မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နည်းပညာ၏ အရှိန်အဟုန်ပြင်းစွာပျံ့နှံ့လာမှု

နည်းပညာ၏ အရှိန်အဟုန်ပြင်းစွာပျံ့နှံ့လာမှု

နည်းပညာ၏ အရှိန်အဟုန်ပြင်းစွာပျံ့နှံ့လာမှု

အယ်လ်ဘေးနီးယားနိုင်ငံတွင် သက်ကြီးရွယ်အိုတစ်ဦး မြည်းစီးရင်း ဆဲလ်ဖုန်းပြောနေသည်ကို မြင်တွေ့ရသည်မှာ အဆန်းမဟုတ်ပါ။ အိန္ဒိယနိုင်ငံတွင် သူတောင်းစားတစ်ဦးသည် တောင်းစားနေရာမှ ခေတ္တရပ်နားကာ မိမိဖုန်းဖြင့် ဖုန်းခေါ်နေ သို့မဟုတ် ဖုန်းပြောနေပေမည်။ မှန်ပါသည်၊ ဆဲလ်ဖုန်း၊ ကွန်ပျူတာနှင့် ရုပ်မြင်သံကြားတို့ကို ဆင်းရဲချမ်းသာမရွေး ယခုရရှိနိုင်ကြပြီဖြစ်ရာ နည်းပညာသည် ကမ္ဘာ့ဒေသအသီးသီးရှိလူများစွာ၏ ဘဝအစိတ်အပိုင်းတစ်ခု ဖြစ်လာနေပြီ။

နည်းပညာပျံ့နှံ့လာမှုသည် ဆဲလ်ဖုန်းများ အလွန်များပြားလာခြင်းတွင် သိသာအထင်ရှားဆုံးဖြစ်ပြီး ယင်းဆဲလ်ဖုန်းများစွာမှာ ဖုန်းပြောရုံသက်သက်အတွက်သာ မဟုတ်တော့ပါ။ နောက်ဆုံးပေါ်မော်ဒယ်အသုံးပြုသူများသည် အင်တာနက်ချိတ်နိုင်သည်၊ အီးမေးလ်၊ စာတိုများ ပေးပို့ပြီး လက်ခံရယူနိုင်သည်၊ တီဗွီကြည့်နိုင်သည်၊ သီချင်းနားထောင်နိုင်သည်၊ ဓာတ်ပုံရိုက်နိုင်သည်၊ ကမ္ဘာ့နေရာပြစနစ် (Global Positioning System) လမ်းညွှန်မှုဖြင့်သွားနိုင်သည်။ မှန်ပါသည်၊ လုပ်နိုင်သည့်အရာ များလွန်းသည့်အတွက် အဓိကလုပ်ရမည့်အရာဖြစ်သော တစ်ဦးတစ်ယောက်ကို ဖုန်းဆက်ဖို့ပင် မေ့သွားပေမည်။

ဝါရှင်တန်ပို့စ်သတင်းစာပါ သတင်းတစ်ပုဒ်အရ “ယခုအချိန်တွင် ကွန်ပျူတာပရိုဂရမ်ဖြင့် သတင်းတင်ဆက်ရေးစနစ်ပါဝင်သော စမတ်ဖုန်းတစ်လုံးသည် ၁၉၆၅ ခုနှစ်တွင် မြောက်အမေရိက လေကြောင်းကာကွယ်ရေးဌာနချုပ်၌တပ်ဆင်ထားသည့် စစ်ဘက်ဆိုင်ရာအဓိကစက်ပစ္စည်းတစ်မျိုးထက် ပိုမိုလုပ်ဆောင်နိုင်သည်။” ပို့စ်သတင်းစာက ဤသို့လည်းဖော်ပြသည်– “ယခုအခါ ကမ္ဘာပေါ်ရှိလူနှစ်ဦးတိုင်းတွင် ဆဲလ်ဖုန်းတစ်လုံးရှိသည်၊” အနည်းဆုံးနိုင်ငံပေါင်း ၃၀ တွင် နိုင်ငံရှိလူဦးရေထက် ဆဲလ်ဖုန်းအရေအတွက်က ပိုများသည်။ အမှန်မှာ “လူ့သမိုင်းတွင် နည်းပညာသည် ကမ္ဘာချီအလျင်မြန်ဆုံးနှုန်းဖြင့် ပျံ့နှံ့နေသည်” ကို ကျွန်ုပ်တို့မြင်တွေ့နေရကြောင်း ယင်းသတင်းစာကဆိုသည်။

