မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိခင်တစ်ဦး၏ ပညာရှိဆုံးမစကား

မိခင်တစ်ဦး၏ ပညာရှိဆုံးမစကား

မိခင်​တစ်ဦး၏ ပညာရှိ​ဆုံးမ​စကား

“ငါ့​သား အဘ​၏​နည်း​ဥပဒေသကို​နားထောင်​လော့။ အမိ​၏​တရားကို​လည်း​မ​ပယ်​နှင့်။”—နယပုံပြင် ၁:၈

ကျွန်ုပ်​တို့၏​မိဘများ—ဖခင်​နှင့်​မိခင်—ထံ​မှ တန်ဖိုး​မ​ဖြတ်​နိုင်သော​အားပေးမှု၊ ထောက်မမှု​နှင့် ဆုံးမမှု​ရရှိနိုင်​သည်။ နယပုံပြင်​ကျမ်း​က မိခင်​ထံ​မှ “ဆုံးမ​သွန်သင်သော​တရား​စကား” ရရှိခဲ့​သူ ငယ်ရွယ်​သည့်​ဘုရင်၊ လေ​မွေ​လ​အကြောင်း ဖော်ပြ​ထား​သည်။ ထိုစကား​များ​ကို နယပုံပြင်​အခန်းကြီး ၃၁ တွင်​မှတ်တမ်း​တင်ထား​ပြီး ထို​မိခင်၏ ပညာရှိ​ဆုံးမ​စကား​များ​မှ ကျွန်ုပ်​တို့​လည်း အကျိုး​ရရှိနိုင်​သည်။—သု. ၃၁:၁

ဘုရင်​တစ်ပါး​နှင့်​သင့်တော်​သော ဆုံးမ​စကား

လေ​မွေ​လ​၏​မိခင်​သည် အလွန်​စိတ်ဝင်စားစရာ မေးခွန်းများ​နှင့် အစပြု​သည်– “ငါ့​သား အဘယ်​သို့​နည်း။ ငါ​ဖွား​သော​သား အဘယ်​သို့​နည်း။ ငါ​၏​သစ္စာ​ကတိ​နှင့်​ဆိုင်သော​သား အဘယ်​သို့​နည်း။” သူ၏​သုံးကြိမ်​တိုင်​ထပ်မံ​တောင်းဆိုချက်​က သူ၏​စကား​ကို သား​ဖြစ်သူ​အား ဂရုစိုက်​နားထောင်​စေ​လို​သည့်​ဆန္ဒ​ပြင်းပြ​ကြောင်း​ဖော်ပြ​သည်။ (သု. ၃၁:၂) သား​၏​ဝိညာဉ်​ရေး​ကောင်း​ဖို့​အတွက် သူ​စိုးရိမ်​ကြောင့်ကြ​ခြင်း​သည် ယနေ့ ခရစ်ယာန်​မိဘများ​အတွက် ပုံသက်သေ​ကောင်း​ဖြစ်သည်။

သား​၏​အကျိုးကို​လိုလား​သော​မိခင်​တစ်ဦး​သည် အဆို​ရှိသော သေ​ရည်​သေ​ရက်၊ မိန်းမငယ်​နှင့် တေးဂီတ​တို့​ပါဝင်​သည့် အပျော်အပါး​လိုက်စားခြင်း​ထက် အဘယ်အရာကို ပို​ပြီး​စိုးရိမ်​ပူပန်​မည်​နည်း။ လေ​မွေ​လ​၏​မိခင်​သည် လိုရင်းတိုရှင်း​ဤသို့​ဆို​သည်– “သင်၏​အစွမ်း​သတ္တိ​ကို မိန်းမ​တို့အား မပေး​နှင့်။” တွေ့​က​ရာ​လူ​နှင့် ကာ​မ​စပ်ယှက်​သည့်​အကျင့်​သည် “ရှင်ဘုရင်​တို့ကို ဖျက်ဆီး​တတ်သော​အရာ” ဟု​သူ​မှတ်ချက်ချ​သည်။—သု. ၃၁:၃

သောက်ကြူး​ခြင်း​ကိုလည်း လျစ်လျူ​မ​ရှု​သင့်​ပါ။ “အို​လေ​မွေ​လ စပျစ်​ရည်​သောက်​သော​အမှု . . . သည်​ရှင်ဘုရင်၊ မင်းသား​တို့​နှင့်​မတော်မသင့်” ဟု​သူ​သတိပေး​သည်။ ရှင်ဘုရင်​တစ်ပါး​သည် အမြဲ​မူးယစ်​နေ​မည်​ဆိုလျှင် ‘တရားတော်​ကို​မမေ့လျော့​၍၊ ဆင်းရဲသား​အမှုကို တရား​သဖြင့်​စီရင်​ဆုံးဖြတ်’ ရန် ဥပဒေ​နှင့်​အညီ စိတ်​ကြည်​ကြည်လင်​လင်​ဖြင့် မည်သို့​တရား​စီရင်​နိုင်​မည်​နည်း။—သု. ၃၁:၄-၇

