မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘများပြောဆိုရာ

မိဘများပြောဆိုရာ

မိဘများပြောဆိုရာ

သင်ဟာ ကျောင်းမနေသေးတဲ့ကလေးတစ်ဦးရဲ့ မိဘဖြစ်မယ်ဆိုရင် အခက်အခဲတချို့ကို ရင်ဆိုင်နေရဖွယ်ရှိတယ်။ ဥပမာ၊ ကလေးငယ် ဝုန်းဒိုင်းကြဲတာကို သင်ဘယ်လိုဖြေရှင်းသင့်သလဲ။ တစ်ခုခုဟာ မှားသလား၊ မှန်သလား ဆိုတာ ကလေးငယ်သိအောင် ဘယ်လိုသင်ပေးနိုင်မလဲ၊ မျှတမှုရှိရှိ ဘယ်လို တည့်မတ်ပေးနိုင်မလဲ။ ဒီပြဿနာတွေကို တချို့မိဘတွေ ဘယ်လိုဖြေရှင်းခဲ့သလဲဆိုတာ သတိပြုကြည့်ပါ။

ဝုန်းဒိုင်းကြဲခြင်း

“‘အတော့်ကိုစိတ်ညစ်ဖို့ကောင်းတဲ့ နှစ်နှစ်အရွယ်’ မှာ ကလေးတစ်ယောက်ဟာ သူလိုချင်တာမှန်သမျှရဖို့ မျှော်လင့်တတ်တယ်။ ကျွန်မတို့ရဲ့သားမှာလည်း ဒီပြဿနာရှိတယ်။ သူတောင်းတာ မရရင် ပစ္စည်းတွေကို လွှင့်ပစ်ရော။ ဒါက ကျွန်မတို့ရဲ့ သားဦးကလေးဖြစ်နေတော့ ဘယ်လိုလုပ်ရမလဲဆိုတာ အတွေ့အကြုံမရှိဘူး ဖြစ်နေတယ်။ ကလေးတွေက ဒီအရွယ်မှာ ဒီလိုပဲလုပ်တတ်ကြတယ်ဆိုပြီး တခြားသူတွေပြောကြပေမဲ့ အဲဒီစကားက ကျွန်မတို့ကို ဘာမှအထောက်အကူမပြုဘူး။”—ဆူဆန်၊ ကင်ညာ။

“ကျွန်မတို့ရဲ့သမီးလေးဟာ နှစ်,နှစ်အရွယ်မှာ ကြမ်းပြင်ပေါ် လူးလိမ့်၊ အော်ဟစ်ငိုယို၊ ကန်ကျောက်လေ့ရှိတယ် . . . တကယ့်ကို စိတ်ပျက်စရာပဲ။ အဲဒီအချိန်မှာ သူ့ကို ဘယ်လိုပဲပြောပြော မရဘူး။ ဒါကြောင့် ကျွန်မခင်ပွန်းနဲ့ ကျွန်မက သူ့ကို သူ့အခန်းထဲပို့လိုက်ပြီး သမီးအဆင်ပြေသွားပြီဆိုရင် အပြင်ထွက်လာခဲ့ပါ၊ ဒီအကြောင်း အမေတို့ ဆွေးနွေးရအောင်ဆိုပြီး အေးအေးဆေးဆေး ပြောလိုက်တယ်။ သူ စိတ်ငြိမ်သွားပြီဆိုရင် ကျွန်မတို့ တစ်ယောက်ယောက် သူ့အခန်းထဲဝင်သွားပြီး သူ့အပြုအမူက ဘာကြောင့် လက်ခံလို့ မရနိုင်တဲ့အကြောင်း နားလည်အောင်ရှင်းပြတယ်။ ဒီနည်းလမ်းက အောင်မြင်တယ်။ တစ်ခါကဆိုရင် သူ ဘုရားသခင်ဆီဆုတောင်းပြီး ခွင့်လွှတ်ဖို့တောင်းဆိုနေတာ ကျွန်မတို့ ကြားခဲ့ရတယ်။ အချိန်တန်တော့ ဒီလို ဝုန်းဒိုင်းကြဲတာ တဖြည်းဖြည်းနည်းလာပြီး နောက်တော့ ပျောက်သွားတယ်။”—ယိုလန်းဒါး၊ စပိန်။

