မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

လေ့လာမှု​တစ်ခု​အရ “ကားမောင်း​နေစဉ် လက်ကိုင်​ဖို့​မလို​သော​ဆဲလ်ဖုန်း​များ​ကို အသုံးပြု၍ စကားပြော​ခြင်း​ပင်​လျှင် အရက်သောက်​ပြီး ကားမောင်း​သူများ​ကဲ့သို့ ယာဉ်တိုက်မှု​အန္တရာယ်​ရှိသည်” ဟု​ဆို​၏။ရိုက်တာ​သတင်း​ဌာန၊ အမေရိကန်။

၂၀၀၆ ခုနှစ်​၏ ပထမ​ငါး​လ​အတွင်း​တွင် ဂွာ​တီ​မာ​လာ​မြို့တော် ဘတ်စကား​များ​ပေါ်​၌ လက်နက်ကိုင်​လုယက်​မှု ၃၀,၂၀၀ ဖြစ်ပွား​ခဲ့​သည်။ ဘတ်စကား​မောင်း​သူ သို့​မဟုတ် သူတို့၏​အကူ တစ်ဆယ့်​လေးဦးနှင့် ခရီးသည်​ဆယ်ဦး သေဆုံး​ခဲ့​သည်။—PRENSA LIBRE သတင်းစာ၊ ဂွာ​တီ​မာ​လာ။

သွေး​စုဆောင်းခြင်း၊ သွေး​စစ်​ခြင်း​နှင့်​ပတ်သက်သော ဒဗ္ဗ​လျူ​အိတ်ခ်ျ​အို​၏ လေ့လာ​ဆန်းစစ်မှု​ကို ဖြေကြား​ခဲ့​သည့် နိုင်ငံ ၁၂၄ နိုင်ငံ​အနက် ၅၆ နိုင်ငံ​သည် “လှူဒါန်း​ထားသော​သွေး​များ​အားလုံး​ကို အိတ်ခ်ျအိုင်ဗွီ၊ အသည်းရောင်​ရောဂါ ဘီ​နှင့်​စီ၊ ကာလ​သား​ရောဂါ​ရှိမရှိ စစ်ဆေးခြင်း​မပြု​ကြ​ချေ။”—ကမ္ဘာ့​ကျန်းမာ​ရေး​အဖွဲ့၊ န​ယူးဇီ​လ​န်။

လက်မထပ်မီ အတူ​ပေါင်းသင်း​နေထိုင်ကြ​သော ဩစတြေးလျ​လူမျိုး​အရေအတွက်​မှာ ၁၉၆၀ ပြည့်လွန်​နှစ်များ​က ၅ ရာခိုင်နှုန်း​သာ​ရှိခဲ့​သော်လည်း ၂၀၀၃ ခုနှစ်​တွင် ၇၀ ရာခိုင်နှုန်း​ကျော်​ထိ တိုးများ​လာ​သည်။—UNIVERSITY OF MELBOURNE၊ ဩစတြေးလျ။

ဆီး​ချို​ရောဂါ—ကမ္ဘာချီ​ကပ်ဘေး​တစ်ခု

နိုင်ငံတကာ ဆီး​ချို​ရောဂါ​အဖွဲ့ချုပ်​၏ အချက်အလက်​များ​အရ လွန်ခဲ့သော​အနှစ် ၂၀ အတွင်း​တွင် ဆီး​ချို​ဝေဒနာရှင် သန်း ၃၀ မှ​သန်း ၂၃၀ အထိ တိုးများ​လာ​သည်​ဟု The New York Times က​ဆို​သည်။ ယင်း​ရောဂါ​ဝေဒနာရှင် အများဆုံး​ရှိသည့် နိုင်ငံ​ဆယ်​နိုင်ငံ​တွင် ခု​နစ်​နိုင်ငံ​မှာ ဖွံ့ဖြိုးဆဲ​နိုင်ငံ​များ​ဖြစ်သည်။ “ဆီး​ချို​ရောဂါ​ဟာ ဖြစ်​ဖူး​သမျှ​မှာ အဆိုး​ဝါး​ဆုံး ကမ္ဘာ့​ကျန်းမာ​ရေး​ကပ်ဘေး​ကြီး​ဖြစ်တယ်” ဟု​အဖွဲ့ချုပ်​၏​ဥက္ကဋ္ဌ​ဖြစ်သူ ဒေါက်တာ မာတင်​စီ​လင့်​က ပြော​ခဲ့​သည်။ “ကမ္ဘာ့​အဆင်း​ရဲ​ဆုံး​နိုင်ငံ​အချို့​တွင် ဤ​ရောဂါ​သည် လူကို​အသေစော​စေ​၏” ဟု​သတင်းက​ဖော်ပြ​သည်။