ကမ္ဘာတစ်ဝန်း ဆဲလ်ဖုန်းအသုံးပြုသူ ၆၀ ရာခိုင်နှုန်းနီးပါးသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ပြီး ထိုနိုင်ငံရှိအသုံးပြုသူများထဲမှ အများစုဝယ်ယူသုံးစွဲစေရန် ဆဲလ်ဖုန်းများကို ပထမဦးဆုံးအဆင့်မြင့်နည်းပညာသုံး ဆက်သွယ်ရေးကိရိယာဖြစ်အောင် ပြုလုပ်ဖန်တီးနေကြသည်။ ဥပမာ၊ မကြာသေးမီနှစ်များတွင် အာဖရိကနိုင်ငံ၌ နှစ်စဉ် ဆဲလ်ဖုန်းအသုံးပြုနှုန်းမှာ ၅၀ ရာခိုင်နှုန်းနီးပါး တိုးလာစဉ် အာဖဂန်နစ္စတန်နိုင်ငံတွင် ၂၀၀၈ ခုနှစ်၌ တစ်လလျှင် လစဉ်ကြေးဖြင့် ဆဲလ်ဖုန်းသုံးစွဲသူ ၁၄၀,၀၀၀ ခန့် တိုးလာကြောင်း တွေ့ရှိရသည်။

သို့သော် ဆက်သွယ်ရေးကိရိယာများ တိုးတက်ပျံ့နှံ့လာခြင်းတွင် ဆိုးကျိုးများလည်းရှိသည်။ ဆဲလ်ဖုန်း၊ ပေဂျာနှင့် လက်ဆွဲကွန်ပျူတာတို့သည် လူတို့ကို အချိန်တိုင်း၊ နေရာတိုင်းနီးပါးတွင် ပြောဆိုဆက်သွယ်နိုင်စေသည့်အတွက် ယင်းက အသုံးပြုသူအချို့ကို အီလက်ထရောနစ်ကွန်ရက်တွင် ချုပ်နှောင်ထားသည်ဟု ခံစားစေသည်။ အခြား တစ်ဖက်စွန်းရောက်သူတို့မှာ ဘာဖြစ်နေသည်ကိုသိရန် မဆက်သွယ်ရမနေနိုင်ဖြစ်နေသော နည်းပညာ “စွဲနေသူများ” ဖြစ်ကြသည်။

ခေတ်စားနေသော ဆက်သွယ်ရေး၊ မီဒီယာလောကနှင့်ဆက်နွှယ်နေသော လူသိအများဆုံးပြဿနာများမှာ “စွဲနေခြင်း၊” စိတ်ရှုပ်ထွေးခြင်း၊ အနှောင့်အယှက်ဖြစ်ခြင်းတို့ဖြစ်သည်။ * သို့သော် ယင်းကိရိယာများတွင် ကောင်းကျိုးများစွာလည်းရှိသည်။ သို့ဆိုလျှင် ယင်းတို့ကို မျှမျှတတ၊ ပညာရှိရှိ၊ ချင့်ချင့်ချိန်ချိန် မည်သို့အသုံးပြုနိုင်သနည်း။ နောက်ဆောင်းပါးများက ယင်းမေးခွန်းကို ဖြေဆိုပေးပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ဤအခန်းဆက်ဆောင်းပါးများသည် အင်တာနက်အပြင် ဆဲလ်ဖုန်း၊ ကွန်ပျူတာနှင့် ရုပ်မြင်သံကြားကဲ့သို့သောကိရိယာများကို အဓိကဆွေးနွေးထားသည်။ တစ်စုံတစ်ရာဖော်ပြထားခြင်းမရှိလျှင် “နည်းပညာ” ဟူသည့်အသုံးအနှုန်းက ယင်းကိရိယာများကို ရည်ညွှန်းသည်။