“မိဘတွေက စည်းကမ်းကို ဘယ်လောက်အထိအလျှော့ပေးမလဲလို့ ကလေးငယ်တွေ စမ်းကြည့်တတ်ကြတယ်။ မလုပ်ရဘူးလို့ သင် ပြတ်ပြတ်သားသားတားမြစ်ထားတဲ့အရာတစ်ခုကို လုပ်ခွင့်ပေးလိုက်တဲ့အခါ ကလေးတွေစိတ်ထဲ ရှုပ်ထွေးသွားတယ်။ ကျွန်တော်တို့ဘက်က ခိုင်မာပြီး အပြောင်းအလဲမရှိတဲ့အခါ အော်ဟစ်ငိုယိုတောင်းခံတဲ့နည်းက အလုပ်မဖြစ်ဘူးဆိုတာကို ကျွန်တော်တို့ကလေးတွေ နားလည်လာကြတယ်။”—နေး၊ ဗြိတိန်။

ဆုံးမပဲ့ပြင်မှု

“ကလေးတွေက အသက်ငါးနှစ်အောက်အရွယ်ဆိုရင် ပြောစကားကို အာရုံစိုက်နားထောင်နေမနေ ဝေခွဲရခက်တယ်။ ဒါကြောင့် အကြိမ်ကြိမ် ပြန်ပြောဖို့အရေးကြီးတယ်။ အမူအရာနဲ့သာမက ခိုင်မာပြတ်သားတဲ့အသံနဲ့ပါ အကြိမ်ပေါင်းများစွာ၊ အကြိမ်ပေါင်းထောင်နဲ့ချီပြီလို့ ထင်ရလောက်အောင် ပြောရင်ပြောရလိမ့်မယ်။”—ဆက်ဇ်၊ ပြင်သစ်။

“ကျွန်တော်တို့ရဲ့သားသမီးလေးယောက်က တူညီတဲ့ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ပေမဲ့ တစ်ယောက်နဲ့တစ်ယောက် စရိုက်မတူကြဘူး။ တစ်ယောက်က သူ့ကြောင့် ကျွန်တော်တို့ စိတ်ထိခိုက်သွားတယ်ဆိုတာနဲ့တင် ငိုတော့တာပဲ။ နောက်တစ်ယောက်ကျတော့ ကျွန်တော်တို့ဘက်က ဘယ်လောက်အထိ အလျှော့ပေးမလဲဆိုတာ စမ်းကြည့်တတ်တယ်။ ခပ်ထန်ထန်လေး တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒါမှမဟုတ် ဆူလိုက်ရုံနဲ့ အဆင်ပြေသွားတာရှိသလို သတ်သတ်မှတ်မှတ် အပြစ်ပေးရတဲ့အခါလည်း ရှိတယ်။”—နေသန်၊ ကနေဒါ။

“အလျှော့မပေးဖို့ အရေးကြီးတယ်။ တစ်ချိန်တည်းမှာ မိဘတစ်ဦးအနေနဲ့ တစ်ယူသန်ဆန်တာ ဒါမှမဟုတ် ခက်ထန်တာမျိုး မဖြစ်သင့်ဘူး။ တစ်ခါတလေ ကလေးက တကယ့်ကို ဝမ်းနည်းတဲ့အခါ အကျိုးသင့်အကြောင်းသင့်ရှိသင့်ပြီး ဆုံးမမှုကို လျှော့ပေါ့သင့်တယ်လို့ထင်တယ်။” —မက်တီယို၊ ပြင်သစ်။

