်​ဖြစ်လာ​လိမ့်​မည်​ဟု သူ​အပြည့်အဝ​ယုံကြည်​စိတ်ချ​ခဲ့​ခြင်း​သာ​ဖြစ်သည်။ ထို​အတိုင်း​ပင်​ဖြစ်​ခဲ့​ပါ​သည်! များ​မကြာမီ ခရစ်ယာန်​သာသနာပြု​ညီအစ်မ​တစ်ဦး​သည် ဒေါ်လီ​နှင့်​တွေ့​ပြီး ကျမ်းစာ​သင်အံမှု​စတင်​ခဲ့​သည်။ ဒေါ်လီ​သည် ယခု​နှစ်ခြင်း​ခံယူ​ပြီးပြီ​ဖြစ်​ကာ သူ၏​သမီး​ငယ်​သည် သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်းတွင် နာမည်​စာရင်း​သွင်းထား​ပြီး သား​နှစ်ယောက်​လည်း နှစ်ခြင်း​ယူပြီး​ပြီ​ဖြစ်သည်။ သူသည် ရှေ့ဆောင်​လုပ်ငန်း​ကျောင်း​ကို တက်ရောက်ခွင့်​ပင်​ရခဲ့​၍ ပျော်ရွှင်မှု​ခံစား​ခဲ့​ရသည်။

တိုးတက်မှု​များ​ကို​ဂရုပြု​ခြင်း

အလွတ်သဘော​သက်သေခံခြင်း​ကို အလေးထား​ခြင်း​က ကင်​ညာ​နိုင်ငံ​ရှိ ထောင်နှင့်ချီ​သော​သူတို့အား သတင်းကောင်းကို​ကြားနာ​စေ​ခဲ့ပြီ။ ဤ​အလွန်​အရေးပါသော​လုပ်ငန်း​တွင် ကြေညာသူ ၁၅,၀၀၀ ကျော်​ပါဝင်​နေကြ​ပြီး လွန်ခဲ့သော​နှစ်​က ခရစ်တော်​၏​သေခြင်း​အောက်မေ့ရာပွဲ​တော်​ကို ၄၁,၀၀၀ ကျော်​တက်ရောက်​ခဲ့​ကြသည်။ ကင်​ညာ​နိုင်ငံတစ်ဝန်းလုံး​တွင် အစည်းအဝေး​တက်ရောက်သူ အရေအတွက်​သည် နိုင်ငံတော်​ကြေညာသူ​အရေအတွက်​၏ နှစ်ဆ​ဖြစ်လေ့​ရှိသည်။ ယင်းက နိုင်ငံတော်​ခန်းမ​များ ပို​၍​လိုအပ်​လာ​စေ​ခဲ့​သည်။

နိုင်ငံတော်​ခန်းမ​များ​ကို မြို့ကြီး​များနှင့် ဝေးလံ​ခေါင်​သီ​သော​ဒေသ​များ နှစ်ခုလုံး​တွင် ဆောက်လုပ်​လျက်​ရှိသည်။ ၎င်း​တို့​ထဲ​မှ​တစ်ခု​သည် နိုင်ရိုဘီ​၏​အရှေ့မြောက်ဘက် မိုင် ၂၀၀ ခန့်​တွင်ရှိသော ဝေးလံ​သည့် ဆ​မ်ဘူရူ​မြို့တွင်​ဖြစ်သည်။ ၁၉၃၄ တွင် ပထမ​ဆုံး​သွပ်​မိုး​နှင့်​အိမ်ကို​ဆောက်​ခဲ့​ရာ ၎င်း​သည် နေရောင်အောက်​တွင် အရောင်​ဝင်းလက်​လျက်​ရှိသောကြောင့် ထို​မြို့ကို ဆ​မ်ဘူရူ​စကား​ဖြင့် “တောက်ပ​ခြင်း” ဟု​အဓိပ္ပာယ်​ရသော မာ​ရာ​လာ​လ်​ဟု ခေါ်တွင်​ခဲ့​ကြသည်။ နောက်​ခြောက်​ဆယ့်နှစ်​နှစ်​အကြာ​၌ မာ​ရာ​လာ​လ်​တွင် သွပ်​မိုး​နှင့် နောက်ထပ်​အဆောက်အအုံ​တစ်ခု​ကို ဆောက်လုပ်​ခဲ့​သည်။ ၎င်း​သည်လည်း စစ်မှန်သော​ဝတ်ပြုရေး​အတွက် ဒေသခံ​နေရာ​ဖြစ်သော​ကြောင့် အလွန် “ဝင်းလက်” ၍ “တောက်ပ” လျက်​ရှိသည်။

