မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာ မကြာခင် လူတိုင်းစားရတော့မယ်

ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာ မကြာခင် လူတိုင်းစားရတော့မယ်

ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာ မကြာခင် လူတိုင်းစားရတော့မယ်

လက်တွေ့ကျတဲ့အဆင့်တွေကို သင်လုပ်နေတယ်ဆိုရင် သင့်ရဲ့အစားအစာက အတိုင်းအတာတစ်ခုအထိ အန္တရာယ်ကင်းနေပါလိမ့်မယ်။ ဒါပေမဲ့ သင်မထိန်းချုပ်နိုင်တဲ့ အကြောင်းရင်းများစွာ ရှိသေးတယ်။ ဥပမာ၊ အစားအစာအားလုံးကို သင်မဝယ်ခင် ဒါမှမဟုတ် မချက်ပြုတ်ခင် ဒါတွေက ဘာဖြစ်ခဲ့သလဲဆိုတာကို သင်မသိနိုင်ပါဘူး။ သင်ဝယ်တဲ့ အစားအစာက တိုင်းတစ်ပါးကနေ ထုတ်လုပ်တင်သွင်းလာတာဖြစ်နိုင်တယ်။ နောက်ပြီး အန္တရာယ်ရှိတဲ့ ဓာတုဓာတ်ပါဝင်နေတဲ့ လေ၊ ရေ ဒါမှမဟုတ် မြေကြီးကြောင့် အဆိပ်သင့်နေတဲ့ အစားအစာတွေကို သင်ဝယ်ယူမိနိုင်တယ်။

“အစာအဆိပ်သင့်မှု ထိန်းချုပ်ရေး နိုင်ငံတကာကြုံတွေ့နေရတဲ့အခက်အခဲ” ခေါင်းစဉ်ရှိတဲ့ မှတ်တမ်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အရာရှိတွေက အစားအစာတွေအန္တရာယ်ကင်းဖို့ ပြဿနာတချို့ကို “တစ်နိုင်ငံတည်းကပဲ ကြိုးစားဖြေရှင်းလို့မရနိုင်ဘူး။ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်” လို့ဖော်ပြထားတယ်။ အစားအစာအဆိပ်သင့်မှုက ကမ္ဘာချီပြဿနာဖြစ်နေတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာ မကြာခင် လူတိုင်းစားရတော့မယ်လို့ သင်တို့ဘာကြောင့် သေချာပြောရတာလဲဆိုပြီး လူများစွာကမေးကြပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ‘မြေကြီးတစ်ပြင်လုံးကို အစိုးရတော်မူသောအရှင် ယေဟောဝါ’ ကလူသားတွေရဲ့ အစားအသောက်ပြဿနာတွေကို ဖြေရှင်းပေးမယ်လို့ ကတိပြုထားလို့ပါ။ (ယောရှု ၃:၁၃) တချို့သူတွေက စိတ်မချရတဲ့ အစားအစာတွေက ဘုရားသခင်ကို ယုံကြည်စိတ်ချလို့မရဘူးဆိုတဲ့ သက်သေပဲလို့ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ ဒါကိုစဉ်းစားကြည့်ပါ– စားပွဲထိုးတစ်ယောက်ကြောင့် အစားအစာပျက်စီးသွားတယ်ဆိုရင် စားဖိုမှူးကို အပြစ်သွားပြောလို့ရမလား။ မရပါဘူး။

အဲဒီလိုပါပဲ၊ ပြဿနာက ကောင်းတဲ့အစားအစာထုတ်ပေးတဲ့ မြေကြီးကိုဖျက်ဆီးတဲ့ လူသားတွေကြောင့်ဖြစ်တယ်၊ ဖန်ဆင်းရှင်ကြောင့် မဟုတ်ပါဘူး။ အန္တရာယ်ရှိတဲ့အစားအစာ ပျံ့နှံ့ရတာက လူသားတွေလုပ်တဲ့ ပြဿနာပါ။ ဒါကြောင့် “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” မယ်လို့ ဘုရားသခင် ကတိပေးထားတယ်။—ဗျာ. ၁၁:၁၈

တကယ်တော့ ကျွန်ုပ်တို့ရဲ့ အစားအစာအတွက် ဂရုစိုက်တယ်ဆိုတာကို ဘုရားသခင် ဖော်ပြခဲ့တယ်။ ကမ္ဘာမြေကြီးကိုဖန်ဆင်းတဲ့ ဘုရားသခင်က “အဆင်းလှ” ရုံသာမဟုတ်ဘဲ “စားဖွယ်ကောင်း” တဲ့အပင်တွေကိုလည်း ဖန်ဆင်းပေးခဲ့တယ်။ (ကမ္ဘာဦး ၂:၉) လူ့မိသားစုမှာ ဖျားနာမှုတွေ ဝင်လာပြီးတဲ့နောက်ပိုင်းမှာတောင် ယေဟောဝါဘုရားသခင်က မိမိလူမျိုးရဲ့ အစားအစာနဲ့ ကာယကျန်းမာရေးကို အကာအကွယ်ဖြစ်စေတဲ့ တိတိကျကျညွှန်ကြားချက်တွေ ပေးခဲ့တယ်။—“ကျန်းမာအောင်ထောက်ကူပေးတဲ့ပညတ်” လေးထောင့်ကွက်ကိုကြည့်ပါ။