ယင်းအစား မင်းကြီး​သည် ထို​အကျင့်ဆိုး​များနှင့် ကင်းလွတ်​ခြင်း​အားဖြင့် “တရား​သဖြင့်​စီရင်​လျက်၊ ဆင်းရဲ​ငတ်မွတ်​သော​သူတို့၏​အမှုကို​စောင့်” နိုင်​လိမ့်​မည်​ဖြစ်သည်။—သု. ၃၁:၈၊ ၉

ယနေ့ ခရစ်ယာန်​လူငယ်များသည် “ရှင်ဘုရင်များ” မဖြစ်​နိုင်​ကြသော်လည်း လေ​မွေ​လ​မိခင်၏ ပညာရှိ​ဆုံးမ​စကား​သည် အခန့်သင့်​ဖြစ်​ရုံ​မ​က ပို​၍​ပင်​သင့်လျော်​ပေ​သည်။ အရက်​သေ​စာ​အလွဲသုံးစား​မှု၊ ဆေး​ရွက်​ကြီး​သုံးစွဲမှု​နှင့် လိင်​အကျင့်​ယိုယွင်းမှု​တို့သည် ယနေ့​လူငယ်များ​ကြား​တွင် ပျံ့နှံ့​လျက်​ရှိရာ ခရစ်ယာန်​လူငယ်များ​၏ မိဘများ​က သူတို့ကို “တရား​စကား” ပေး​သောအခါ အာရုံစိုက်ရန် အရေးကြီး​သည်။

အရည်အချင်း​ပြည့်စုံသော​ဇနီး

မိခင်များ​သည် လူကြီးအရွယ်​ရောက်လာ​ကြသော မိမိတို့​သားများ​၏ အိမ်ထောင်ဖက်​ဖြစ်လာ​မည့်​သူများကို အမှန်​စိုးရိမ်​ထိုက်​ပေ​သည်။ လေ​မွေ​လ​၏​မိခင်​သည် စံ​ထား​လောက်​သည့်​ဇနီး​ဘက်​သို့ အာရုံပြောင်း​သည်။ လူငယ်​တစ်ဦး​သည် ဤ​အရေးကြီး​ကိစ္စ​တွင် အမျိုးသမီး​တစ်ဦး​ကို အရှိအတိုင်း​ရှုမြင်ခြင်း​ဖြင့် အကျိုးများစွာ​ရရှိ​ပေမည်။

အခန်းငယ် ၁၀ [က​ဘ] တွင် “အရည်အချင်း​ပြည့်စုံသော​ဇနီး​တစ်ဦး” ကို ကျမ်းစာ​ခေတ်​က အတော်အတန် ကြိုးစား​အားထုတ်​၍​သာ​ရနိုင်​သော အ​လွန့်အလွန်​အဖိုးထိုက်သည့်​ပတ္တမြား​နှင့် နှိုင်း​ထား​သည်။ အလားတူ​ပင် အရည်အချင်း​ပြည့်စုံသော​ဇနီး​တစ်ဦး​ကို ရှာတွေ့​ရန် ကြိုးစား​အားထုတ်​ဖို့​လို​သည်။ လူငယ်​တစ်ဦး​သည် စိုးရိမ်​တ​ကြီး​နှင့် မြန်မြန်ဆန်ဆန်​အိမ်ထောင်ပြု​မည့်​အစား အချိန်​ယူ​ရွေးချယ်​ဖို့​ကောင်း​သည်။ သို့ပြုလျှင် သူ​ရှာတွေ့​သည့် အဖိုးထိုက်​လှ​သည့်​သူကို အလွန်​တန်ဖိုး​ထား​ပေမည်။

အရည်အချင်း​ပြည့်စုံသော​ဇနီး​နှင့်​ပတ်သက်​၍ လေ​မွေ​လ​ကို ဤသို့​ပြော​ခဲ့​သည်– “သူ၏​ခင်ပွန်း​သည် သူ့ကို​ယုံ . . . လိမ့်​မည်။” (အခန်းငယ် ၁၁) တစ်နည်း​အားဖြင့် ကိစ္စရပ်​တိုင်း​တွင် သူ၏​ဇနီးသည် သူ၏​သဘော​တူညီချက် ရယူ​ရမည်ဟု မတောင်းဆို​သင့်​ပါ။ တန်ဖိုး​ကြီး​သည့်​ပစ္စည်း​ဝယ်ယူခြင်း သို့​မဟုတ် သားသမီး​များ​ကို ပဲ့ပြင်​သွန်သင်ခြင်း​ကဲ့သို့​သော အရေးကြီး​သည့်​ဆုံးဖြတ်ချက်​များ​မချ​မီ အိမ်ထောင်ဖက်​များသည် တစ်ဦး​နှင့်​တစ်ဦး ဆွေးနွေး​တိုင်ပင်​သင့်​သည်​မှာ မှန်ပါသည်။ ဤ​ကိစ္စရပ်​များ​တွင် ဆက်သွယ်ရေး​ကောင်းခြင်း​က အချင်းချင်း​ရင်းနှီးမှု​ရှိစေသည်။