“စည်းကမ်းတွေ အများကြီးမထုတ်ဖို့ ကျွန်မ ကြိုးစားတယ်၊ ဒါပေမဲ့ ထုတ်ထားတဲ့စည်းကမ်းအနည်းငယ်ကိုတော့ အလေးအနက်ထားတယ်။ ကျွန်မရဲ့ သုံးနှစ်အရွယ်သားငယ်က စကားနားမထောင်ရင် ဘာပြစ်ဒဏ်ခံရမလဲဆိုတာသိထားတယ်၊ အဲဒါက ကိုယ့်အပြုအမူကိုထိန်းဖို့ သူ့ကို ထောက်ကူပေးတယ်။ ကျွန်မ မောပန်းနေတဲ့အခါ သူ့အမှားတွေကို လျစ်လျူရှုဖို့ လွယ်ကူတာ မှန်ပါတယ်။ ဒါပေမဲ့ ပြောတဲ့အတိုင်းလုပ်တယ်ဆိုတာ သူသိအောင် ကျွန်မ အရေးယူလုပ်ဆောင်တယ်။ တစ်သမတ်တည်းရှိဖို့ အရမ်းအရေးကြီးတယ်။”—နက်တဲလ်၊ ကနေဒါ။

တစ်သမတ်တည်းဖြစ်မှု

“ကလေးငယ်တွေရဲ့ဦးနှောက်ထဲမှာ မိဘတွေ တစ်သမတ်တည်းမရှိတဲ့အချိန်တိုင်းကို မှတ်ထားတဲ့ ကွန်ပျူတာချပ်စ်ပြားလေး ရှိပုံရတယ်။”—မိုလ်တန်၊ ဘိုလီးဗီးယား။

“တစ်ခါတလေ ကျွန်တော့်သားက အကြောင်းအရာတစ်ခုတည်းကိုပဲ နည်းပေါင်းစုံနဲ့ မေးတတ်ပြီး ကျွန်တော်တို့အဖြေက တူမတူဆိုတာ စမ်းကြည့်တတ်တယ်။ အကယ်၍ ကျွန်တော်ပြောတာနဲ့ သူ့အမေပြောတာ မတူဘူးဆိုရင် အဲဒီလွတ်နေတဲ့နေရာလေးကို သူ အခွင့်အရေး ယူတော့တာပဲ။”— အန်ဂျယ်၊ စပိန်။

“တစ်ခါတလေ ကျွန်မ စိတ်ကောင်းဝင်နေချိန်ဆိုရင် သားရဲ့အပြုအမူဆိုးတွေကို လျစ်လျူရှုမိပြီး ဒေါသထွက်နေချိန်မှာတော့ ခပ်ကြမ်းကြမ်း ပြစ်ဒဏ်ပေးလေ့ရှိတယ်။ ဒါပေမဲ့ ဒီလိုလုပ်တာက သူ့ရဲ့ အပြုအမူဆိုးကို ပိုလို့သာ ဆိုးစေတယ်ဆိုတာ ကျွန်မ တွေ့ခဲ့တယ်။”—ဂျင်အို့ကေ၊ ကိုးရီးယား။

“အပြုအမူတစ်မျိုးက ဒီနေ့မှာ မှားတယ်ဆိုရင် နောက်နောင်မှာလည်းအမြဲမှားတယ်ဆိုတာ ကလေးတွေနားလည်ဖို့ အရေးကြီးတယ်။”—အန်တိုနီယို၊ ဘရာဇီး။

“မိဘတွေက ခုတစ်မျိုး တော်ကြာတစ်မျိုးလုပ်ရင် ‘အဖေနဲ့အမေရဲ့စိတ်က ခန့်မှန်းလို့မရပါဘူး၊ သူတို့ရဲ့ ဆုံးဖြတ်ချက်က သူတို့ရဲ့စိတ်အခြေအနေအပေါ်မှာပဲ မူတည်ပါတယ်’ လို့ ကလေး ယူမှတ်သွားနိုင်တယ်။ ဒါပေမဲ့ မိဘတွေက သူတို့ချမှတ်ထားတဲ့စည်းကမ်းအတိုင်း လုပ်တယ်ဆိုရင် မှားတယ်ဆိုတဲ့အရာက အမြဲမှားကြောင်း ကလေးတွေ သိသွားပါလိမ့်မယ်။ ဒါဟာ မိဘတွေအနေနဲ့ ကလေးတွေကို လုံခြုံမှုပေးပြီး မေတ္တာပြနိုင်တဲ့နည်းလမ်းတစ်ခုပဲ။”—ဇဲလ်မား၊ ဘရာဇီး။