ကျွန်ုပ်တို့ ဘယ်အစားအစာတွေကို စားဖို့ ဘုရားသခင်အလိုရှိသလဲ။ သမ္မာကျမ်းစာမှာဒီလိုဖော်ပြထားတယ်– “တိရစ္ဆာန်ဖို့မြက်ပင်ကိုလည်းကောင်း၊ လူသုံးဖို့စပါးပင်ကိုလည်းကောင်း ပေါက်စေတော်မူသဖြင့် မြေကြီးထဲကမုန့်ကိုထုတ်ဖော်တော်မူ၏။ စပျစ်ရည်သည်လည်း လူတို့ကိုရွှင်လန်းစေ၏။ ဆီအားဖြင့်လည်း သူတို့မျက်နှာကိုပြောင်စေတော်မူ၏။ မုန့်သည်လည်း သူတို့နှလုံးကို ထောက်မ၏။” (ဆာလံ ၁၀၄:၁၄၊ ၁၅) “အသက်ရှင်၍လှုပ်ရှားတတ်သမျှသည် . . . သင်တို့စားစရာဖို့ဖြစ်ရမည်” လို့လည်း ကျမ်းစာကဖော်ပြတယ်။—ကမ္ဘာဦး ၉:၃

ကျွန်ုပ်တို့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကိုယ်တော်ဒီလိုကတိပြုထားတယ်– “လယ်၌ကြဲသောမျိုးစေ့ဖို့ မိုးကိုရွာစေတော်မူလိမ့်မည်။ မြေအသီးအနှံမှဖြစ်သောမုန့်ကို အလွန်ကြွယ်ဝစွာ ပေးသနားတော်မူလိမ့်မည်။ ထိုအခါ သင်၏ သိုး နွားတို့သည် ကျယ်သောအရပ်၌ ကျက်စားရကြလိမ့်မည်။” (ဟေရှာယ ၃၀:၂၃) ဒီနေ့အချိန်မှာ စိုးရိမ်နေရတဲ့သတင်းတွေနေရာမှာ “အားလုံးအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ” ဆိုတဲ့သတင်းနဲ့ မကြာခင်မှာ အစားထိုးလာပါတော့မယ်။

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

ဖန်ဆင်းရှင်ဘုရားသခင်က အနာဂတ်မှာ ကောင်းတဲ့အစားအစာပေါကြွယ်ဝမယ်လို့ ကတိပြုထား

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

“ကျန်းမာအောင်ထောက်ကူပေးတဲ့ပညတ်”

လွန်ခဲ့တဲ့အနှစ် ၃,၅၀၀ ကျော်လောက်က အစ္စရေးလူမျိုးဟာ မောရှေပညတ်ကို လက်ခံရရှိခဲ့ကြတယ်။ အဲဒီပညတ်ကြောင့် အစ္စရေးလူမျိုးက အစာအဆိပ်သင့်မှုအမျိုးမျိုးကနေ အကာအကွယ်ရခဲ့ကြတယ်။ အောက်ပါညွှန်ကြားချက်တွေကို သုံးသပ်ကြည့်ပါ–

● တိရစ္ဆာန်အသေကောင်နဲ့ထိတဲ့ အသုံးအဆောင်နဲ့ ပန်းကန်ခွက်ယောက်တွေက မသန့်ရှင်းတဲ့အတွက် ရှောင်ခိုင်းတယ်– “ထိုအသုံးအဆောင်မစင်ကြယ်။ ရေ၌နှစ်ရမည်။ ညဦးတိုင်အောင်လည်းမစင်ကြယ်။ ထိုနောက်စင်ကြယ်လိမ့်မည်။”—ဝတ်ပြုရာ ၁၁:၃၁-၃၄

● သူ့ဘာသာသူသေတဲ့ တိရစ္ဆာန်ကို မစားခိုင်းဘူး– “အလိုလိုသေသောအကောင်ကို မစားရ။”—တရားဟောရာ ၁၄:၂၁

● ကျန်တဲ့အစားအစာကို အချိန်တိုအတွင်းစားခိုင်းတယ်– “အကြွင်းကိုလည်း နက်ဖြန်နေ့စားရမည်။ ကြွင်းသေးသောအသားကိုလည်း သန်ဘက်နေ့ [“သုံးရက်မြောက်နေ့၊” ကဘ] ၌ မီးရှို့ရမည်။”—ဝတ်ပြုရာ ၇:၁၆-၁၈

ဒေါက်တာ အေ. ရန်ဒါလ် ရှော့ က မောရှေပညတ်ကို ဝန်းကျင်နိုင်ငံမှာ ရှိတဲ့ပညတ်တွေနဲ့ နှိုင်းယှဉ်ကြည့်ပြီး “ပညာရှိပြီး အကျိုးသင့်အကြောင်းသင့်ရှိတဲ့ ကျန်းမာအောင်ထောက်ကူတဲ့ပညတ်” လို့တအံ့တသြဖော်ပြခဲ့တယ်။