မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပူပိုင်းမိုးသစ်တောထဲက ပျံသန်းနေတဲ့ဥယျာဉ်မှူးများ

အပူပိုင်းမိုးသစ်တောထဲက ပျံသန်းနေတဲ့ဥယျာဉ်မှူးများ

ဥယျာဉ်မှူးတွေဟာ ဘယ်နေရာမှာ၊ ဘယ်မျိုးစေ့ကို၊ ဘယ်အချိန်မှာ စိုက်ရင် အောင်မြင်နိုင်မလဲဆိုတာကို သိကြပါတယ်။ ထူးဆန်းတာတစ်ခုက အပူပိုင်းမိုးသစ်တောထဲမှာ ညအချိန်မှာ လေထဲကနေ မျိုးစေ့ကြဲချခြင်းဖြစ်ပါတယ်။ မျိုးစေ့ကြဲနေတဲ့ အဲဒီပျံသန်းနေတဲ့ ဥယျာဉ်မှူးတွေကတော့ လင်းနို့အကောင်ကြီးမျိုးလို့ လူသိများတဲ့ သစ်သီးစားလင်းဆွဲတွေပါ။ *

မျိုးစေ့ကြဲခြင်း

ညအချိန်ရောက်တဲ့အခါ လင်းဆွဲတွေဟာ ပန်းဝတ်ရည်ပေါများတဲ့၊ အရသာရှိတဲ့သစ်သီးဝလံတွေရှိတဲ့ သစ်ပင် တွေဆီ လှည့်လည်ပျံသန်းနေကြပါတယ်။ လင်းဆွဲတွေက အစာရှာဖို့ ပျံသန်းနေရင်း အစာချေကြပါတယ်၊ ပြီးတော့ မကြေညက်တဲ့အစာတွေနဲ့ သစ်စေ့တွေကို စွန့်ထုတ်ပစ်ကြတယ်။ လင်းဆွဲတွေဟာ ဝတ်ရည်စုပ်ရတာကို အင်မတန်ကြိုက်နှစ်သက်ကြပါတယ်၊ သူတို့က ဝတ်ရည်စုပ်ရင်း ဝတ်မှုန်ကူးပေးပြီး သူတို့ရဲ့ ဥယျာဉ်မှူးအလုပ်ကို ပြီးစီးစေကြပါတယ်။

လင်းဆွဲတွေဟာ အတော်ဝေးဝေးအထိ ပျံသန်းနိုင်ကြတာကြောင့် မျိုးစေ့တွေကို ဝေးဝေးလံလံရောက်တဲ့အထိ ကြဲချနိုင်ကြပါတယ်။ တချို့သောအစေ့လေးတွေဟာ လင်းဆွဲတွေရဲ့ အစာအိမ်လမ်းကြောင်းကနေ ဖြတ်သန်းခဲ့တာကြောင့် “မြေဩဇာ”ကြွေးလိုက်တဲ့အလား အပင်မြန်မြန် ပေါက်လာကြပါတယ်။ မိုးသစ်တောထဲမှာရှိတဲ့ မျိုးပေါင်းစုံလင်လှတဲ့ သစ်ပင်တွေဟာ လင်းဆွဲတွေရဲ့ ဝတ်မှုန်ကူးတာ၊ မျိုးစေ့ကြဲချတာအပေါ် အမှီပြုနေကြတယ်ဆိုတာက အံ့အားသင့်စရာမဟုတ်ပါဘူး။

လင်းဆွဲတွေဟာ ခရီးသွားလာနိုင်တဲ့အစွမ်းနဲ့ အမြင် အာရုံကောင်းလွန်းတာကြောင့် ဝေးဝေးလံလံ၊ ကျယ်ကျယ်ပြန့်ပြန့် သွားနိုင်ကြပါတယ်။ ညအမှောင်မှာ လင်းဆွဲတွေက လူတွေထက် ပိုမြင်နိုင်ကြပြီး အရောင်တချို့ကို ခွဲခြားနိုင်ကြတယ်။ သူတို့တွေဟာ ညဘက်မှာသာမက နေ့ဘက်မှာလည်း ပျံနိုင်ကြတယ်။

မိသားစုရိပ်မြုံ

ဒီအချက်ကို သိပါသလား။ လင်းဆွဲတွေဟာ တခြားလင်းနို့တွေလိုမျိုး ပဲ့တင်သံကိုသုံးပြီး အစာရှာတာမျိုးမဟုတ်ဘဲ အနံ့အာရုံ၊ အမြင်အာရုံကိုသာ သုံးကြပါတယ်။ သူတို့ရဲ့မျက်လုံးပြူးပြူးတွေဟာ ညဘက်မှာကျက်စားဖို့အတွက် အင်မတန် သင့်တော်လှပါတယ်

ဆာမိုအာ လင်းဆွဲတွေဟာ မိတ်ဖက်တစ်ကောင်တည်း ရှိကြတယ်။ တချို့မျိုးစိတ်တွေကိုလေ့လာကြည့်တဲ့အခါ လင်းဆွဲအမတွေဟာ သားပေါက်လေးကို ကောင်းကောင်းဂရုစိုက်ကြပြီး နို့ပြတ်တဲ့အချိန်အထိ သူတို့နဲ့အတူခေါ်သွားကြတယ်။ လင်းဆွဲမျိုးစိတ် နှစ်မျိုးမှာဆိုရင် သားပေါက်တဲ့အခါ ကူညီပေးတဲ့ “ဝမ်းဆွဲ” တွေတောင်ရှိကြသေးတယ်။

သစ်သီးစားလင်းဆွဲတွေရဲ့ စံအိမ်တွေဖျက်ဆီးခံရတာကြောင့် မျိုးသုဉ်းမယ့်အန္တရာယ်ရင်ဆိုင်နေကြရတာက ဝမ်းနည်းစရာကောင်းပါတယ်။ ပစိဖိတ်သမုဒ္ဒရာတောင်ဘက်ပိုင်းက ကျွန်းတွေမှာဆိုရင် အဲဒီမျိုးသုဉ်းရတော့မယ့် သစ်သီးစားလင်းဆွဲတွေရဲ့ အကူအညီမပါဘဲ တချို့အပင် မျိုးစိတ်တွေဟာ ဝတ်မှုန်မကူးနိုင်ကြပါဘူး။ ဒါကြောင့် ပျံသန်းနေတဲ့ ဥယျာဉ်မှူးတွေရဲ့ လုပ်ဆောင်ချက်တွေကို လျှော့မတွက်သင့်ပါဘူး။

^ အပိုဒ်၊ 2 လင်းဆွဲတွေကို အာဖရိကတိုက်၊ အာရှတိုက်၊ ဩစတြေးလျတိုက်၊ ပစိဖိတ်ကျွန်းတွေမှာ တွေ့ရပါတယ်။