မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခဲဆိပ်သင့်ခြင်းကို သတိပြုပါ

ခဲဆိပ်သင့်ခြင်းကို သတိပြုပါ

ခဲဆိပ်သင့်ခြင်းကို သတိပြုပါ

အစိုးရများသည် မကြာသေးမီနှစ်များတွင် ကစားစရာနှင့် လက်ဝတ်ရတနာကဲ့သို့သောပစ္စည်းများ သုံးစွဲသူများအား ယင်းပစ္စည်းများကို ပြန်အပ်ကြရန် အရေးပေါ်သတိပေးချက်ထုတ်ပြန်ခဲ့သည်။ အဘယ်ကြောင့်နည်း။ ယင်းပစ္စည်းအချို့တွင် အန္တရာယ်ဖြစ်စေနိုင်သည့် ခဲပါဝင်မှုနှုန်းကိုတွေ့ရှိခဲ့ပြီး ကလေးငယ်များသည် ယင်းတို့ကို စုပ်ယူကြ သို့မဟုတ် ငုံတတ်ကြသည်။ ခဲဆိပ်သင့်ခြင်းသည် အထူးသဖြင့် ခြောက်နှစ်အောက်ကလေးငယ်များအတွက် အန္တရာယ်ရှိနိုင်သည်၊ အကြောင်းမှာ သူတို့၏ဗဟိုနဗ်ကြောအဖွဲ့သည် ဖွံ့ဖြိုးဆဲဖြစ်သောကြောင့်ဖြစ်သည်။

ပြည်သူ့ကျန်းမာရေးကျောင်းရှိ ဂျွန်ဟော့ပ်ကင်စ် ဘလွန်းဘာ့ဂ်၏လေ့လာမှုအရ ခဲသည် ဦးနှောက်ဖွံ့ဖြိုးမှုနှင့် သိရှိနားလည်နိုင်စွမ်းအတွက် အရေးပါသောပရိုတိန်းကို တားဆီးပိတ်ဆို့သည်။ ကလေးငယ်များသည် ခဲ ၅၀ ရာခိုင်နှုန်းအထိ စုပ်ယူမျိုသွင်းကြပြီး လူကြီးများမှာ များသောအားဖြင့် ၁၀ မှ ၁၅ ရာခိုင်နှုန်းသာ မျိုသွင်းမိကြောင်း လေ့လာမှုများကဖော်ပြသည်။

အစိုးရသတ်မှတ်ထားသည့် ခဲပါဝင်မှုနှုန်းထက် ပို၍နည်းလျှင်ပင် အန္တရာယ်ဖြစ်စေနိုင်ကြောင်း မကြာသေးမီက သုတေသနပြုချက်က ဖော်ပြခဲ့သည်။ အမေရိကန်ပြည်ထောင်စုရှိ အမျိုးသားလုံခြုံရေးကောင်စီအဆိုအရ ကလေးများတွင် ဖြစ်နိုင်သည့်ပြဿနာများမှာ “သင်ယူနိုင်စွမ်းချို့တဲ့ခြင်း၊ အာရုံစူးစိုက်မှုချို့တဲ့ခြင်း၊ အမူအကျင့်ဆိုင်ရာပြဿနာများရှိခြင်း၊ ကြီးထွားနှုန်းကိုတန့်စေခြင်း၊ အကြားစွမ်းရည်ချို့တဲ့ခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်း” တို့ပါဝင်နိုင်သည်။ ခဲသည် သန္ဓေသားကိုအန္တရာယ်ဖြစ်စေနိုင်သောကြောင့် ကိုယ်ဝန်ရှိလာမည့်အမျိုးသမီးများသည် ခဲနှင့်ထိတွေ့ခြင်းကိုရှောင်ရန် အထူးသတိထားသင့်သည်။ *