“တောင်းဆိုချက်ကို လိုက်လျောရုံကလွဲလို့ မိဘတွေမှာ ရွေးချယ်စရာမရှိတဲ့အခြေအနေမျိုးကို ကလေးတွေ အသုံးချတတ်တယ်၊ တခြားသူတွေရှိနေချိန်မှာလိုမျိုးပေါ့။ ကျွန်တော်ကတော့ မရဘူးဆိုရင် အစကတည်းက မရဘူးလို့ ပြောထားပြီး ဘယ်လောက်ပဲတောင်းပန်ပါစေ နားထောင်မှာမဟုတ်ဘူးဆိုတာ ကလေးကို ရှင်းရှင်းလင်းလင်း အသိပေးထားတယ်။”—ချမ်ဆော့ခ်၊ ကိုးရီးယား။

“မိဘနှစ်ဦးစလုံးက ညီညွတ်နေရမယ်။ ကျွန်တော်နဲ့ ကျွန်တော့်မိန်းမ တစ်ခုခုသဘောထားကွဲလွဲနေရင် သီးသန့်စကားပြောတယ်။ ကိစ္စတစ်ခုခုမှာ မိဘတွေမညီညွတ်တာကို ကလေးတွေ သိနိုင်ကြပြီး ဒီအခြေအနေကို အခွင့်အရေးယူဖို့ ကြိုးစားလိမ့်မယ်။”—ခက်ဇက်စ်၊ စပိန်။

“မိဘတွေက စည်းလုံးကြပြီး သူတို့ကို လှည့်စားလို့မရဘူးဆိုတာ ကလေးသိတဲ့အခါ လုံခြုံတယ်လို့ သူခံစားရတယ်။ စကားနားထောင်ရင် ဘာဖြစ်မယ်၊ နားမထောင်ရင် ဘာဖြစ်မယ်ဆိုတာတွေကို သူသိတယ်။” —ဒမားရစ်၊ ဂျာမနီ။

“ကျွန်တော်နဲ့ ကျွန်တော့်ဇနီးအတွက် တစ်သမတ်တည်းရှိတယ်ဆိုတဲ့အခါ စည်းကမ်းပိုင်းမှာတင်မက တစ်ခုခုပေးမယ်ဆိုရင်လည်း ကတိတည်အောင်လုပ်တယ်။ ဒီလိုနည်းနဲ့ ကျွန်တော်တို့ပြောတဲ့စကားကို သူ ပိုယုံကြည်လာတယ်။”—ဟန်းဒရခ်၊ ဂျာမနီ။

“အလုပ်ရှင်က ကျွန်တော့်ကို အမျိုးမျိုးတောင်းဆိုနေမယ်ဆိုရင် ကျွန်တော် ဒေါကန်မိမှာ အမှန်ပဲ။ ကလေးတွေလည်း အလားတူပဲ။ စည်းကမ်းတွေကိုသိပြီး ဒီစည်းကမ်းတွေဟာ ပြောင်းလဲမှာမဟုတ်ဘူးဆိုတာ သိထားရင် လုံခြုံတယ်လို့ သူတို့ခံစားရလိမ့်မယ်။ နာခံမှုမရှိရင် ဘာအကျိုးဆက်ဖြစ်မလဲဆိုတာနဲ့ အဲဒီအကျိုးဆက်တွေကလည်း ပြောင်းလဲမှာမဟုတ်ဘူးဆိုတာ သူတို့ သိထားဖို့လိုတယ်။”—ဂလန်း၊ ကနေဒါ။

[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]