အရည်အချင်း​ပြည့်စုံသော​ဇနီး​တစ်ဦး​မှာ ပြုလုပ်​စ​ရာ​များစွာ အမှန်​ရှိသည်။ အခန်းငယ် ၁၃ မှ ၂၇ တွင် မည်သည့်​ခေတ်​၌​မဆို​ရှိသည့် ဇနီးသည်​များ မိမိတို့၏​မိသားစု​အကျိုးအတွက် အသုံးချ​နိုင်​သည့် ဆုံးမ​စကား​များနှင့်​မူများ​ပါရှိ​သည်။ ဥပမာ၊ အဝတ်အစား​နှင့် ပရိဘောဂ​အသုံးအဆောင်​များ စရိတ်​မြင့်​လာ​ခြင်း​ကြောင့် အရည်အချင်း​ပြည့်စုံသော​ဇနီးသည် သူ၏​မိသားစု သက်သောင့်သက်သာ ဝတ်စား​နိုင်​ဖို့​နှင့် ကြည့်​ပျော်​ရှုပျော်​ရှိဖို့ ခြိုးခြံ​ချွေတာ ချုပ်လုပ်​တတ်​ရန် သင်ယူ​ပေမည်။ (အခန်းငယ် ၁၃၁၉၂၁၊ ၂၂) မိသားစု​စား​စရိတ်​လျော့​ဖို့ တတ်နိုင်​သ၍​စိုက်​ပျိုး​ပြီး သတိရှိရှိ​ဝယ်ခြမ်း​မည်။—အခန်းငယ် ၁၄၊ ၁၆

ထို​အမျိုးသမီး​သည် “ပျင်းရိခြင်း​အစာကို​မစား​တတ်” သည်​မှာ​ထင်ရှား​၏။ အလုပ်​ကြိုးစား​လုပ်ပြီး မိသားစု​၏​လုပ်ဆောင်မှုများ​ကို အရည်အချင်း​ရှိ​စွာ ညှိနှိုင်း​ဆောင်ရွက်​ပေး​သည်။ (အခန်းငယ် ၂၇) သူသည် “မိမိ​ခါးကို ခွန်အား​နှင့်​စည်း” သည်၊ ဆိုလိုသည်မှာ ကာယ​ခွန်အား​အသုံးပြုရန် အသင့်ပြင်​ဆင်​၏။ (အခန်းငယ် ၁၇) တစ်နေ့တာ​အလုပ်​စတင်​ရန် နေ​မထွက်မီ​ထ​ပြီး ညဉ့်နက်​သည်​အထိ လုံ့လ​ဝီရိယ​ရှိ​စွာ အလုပ်လုပ်​လေ​သည်။ သူ၏​အလုပ်ကို အလင်း​ပေး​သည့်​မီးခွက်​သည် အမြဲ​လင်း​နေ​ဘိ​သကဲ့သို့​ဖြစ်သည်။—အခန်းငယ် ၁၅၊ ၁၈

ထို​ထက်မက အရည်အချင်း​ပြည့်စုံသော​ဇနီးသည် ဝိညာဉ်​ရေး​လူတစ်ဦး​ဖြစ်သည်။ ဘုရားသခင်​ကို​ကြောက်ရွံ့​ပြီး ကိုယ်တော်​ကို အလွန်​ရိုသေ​ကိုင်းရှိုင်း၊ ကြည်ညို​လေးမြတ်​စွာ​ဖြင့် ကိုးကွယ်​သည်။ (အခန်းငယ် ၃၀) အလားတူ​လုပ်ဆောင်ရန် သားသမီး​များ​ကို လေ့ကျင့်​သွန်သင်​ပေးခြင်း​ဖြင့် သူ၏​ခင်ပွန်း​ကို အထောက်အကူ​ပေး​သည်။ အခန်းငယ် ၂၆ က ကလေး​များ​ကို “ပညာ​စကား” ဖြင့်​သွန်သင်ပေး​ပြီး “မေတ္တာ​တရား​အားဖြင့် နှုတ်မြွက်​တတ်၏” ဟု​ဆို​ထား​သည်။

