မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အန္တရာယ်များကြား အသက်ရှင်ခြင်း

အန္တရာယ်များကြား အသက်ရှင်ခြင်း

အန္တရာယ်များ​ကြား အသက်ရှင်ခြင်း

“သင့်​နေ့စဉ်​ဘဝတွင် အိပ်စက်ခြင်း​အပါအဝင် သင်​လုပ်ဆောင်​သည့် နောက်ဆုံး​အရာတစ်ခု​သည်​ပင် အန္တရာယ်​နှင့်​မကင်း​ပေ။” —ဒစ္စ​ကာ​ဗာ​မဂ္ဂဇင်း။

အချိန်မရွေး အမှတ်မထင် ထိခိုက်​ဒဏ်ရာ​ရ​တတ် သို့​မဟုတ် သေဆုံး​တတ်​လေ့​ရှိသည့်​အတွက် အသက်တာ​ဘဝကို မိုင်း​ဗုံး​များ​မြှုပ်​ထား​သည့်​နေရာ​တစ်လျှောက် လမ်းလျှောက်​နေခြင်း​နှင့် နှိုင်းယှဉ်​ထား​သည်။ အန္တရာယ်​ဖြစ်စေ​သော​အကြောင်း​များသည် တစ်နိုင်ငံ​နှင့်​တစ်နိုင်ငံ ကွဲပြားမှု​ရှိသည်။ ယင်း​တို့​တွင် ယာဉ်တိုက်မှု​များ၊ ပြည်တွင်းစစ်၊ အစာ​ခေါင်းပါး​ခြင်း၊ အေအိုင်ဒီအက်စ်၊ ကင်ဆာ၊ နှလုံး​ရောဂါ​နှင့် အခြား​အရာ​မြောက်မြားစွာ​ပါဝင်​သည်။ ဥပမာ၊ ဆာဟာရ​တောင်ပိုင်း အာဖရိက​ဒေသ​တွင် အေအိုင်ဒီအက်စ်​သည် နံပါတ်​တစ်​လူသတ်ကောင်​ဖြစ်​လျက်​ရှိသည်။ မကြာသေးမီ​နှစ်​က “အာဖရိက​ပြည်တွင်းစစ်​အားလုံး​ကြောင့်​သေဆုံး​ခဲ့​သူများ​၏ ၁၀ ဆ​ဖြစ်သော ၂.၂ သန်း​၏​အသက်ကို​ခြွေယူ​ခဲ့​သည်” ဟု ယူ.အက်စ်. သတင်း​နှင့် ကမ္ဘာ့​မှတ်တမ်း က​ဆို​သည်။

ဤ​အချိန်​အတောအတွင်း ကမ္ဘာ​သည် အသက်ရှည်ရှည်​နေရ​ရေး​နှင့် ဖျားနာ​မှု၊ မသန်မစွမ်း​ဖြစ်မှု​၏​အန္တရာယ်​လျော့​ချရေး​အတွက် ငွေ​သန်းပေါင်း​များစွာကို​သုံးစွဲ​လျက်​ရှိသည်။ သင့်တင့်​လျောက်ပတ်​စွာ စားသောက်ခြင်း​အကျင့်​နှင့် ကိုယ်ခန္ဓာ​လေ့ကျင့်ခန်း​ကဲ့သို့​သော အယူအဆ​များ​ကို အားပေးခဲ့​သည့်​အတွက် ကောင်းကျိုး​အချို့ ဖြစ်ထွန်း​နိုင်​ပါ​သည်။ သို့ရာတွင် ပို​၍​အန္တရာယ်ကင်း​ကာ လုံခြုံ​သော​အသက်တာ​ဘဝကို​ခံစား​ရန် သင့်​အား​အကူအညီ​ပေး​နိုင်​သည့် ဘဝ၏​အရေးပါသော​ကဏ္ဍအသီးသီး​ဆိုင်ရာ ယုံကြည်​အားကိုးထိုက်​သော​အချက်အလက် ရင်းမြစ်​တစ်ခု​ရှိပါ​သည်။ ထို​ရင်းမြစ်​မှာ သမ္မာကျမ်းစာ​ဖြစ်သည်။ ၎င်း​တွင် ကျွန်ုပ်​တို့၏ ကျန်းမာ​ရေး​နှင့် ကောင်းကျိုး​ချမ်းသာ​ကို​ထိခိုက်​စေသည့် စိုးရိမ်မကင်း​ဖြစ်စရာ​အဖုံဖုံ​ကို

ကိုင်တွယ်​ဖြေရှင်းရန် လမ်းညွှန်ချက်များ​ပါရှိ​သည်။ သမ္မာကျမ်းစာ​သည် ပြဿနာ​တိုင်း​ကို အသေးစိတ် ဖြေရှင်း​မပေး​သည်​မှာ မှန်ပါသည်။ သို့​တိုင် ယင်းသည် စားသောက်ခြင်း​အကျင့်၊ ကာယ​လေ့ကျင့်ခန်း၊ စိတ်​နေ​သဘောထား၊ လိင်၊ အရက်သောက်​ခြင်း၊ ဆေး​ရွက်​ကြီး​သုံး​ခြင်း၊ အပန်းဖြေ​ခြင်း​ဟု​ခေါ်​သည့် မူးယစ်​ဆေး​သုံးစွဲခြင်း​နှင့် အခြား​အရာ​မြောက်မြားစွာ​ကဲ့သို့​သော ကိစ္စရပ်​များ​တွင် ကျွန်ုပ်​တို့ကို လမ်းပြ​ညွှန်ကြား​ပေး​ရန် အလွန်​ကောင်း​သည့်​မူများ​ကို​ပေး​ထား​သည်။

လူများစွာ​တို့၏​အသက်တာ​ဘဝ​သည် မရေရာ​သော ငွေကြေး​ကိစ္စ​များနှင့် ဝန်ပိ​လျက်​ရှိသည်။ ဤ​တွင်​လည်း သမ္မာကျမ်းစာ​က ကျွန်ုပ်​တို့ကို​ကူညီပေး​သည်။ ထို​တွင် ငွေကြေး​နှင့် ငွေကြေး​စီမံခန့်ခွဲမှု​ကို ပညာရှိ​စွာ​ရှုမြင်​ရန် အားပေး​တိုက်တွန်း​ရုံ​သာမက သာ၍​ကောင်းသော​အလုပ်သမား သို့​မဟုတ် အလုပ်ရှင်​တစ်ဦး မည်သို့​ဖြစ်​နိုင်​ကြောင်းကို​လည်း တင်ပြ​ထား​သည်။ ရိုးရှင်း​စွာ​ပြော​ရ​လျှင် သမ္မာကျမ်းစာ​သည် ငွေကြေး​လုံခြုံမှု​နှင့် ကာယရေး​ကောင်းကျိုး​အတွက်သာ​မ​က အသက်တာ​ဘဝ​ကိုယ်နှိုက်​အတွက် လျောက်ပတ်​မှန်ကန်သော​လမ်းညွှန်​ဖြစ်သည်။ ယနေ့​အတွက် သမ္မာကျမ်းစာ မည်သို့​လက်တွေ့ကျ​သည်ကို သင်​သိရှိ​လို​ပါသလော။ ကျေးဇူးပြု​၍ ဆက်​ဖတ်​ကြည့်​ပါ​လေ။