“သင်တို့၏စကားမှာ အဟုတ်ကို အဟုတ်၊ မဟုတ်ကို မဟုတ် ဖြစ်စေကြလော့။”—ယာကုပ် ၅:၁၂

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

မိသားစုမှတ်တမ်းအကျဉ်း

မမျှော်လင့်ဘဲ ကိုယ်ဝန်ရလာခြင်း စိတ်သဘောထားကို ပြောင်းလဲခဲ့ကြပုံ

တွမ်နဲ့ ယွန်ဟီး ဟန် တို့ပြောပြ

တွမ်– ကျွန်တော်တို့ လက်ထပ်ပြီးတာမှ ခြောက်လပဲရှိသေးတယ်၊ ကျွန်တော့်ဇနီးယွန်ဟီးမှာ ကိုယ်ဝန်ရှိနေပြီ။ ယွန်ဟီးကို နှစ်သိမ့်အားပေးချင်တယ်၊ သူ ကျွန်တော့်ကို အားကိုးလို့ရတယ်ဆိုတာလည်း သိစေချင်တယ်၊ ဒါကြောင့် အပြင်ပန်းမှာတော့ ကျွန်တော်က အေးဆေးတည်ငြိမ်တဲ့ပုံစံနေပြတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ထိတ်လန့်တုန်လှုပ်နေတာပေါ့။

ယွန်ဟီး– ကျွန်မအရမ်းစိတ်ပျက်သွားပြီး အရမ်းလည်းကြောက်ခဲ့တယ်။ ငိုပြီးရင်း ငိုနေတော့တာပဲ၊ ကျွန်မ အဆင်သင့်မဖြစ်သေးဘူး၊ မိခင်ကောင်းတစ်ဦးလည်း ပီသနိုင်မှာမဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။

တွမ်– ကျွန်တော်လည်း ဖခင်တစ်ဦးဖြစ်ဖို့ အဆင်သင့်မှမရှိသေးတာ။ ဒါပေမဲ့ တခြားမိဘတွေနဲ့ စကားပြောကြည့်တဲ့အခါ မမျှော်လင့်ဘဲကိုယ်ဝန်ရတာ ကျွန်တော်တို့မှ မဟုတ်ဘူး၊ ဒီလိုဇနီးမောင်နှံတွေက ကျွန်တော်တို့ ထင်တာထက်တောင် များနေတယ်ဆိုတာ သိလိုက်ရတယ်။ ဒါ့ပြင်၊ ဖခင် ဒါမှမဟုတ် မိခင်ဖြစ်ရတာ ဘယ်လောက်ပျော်စရာကောင်းသလဲဆိုတဲ့အကြောင်း တခြားမိဘတွေပြောတာတွေကိုကြားရတဲ့အခါ စိတ်သက်သာရာရတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော့်ရဲ့ကြောက်စိတ်နဲ့ မသေချာမရေရာမှုတွေနေရာမှာ မျှော်လင့်နေတဲ့စိတ်က အစားထိုးနေရာယူသွားတယ်။

ယွန်ဟီး– အမန်ဒါလေးကို မွေးလာပြီးတဲ့နောက် မကြုံဖူးတဲ့အခက်အခဲတွေ ကြုံလာရတယ်။ သမီးလေးက မပြတ်တမ်းကို ငိုနေတော့ အပတ်ပေါင်းများစွာ ကျွန်မ အိပ်လို့မရခဲ့ဘူး။ ကျွန်မ အစာစားချင်စိတ်မရှိဘူး၊ အရမ်းလည်း ပင်ပန်းနွမ်းလျခဲ့တယ်။ ပထမတော့ လူတွေရှိတဲ့နေရာမှာ ကျွန်မ မနေချင်ဘူး။ ဒါပေမဲ့ အဲဒီလို အိမ်တွင်းအောင်းတာက ကျွန်မကို အကူအညီမပေးနိုင်ဘူးဆိုတာ နားလည်ခဲ့တယ်။ ဒီအတွက် တခြားမိခင်ဖြစ်စသူတွေနဲ့ အချိန်ပေးစကားပြောကြည့်တယ်။ အဲဒီလိုလုပ်လို့ ‘အတွေ့အကြုံချင်းဖလှယ်ခွင့်’ ရသလို ပြဿနာကြုံနေရတာ ကျွန်မတစ်ယောက်တည်းမဟုတ်ဘူးဆိုတာလည်း သိလိုက်ရတယ်။