ကင်​ညာ​နိုင်ငံ​၏ ဤ​ဝေးခေါင်​သော​ဒေသ​တွင် ကြေညာသူ ၁၅ ယောက်​သည် ပထမ​ဆုံးသော ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ဆောက်လုပ်​ရန် အလွန်​ကြိုးစား​အားထုတ်​ခဲ့​ကြသည်။ ရန်ပုံငွေ​နည်းသော​ကြောင့် ညီအစ်ကို​များသည် ဒေသခံ​ပစ္စည်း​များ​ကို အားထား​ခဲ့​ကြ​ရသည်။ မြေ​နီ​ကို​ရေ​ဆွတ်​ကာ ထောင်​ထားသော​တိုင်​များ​ကြား သိပ်​သည်း​စွာ​သွပ်​သွင်း​၍ နံရံ​များ​ကို​ပြုလုပ်​ခဲ့​ကြသည်။ ထို​နံရံ​များ​ကို နွား​ချေး​နှင့်​ပြာ​ရောနှော​ကာ ချောမွေ့​အောင်​လိမ်းကျံ​ကြ​ရာ နှစ်​နှင့်​ချီ​ခံသည့် ခိုင်မာ​သော​အ​ချော​ကိုင်​ခြင်း​ကို ပြုလုပ်​ခဲ့​ရသည်။

အဆောက်အအုံ​အတွက် တိုင်​များ​ရရှိရန် ညီအစ်ကို​များသည် သစ်ပင်​ခုတ်​ရန်​ခွင့်ပြု​ချက် ရယူခဲ့​ကြ​ရသည်။ သို့သော် အနီးဆုံး​သစ်တော​သည် ခြောက်​မိုင်​ခန့်​ကွာဝေး​သည်။ ညီအစ်ကို၊ ညီအစ်မ​များသည် ထို​သစ်တော​သို့​လမ်းလျှောက်သွား​၍ သစ်ပင်​များ​ကို​ခုတ်လှဲ​ကာ လုံး​ချော​ခုတ်ထစ်​ပြီး ဆောက်လုပ်ရေး​မြေနေရာ​သို့ တိုင်​များ​ကို​ပြန်​သယ်ယူ​လာ​ရသည်။ တစ်ကြိမ်​တွင် သစ်တော​မှ​အပြန်ခရီး​ကြမ်း​နှင်​လာစဉ် ညီအစ်ကို​များ​ကို ရဲက​တားဆီး​ကာ သူတို့၏​ခွင့်ပြု​ချက်​သည် တရား​မဝင်​ဟု​ဆို​သည်။ ရဲသား​က အထူး​ရှေ့ဆောင်​ကို သစ်ပင်​များ​ခုတ်လှဲ​သည့်​အတွက် အဖမ်းခံရ​မည်​ဟု​ဆို​သည်။ ရဲသား​ကို​ကောင်းစွာ​သိ​သော ဒေသခံ​ညီမ​တစ်ယောက်​က– “ကျွန်မ​တို့​ရဲ့​ညီအစ်ကို,ကို ရှင်​ဖမ်း​မယ်​ဆိုရင် ကျွန်မ​တို့အားလုံး​လည်း သစ်ပင်​ခုတ်​ခဲ့​တဲ့​အတွက် အားလုံး​ကို ရှင်​ဖမ်း​ရလိမ့်မယ်!” ထို​အခါ အရာရှိ​သည် သူတို့​အားလုံး​ကို​သွားခွင့်​ပြု​လိုက်​သည်။