အရည်အချင်း​ပြည့်စုံသော​ခင်ပွန်း

အရည်အချင်း​ပြည့်စုံသော​ဇနီး​တစ်ဦး​ကို ဆွဲဆောင်​နိုင်​ရန် လေ​မွေ​လ​သည် အရည်အချင်း​ပြည့်စုံသော​ခင်ပွန်း​တစ်ဦး၏ တာဝန်​များ​ကို​ဆောင်ရွက်ရန်​လို​သည်။ လေ​မွေ​လ​၏​မိခင်​သည် ထို​တာဝန်​အချို့​ကို သတိ​ရစေသည်။

အရည်အချင်း​ပြည့်စုံသော​ခင်ပွန်း​တစ်ဦး​သည် “ပြည်သား​အသက်ကြီးသူတို့” ရှေ့​နာမည်​ကောင်း​ရထား​သူ​ဖြစ်သည်။ (သု. ၃၁:၂၃) ဆိုလိုသည်မှာ သူသည် အရည်အချင်း​ရှိသူ၊ ရိုး​ဖြောင့်​သူ၊ ယုံကြည်​စိတ်ချ​ရသူ၊ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သူ​ဖြစ်​လိမ့်​မည်။ (ထွက်မြောက်ရာ ၁၈:၂၁; တရားဟောရာ ၁၆:၁၈-၂၀) ထို့​ကြောင့် သူသည် မြို့​၏​အမှု​ရေးရာ​များ​ကို စီစဉ်​ညွှန်ကြား​ရန် အထင်ကရ​ပုဂ္ဂိုလ်​များ စုဝေး​ကြ​သည့် “မြို့တံခါး​တို့​၌ . . . ထင်ရှားသော​သူ” ဖြစ်​ပေမည်။ ဘုရားသခင်​ကို ကြောက်ရွံ့​သူ​အဖြစ် “ထင်ရှား” ရန်သူ​သည် အကျိုးသင့်အကြောင်းသင့်​သဘော​ရှိသူ​ဖြစ်​ရပြီး ခရိုင် သို့​မဟုတ် ပြည်နယ်​ဖြစ်​နိုင်​သည့် “ပြည်” ၏​အသက်ကြီးသူ​များနှင့်​အတူ တညီတညွတ်​တည်း လုပ်ဆောင်​လိမ့်​မည်​ဖြစ်သည်။

ဇနီးလောင်း​ကို တန်ဖိုး​ထား​လေးမြတ်​ကြောင်း​တင်ပြခြင်း​၏ အရေးကြီးမှုကို လေ​မွေ​လ​၏​မိခင်​က သူ၏​သား​အား​သတိပေး​ခြင်း​မှာ မိမိ၏​ကိုယ်ပိုင်​အတွေ့အကြုံ​မှ ပြောပြ​ခြင်း​ဖြစ်​မည်​မှာ သေချာ​ပါ​သည်။ သူ့​အတွက် ပို​ပြီး​ချစ်​မြတ်နိုး​ရမည့်​သူ ကမ္ဘာ​ပေါ်​တွင်​မရှိပါ။ ထို့​ကြောင့် အားလုံး​၏​အရှေ့​တွင် ဤသို့​ပြော​သည့်​အခါ သူ၏​ခံစားချက်​ကို စိတ်ကူး​ကြည့်​ပါ– “လူမျိုး​သမီး​အများ​တို့သည် ကောင်းမွန်​စွာ​ပြု​ကြပြီ။ သို့ရာတွင် သင်သည် ထို​သူအပေါင်း​တို့ကို လွန်ကဲ​ပြီ။”—သု. ၃၁:၂၉

လေ​မွေ​လ​သည် သူ့​မိခင်၏​ပညာရှိ​ဆုံးမ​စကား​များ​ကို တန်ဖိုး​ထား​လေးမြတ်​ခဲ့​သည်​မှာ ထင်ရှား​သည်။ ဥပမာ၊ အခန်းငယ် ၁ [က​ဘ] တွင်​သူ့​မိခင်၏​စကား​များ​ကို သူ့​ကိုယ်ပိုင်​စကား​အလား ရည်ညွှန်း​ကြောင်း ကျွန်ုပ်​တို့​မှတ်သား​ရသည်။ ထို့​ကြောင့် သူသည် “ဆုံးမ​သွန်သင်” မှု​ကို​နှလုံး​သွင်း​ခဲ့​ပြီး အကြံပေး​ချက်​မှ အကျိုး​ရရှိခဲ့သည်။ ကျွန်ုပ်​တို့၏​ဘဝ​အသက်တာတွင် ထို​မူများ​ကို​လိုက်လျှောက်​ကျင့်သုံး​ခြင်း​အားဖြင့် ကျွန်ုပ်​တို့​လည်း ဤ “တရား​စကား” မှ​အကျိုး​ရရှိနိုင်​ကြ​ပါစေ။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

အရည်အချင်း​ပြည့်စုံသော​ဇနီးသည်“ပျင်းရိခြင်း​အစာ”ကို​မစား​ပါ