ခဲရောစပ်သုတ်လိမ်းထားသော မြေထည်ပစ္စည်းများတွင်ထည့်ထားသည့် အစားအစာနှင့် ဖျော်ရည်များကိုလည်း ခဲသည် အဆိပ်အတောက်ဖြစ်စေနိုင်ပြီး ယင်းအသုံးအဆောင်များကို အာရှနှင့် လက်တင်အမေရိကရှိအချို့ဒေသများတွင် အသုံးပြုလေ့ရှိသည်။ သောက်ရေသန့်ကို အမြဲအေးနေစေရန် မြေအိုးများတွင် တစ်ခါတစ်ရံထည့်ထားတတ်ပြီး ဖျော်ရည်ယမကာအပူများကို ခဲရောစပ်သုတ်လိမ်းထားသောမတ်ခွက်များတွင် ထည့်ထားကြသည်။ မက္ကဆီကိုမြို့ရှိ အသက်ငါးနှစ်အောက်ကလေးများကို လေ့လာရာတွင် ၁၈ လကျော် ကလေးတစ်ဝက်နီးပါး၏သွေးထဲတွင် ခဲပါဝင်မှုနှုန်းများကြောင်း တွေ့ရှိရသည်။ အကြောင်းရင်းမှာ ခဲရောစပ်သုတ်လိမ်းထားသောကြွေထည်ပစ္စည်းများတွင် ထည့်ထားသောအစားအစာများကြောင့်ဖြစ်သည်ဟု သိရသည်။ ခဲသည် မြေထည်ပစ္စည်းများကို ချောမွေ့ပြောင်လက်စေနိုင်သော်လည်း အထူးသဖြင့် ကြွေထည်ကို အပူပေးချိန်တွင် ခဲစိမ့်ထွက်လာနိုင်သည် သို့မဟုတ် ယင်းပစ္စည်းထဲတွင် အချို့သောအသီးနှင့် ဟင်းသီးဟင်းရွက်များထည့်ထားပါက ခဲသည်ယင်းအစားအစာများထဲသို့ စိမ့်ဝင်သွားနိုင်သည်။

ခဲဆိပ်သင့်ခြင်း၏အခြားအကြောင်းရင်းများ

မကြာသေးမီနှစ်များက အဖွံ့ဖြိုးဆုံးနိုင်ငံများတွင် ခဲဓာတ်ပါသောဓာတ်ဆီသုံးစွဲခြင်းကို တဖြည်းဖြည်းရပ်ဆိုင်းစေခဲ့သော်လည်း ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ နီးပါးသည် ခဲဓာတ်ပါသောဓာတ်ဆီကို သုံးစွဲနေဆဲဖြစ်ကြောင်း ဒဗလျူအိပ်ခ်ျအို ကဖော်ပြသည်။ ခဲဓာတ်သည် ပြိုကွဲခြင်းမရှိ သို့မဟုတ် လောင်ကျွမ်းသွားခြင်းမရှိပါ။ ထို့ကြောင့် ကားမှထုတ်လွှတ်လိုက်သော အမှုန်ငယ်များသည် အဝေးပြေးလမ်းရှိ မြေဆီလွှာကို ညစ်ညမ်းပျက်စီးစေသည်။ ဤသို့ဖြင့် ခဲပါသောဖုန်မှုန့်များကို ရှူသွင်းမိ သို့မဟုတ် ဖိနပ်များမှတစ်ဆင့် အိမ်များသို့ ကပ်ပါသွားသည်။

ခဲကြောင့် ညစ်ညမ်းမှုဖြစ်စေသည့် နောက်ထပ်အကြောင်းရင်းတစ်ခုမှာ ခဲရောစပ်ထားသည့် သုတ်ဆေးများသုံးခြင်းကို စည်းမျဉ်းဖြင့်မထိန်းချုပ်မီ ယင်းသုတ်ဆေးများကိုသုံးသောအိမ်များကြောင့်ဖြစ်သည်။ အမေရိကန်နိုင်ငံတစ်နိုင်ငံတည်းတွင် အိမ်အားလုံး၏ ၄၀ ရာခိုင်နှုန်းဖြစ်သော အိမ်ပေါင်း ၃၈ သန်းသည် ခဲရောစပ်ထားသည့်သုတ်ဆေးကို အသုံးပြုသည်ဟု ခန့်မှန်းရသည်။ ဆေးသုတ်ထားသည့်ချပ်ပြားများ သို့မဟုတ် ပြုပြင်မွမ်းမံထားရာမှ ထွက်ပေါ်လာသည့်ခဲမှုန့်များသည် အန္တရာယ်ဖြစ်စေနိုင်သည်။

မြို့ဟောင်းများနှင့် အိမ်ဟောင်းများစွာတွင် ရေရဖို့ ခဲပိုက်များ သို့မဟုတ် ခဲဖြင့်ဂဟေဆော်ထားသော ကြေးနီပိုက်များရှိကြသည်။ ထိုရေပိုက်မှရေအေးများကို မသောက်သုံးမီ စက္ကန့် ၃၀ မှ ၆၀ အထိ ရေစီးဆင်းစေသင့်ကြောင်း အမေရိကန်ပြည်ထောင်စုရှိ ကျော်ကြားသည့်ဆေးကုသမှုစင်တာတစ်ခုဖြစ်သော မေရိုဆေးခန်းက အကြံပြုသည်။ ထိုပိုက်များမှရေပူများကို သောက်သုံးရန်နှင့် ချက်ပြုတ်ရန် လုံးဝအသုံးမပြုသင့်ပါ၊ အထူးသဖြင့် ရင်သွေးငယ်များအတွက် အာဟာရနို့မှုန့်ပြုလုပ်ရာတွင် မသုံးသင့်ပါ။