တော​ထဲ​တွင် သား​ရိုင်း​တိရစ္ဆာန်​များ​ရှိသောကြောင့် သွားလာ​ရခြင်း​မှာ အန္တရာယ်​မကင်း​ပေ။ တစ်နေ့​တွင် ညီမ​တစ်ယောက်​သည် သစ်ပင်​တစ်ပင်​ကို​ခုတ်လှဲ​ခဲ့​သည်။ ယင်းသည် မြေကြီးပေါ်​လှဲ​ကျ​သည်​နှင့် တိရစ္ဆာန်​တစ်ကောင်​သည် ခုန်​၍​ပြေး​သွား​သည်ကို သူ​တွေ့ရ​သည်။ ညို​ဝါ​ရော​င်​တောက်ပ​ခြင်း​ကြောင့် သမင်​တစ်ကောင်​သာ​ဖြစ်​မည်​ဟု ထင်​ခဲ့​သော်လည်း နောက်ပိုင်း​ခြေရာ​များ​အားဖြင့် ယင်းသည်​ခြင်္သေ့​တစ်ကောင်​ဖြစ်​ကြောင်း တွေ့ခဲ့​ရသည်! ယင်း​သို့​သော​အန္တရာယ်များ​ရှိ​သော်​ငြား ညီအစ်ကို​များသည် ခန်းမ​ကို​ပြီးစီး​အောင်​ဆောက်လုပ်​ခဲ့​နိုင်​ကြ​ပြီး ယေဟောဝါ​အား​ချီးမွမ်း​ရာ “တောက်ပ” သည့်​နေရာတစ်ခု​အဖြစ် ဆက်လက်​တည်ရှိ​နေသည်။

၁၉၆၃၊ ဖေဖော်ဝါရီ ၁ ရက်​သည် ကင်​ညာ​နိုင်ငံ​၏​သီအိုကရက်တစ်​သမိုင်း​တွင် ထူးခြားသော​နေ့​တစ်နေ့​ဖြစ်သည်။ ထို​နေ့တွင် စတုရန်း​ပေ ၈၀ ရှိ​တစ်ခန်း​တည်း​သော ပထမ​ဆုံး​ဌာနခွဲရုံး​ကို ဖွင့်လှစ်​ခဲ့​သည်။ ၁၉၉၇၊ အောက်တိုဘာ ၂၅ ရက်​သည် ကင်​ညာ​နိုင်ငံ​၏​သီအိုကရက်တစ်​သမိုင်း​တွင် နောက်ထပ်​မှတ်တိုင်​တစ်ခု​ဖြစ်​ခဲ့​သည်—စတုရန်း​ပေ ၈၄,၀၀၀ ရှိ​ဗေသလ​အဆောက်အအုံ​သစ်​ကို ဆက်ကပ်​အပ်နှံ​သည့်​နေ့​ဖြစ်သည်! ထို​အပြီးသတ်​စီမံကိန်း​သည် သုံးနှစ်​တာ​အတွင်း ကြိုးစားပမ်းစား​အားထုတ်မှု​၏ ထူးခြားသော​နိဂုံး​ဖြစ်​ခဲ့​သည်။ ၂၅ နိုင်ငံ​မှ စေတနာ့​ဝန်ထမ်း​များသည် ရွှံ့​ထူ​ပြီး ပေါင်းပင်​များ​သည့် ၇.၈ ဧ​က​ရှိ​လယ်ကွက်​ကို ဗေသလ​မိသားစုဝင် ၈၀ အဆင်ပြေ​လွယ်ကူ​စွာ​နေထိုင်​နိုင်​သည့် ဌာနခွဲ​အသစ်​အတွက် လှပသော​ဥယျာဉ်​အသွင်​သို့ ပြောင်းလဲ​ပေး​ခဲ့​သည်။

မိမိလူ​မျိုး​တော်​အတွက် ယေဟောဝါ​ပြုလုပ်​တော်​မူ​ရာ​များ​ကြောင့် ကျွန်ုပ်​တို့​ဝမ်းမြောက်​ရန် အကြောင်း​များစွာ​ရှိပါ​သည်။ ကင်​ညာ​နိုင်ငံ​၌ ထိုက်တန်​သူများကို​အရှိန်အဟုန်​တိုးမြှင့်​၍ အနှံ့အပြား​ရှာဖွေ​ရန် မိမိ​ကျေးကျွန်​များ​၏​စိတ်နှလုံး​ကို လှုပ်ရှား​ပေး​ကာ ယင်း​နိုင်ငံ​ကို ဝိညာဉ်​ရေးရာ​လှပသည့် နယ်မြေ​အဖြစ်​ပြုလုပ်​ပေးခြင်း​ကြောင့် ကိုယ်တော်​ကို​များစွာ​ကျေးဇူး​တင်​ပါ​သည်။

[Footnotes]

^ အပိုဒ်၊ 13 ကင်းမျှော်စင် သမ္မာကျမ်းစာ​နှင့် ဝေစာ​အသင်း၊ မြန်မာ​မှ​ထုတ်ဝေ​သည်။