တွမ်– မိသားစုလုပ်ရိုးလုပ်စဉ်အတိုင်း ပုံမှန်ဆက်လုပ်နိုင်အောင် ကျွန်တော်ကြိုးစားခဲ့တယ်။ ဥပမာဗျာ၊ ကျွန်တော်နဲ့ယွန်ဟီးတို့ဟာ ယေဟောဝါသက်သေတွေဖြစ်တဲ့အတွက် ဟောပြောခြင်းလုပ်ငန်းမှာ ပုံမှန်ပါဝင်ပြီး ခရစ်ယာန်အစည်းအဝေးတွေကိုလည်း ပုံမှန်တက်ဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ ကလေးအတွက် အကုန်အကျတွေလည်း ရှိလာတယ်၊ တချို့အကုန်အကျတွေဟာ မမျှော်လင့်ထားတဲ့အရာတွေ။ ဒါကြောင့် အကြွေးမတင်အောင် ကိုယ်ရတာနဲ့လောက်အောင်သုံးဖို့ ကြိုးစားခဲ့တယ်၊ အကြွေးရှိပြီဆိုရင် ပိုပြီးစိတ်ဖိစီးရမယ်။

ယွန်ဟီး– ပထမတော့ ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ရင် ကလေးရှိနေတော့ အနှောင့်အယှက်ဖြစ်မှာစိုးတာနဲ့ မပါဝင်ဘဲနေတာ ပိုကောင်းမယ်လို့ ယူမှတ်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ လူတွေက သူတို့ဘေးမှာ ကလေးရှိနေတာကိုပဲ ပျော်ရွှင်ကြတယ်။ ဒါကြောင့် အမှုဆောင်လုပ်ငန်းမှာဆက်ပါဝင်နိုင်ပြီး ကျွန်မရဲ့ကလေးအပေါ် ပိုပြီးတော့လည်း အကောင်းမြင်တတ်လာတယ်။

တွမ်– သားသမီးတွေဟာ ‘ယေဟောဝါဘုရားဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်ကြ၏’ ဆိုပြီး ကျမ်းစာကပြောတယ်။ (ဆာလံ ၁၂၇:၃) ဒီကျမ်းစကားက ကလေးတစ်ဦးဟာ တကယ့်အဖိုးတန်လက်ဆောင်တစ်ခုပဲဆိုတာ ကျွန်တော့်ကိုနားလည်စေတယ်။ ဘယ်လိုအမွေဥစ္စာမဆို သင့်မှာရွေးချယ်ခွင့်ရှိတယ်– ဒီအမွေဥစ္စာကို ပညာရှိရှိရင်းနှီးမြှပ်နှံပြီး တိုးပွားအောင်လုပ်မလား၊ ဒါမှမဟုတ် သုံးဖြုန်းပစ်လိုက်မလား။ ကလေးတစ်ဦးရဲ့ ကြီးထွားမှုအဆင့်တိုင်းက အရမ်းအရေးကြီးတယ်၊ သမီးလေး ကြီးလာတဲ့အချိန်တစ်လျှောက်လုံး ကျွန်တော်ရှိနေဖို့၊ ကူညီပေးဖို့လိုအပ်တယ်ဆိုတာ ကျွန်တော် သိလိုက်ရတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီလိုအချိန်မျိုးဟာ ကုန်သွားပြီဆိုရင် ပြန်မရနိုင်တော့ဘူး။

ယွန်ဟီး– ဘဝမှာ အံ့ဩစရာတွေ ကြုံရတတ်တယ်၊ ဒါပေမဲ့ မမျှော်လင့်ဘဲကလေးရလာတာက စိတ်ပျက်ချောက်ချားစေတဲ့ အံ့ဩစရာတစ်ခုမဟုတ်ဘူး။ အမန်ဒါက ခုဆိုရင် ခြောက်နှစ်ရှိနေပြီ၊ သူမရှိဘဲ ကျွန်မ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။

[ရုပ်ပုံ]

သူတို့ရဲ့သမီးလေး အမန်ဒါနဲ့အတူ တွမ်နဲ့ ယွန်ဟီး