ခဲနှင့်ထိတွေ့စေသည့်အဓိကရင်းမြစ်များကို ဖယ်ရှားလိုက်သောအခါ သွေးထဲတွင်ခဲပါဝင်မှုနှုန်း အလွန်လျော့ကျသွားသည်။ သွေးထဲတွင်ခဲပါဝင်ခြင်းနှင့်ပတ်သက်၍ စိုးရိမ်နေသူများသည် သွေးစစ်ကြည့်လိုပေမည်။ အန္တရာယ်ရှိသည့်အဆင့်သို့ရောက်ရှိနေကြောင်းသိရပါက ဆေးကုသမှုခံယူသင့်ပါသည်။

လူထုသိရှိနားလည်ဖို့လိုအပ်

အချိန်အတန်ကြာသည့်အထိ ကိုယ်ခန္ဓာထဲတွင် ခဲများစုဝေးနေသည့်အခါ ခဲဆိပ်သင့်ခြင်းဖြစ်နိုင်သည်။ သို့သော် ခဲပမာဏအတော်များများ တစ်ကြိမ်သာမျိုသွင်းမိခြင်းက သေစေနိုင်သည်။ ၂၀၀၆ ခုနှစ်တွင် မူကြိုကလေးတစ်ဦးသည် ခဲပါဝင်မှုနှုန်းများသည့် သတ္တုလက်ဝတ်ရတနာအပိုင်းအစတစ်ခုကို မျိုချမိခြင်းကြောင့် သေဆုံးခဲ့သည်ဟု အမေရိကန်ရောဂါထိန်းချုပ်ရေးစင်တာက ဖော်ပြသည်။

ယခုလက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စုရှိ မူကြိုကျောင်းသားအယောက် ၂၀ လျှင် ၁ ဦး၏သွေးထဲတွင် ခဲပါဝင်မှုနှုန်းများနေကြောင်း လူထုသိရှိနားလည်ဖို့လိုအပ်မှုကိုအလေးပေးကာ ဆေးစွယ်စုံကျမ်းတစ်အုပ်က ဖော်ပြထားသည်။ ခဲအသုံးပြုခြင်းကို စည်းမျဉ်းဖြင့်ထိန်းချုပ်ထားသည့်နိုင်ငံတစ်နိုင်ငံတွင် ယင်းသို့ဖြစ်နေသည်ဆိုလျှင် ထိန်းချုပ်ခြင်းမရှိသည့်နိုင်ငံများဆိုလျှင် မည်သို့ဖြစ်နေမည်နည်း။ လူတိုင်းသတိချပ်ရမည်မှာ အမှန်ပင်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 လူကြီးများတွင်လည်း ခဲဆိပ်သင့်ခြင်းကြောင့် အာရုံကြောကစဉ့်ကလျားဖြစ်ခြင်း၊ ကြွက်သားနှင့်အဆစ်အမြစ်များနာကျင်ခြင်း သို့မဟုတ် မှတ်ဉာဏ်နှင့် အာရုံစူးစိုက်မှုပြဿနာများ ဖြစ်ပေါ်နိုင်သည်။

[စာမျက်နှာ ၂၁ ပါလေးထောင့်ကွက်နှင့်ရုပ်ပုံ]

ကလေးများခဲဆိပ်သင့်ခြင်း၏ ရောဂါလက္ခဏာအချို့

ဗိုက်နာခြင်း၊ ရန်လိုတတ်ခြင်း၊ သွေးအားနည်းခြင်း၊ အာရုံစိုက်ရခက်ပြဿနာများရှိခြင်း၊ ၀မ်းချုပ်ခြင်း၊ ပင်ပန်းနွမ်းလျခြင်း၊ ခေါင်းကိုက်ခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ ဖွံ့ဖြိုးကြီးထွားနိုင်စွမ်း မရှိခြင်း၊ ခံတွင်းပျက်ခြင်းနှင့် အားနည်းခြင်း၊ ကြီးထွားမှုနှုန်းနှေးကွေးခြင်း။—MEDLINE PLUS MEDICAL ENCYCLOPEDIA.