ကမ္ဘာ့​အမြင့်ဆုံး မီးရထားလမ်း

၂၀၀၆၊ ဇူလိုင်​လ​တွင် အခမ်းအနား​ဖြင့်​ဖွင့်လှစ်​ခဲ့​သော ကမ္ဘာ့​အမြင့်ဆုံး​မီးရထားလမ်း​သည် ပေကျင်း​နှင့် တိ​ဘက်​မြို့တော်​လာ​ဆာ​ကို ဆက်သွယ်​ထား​ကာ အရှည်​မိုင် ၂,၅၀၀ ခန့်​ရှိသည်။ “မီးရထားလမ်း​သည် ပင်လယ်ရေ​မျက်နှာပြင်​အထက် ပေ ၁၆,၀၀၀ ကျော်​အမြင့်​တွင် တည်ရှိ​ကာ အစဉ်​အေးခဲ​နေပြီး အခြေအနေ​ပြောင်းလဲ​နိုင်​သည့် နက်ရှိုင်း​မြေလွှာ​ပေါ်​တွင် ဖြတ်ကျော်​ဖောက်​လုပ်ထား​ခြင်း​ကြောင့် ယင်းသည် အံ့မခန်းဖွယ် အင်ဂျင်နီယာ​အစွမ်း​တစ်ခု​ဖြစ်၏” ဟု The New York Times က​ဆို​သည်။ အင်ဂျင်နီယာ​များ​အတွက် အခက်ခဲဆုံး​အရာ​မှာ တည်တံ့​မှု​ရှိစေရန် ရထားလမ်း​၏​အောက်ခံ​မြေသား​ကို တစ်နှစ်​ပတ်လုံး အေးခဲ​နေ​အောင်​ပြုလုပ်ခြင်း​ဖြစ်သည်။ အမြင့်​သို့​ရောက်လာ​သည့်​အခါ ရထား​တွဲ​များ​အတွင်း​သို့ လေ​များ​သွင်း​ပေး​ထား​ဖို့​လိုအပ်ရာ ခရီးသည်​တစ်ဦးစီ အောက်​စီ​ဂျင်​ရရှိရန်​လည်း စီမံ​ပေး​ထား​သည်။

“အယောင်​ပြ​ကျောင်းသား​များ”

ပြင်သစ်​တက္ကသိုလ်​တစ်ခု​တွင် စာပေ​လေ့လာ​သင်ကြား​မည်​ဟု​ဆို​ကာ စာရင်း​သွင်းထား​သော ပထမ​နှစ်​ကျောင်းသား ၁၀ မှ ၂၀ ရာခိုင်နှုန်း​သည် “အတန်း​တက်​ရန် မည်သည့်​အခါ​မျှ ပေါ်​မလာ​ကြ​ချေ” ဟု Le Figaro သတင်းစာ​က​ဆို​သည်။ အချို့​က လူမှုဖူလုံရေး​အကျိုး​ခံစားခွင့်​ရ​ရန်၊ လေယာဉ်​လက်မှတ်၊ ဟိုတယ်၊ လူထု​သယ်ယူ​ပို့ဆောင်​ရေး​နှင့် ရုပ်ရှင်​လက်မှတ်​များ​ကို လျှော့​ဈေး​ဖြင့်​ရ​ရန် ကျောင်းသား​ဟူသော​နာမည်​ကို အသုံးချ​ကြသည်။ “အယောင်​ပြ​ကျောင်းသား​များ” သည် အကျိုး​ခံစားခွင့်​ရ​ရန် ဘယ်လာရုစ်၊ ဖင်လန် သို့​မဟုတ် ဆွာဟီလီ​ဘာသာ​စကား​သင်တန်း​ကဲ့သို့​သော လူ​တက်​နည်း​သည့်​သင်တန်း​များ​တွင် စာရင်း​သွင်း​ကြသည်။ ကျောင်း​ခေါ်​ကြိမ်​စစ်ဆေးခြင်း မရှိသော​ကြောင့် အယောင်​ပြ​စာရင်း​သွင်း​ခြင်း​မှာ ရိုး​နေပြီ​ဖြစ်သည်။ “ကျောင်းသား​များသည် အွန်လိုင်း​မှ​တစ်ဆင့် စာရင်း​သွင်း​နိုင်​ပြီး ရက်​အနည်းငယ်​အတွင်း ကျောင်းသား​ကတ်​များ​ရရှိနိုင်​သည်” ဟု​သတင်းက​ဆို​သည်။

‘ကမ္ဘာကြီး​နှင့် အဆက်ပြတ်​နေ’

အစ္စရေး​သိပ္ပံ​ပညာရှင်​များ​က မိမိတို့သည် မရေမတွက်​နိုင်သော​ရာစုနှစ်​ပေါင်း​များစွာ “ပြင်ပ​ကမ္ဘာ​နှင့်​အဆက်ပြတ်​နေသော” ကျောရိုးမဲ့​သတ္တဝါ မျိုးစိတ်သစ် ရှစ်​မျိုးကို ဂူ​တစ်ခု​အတွင်းမှ ရှာဖွေ​တွေ့ရှိ​ခဲ့​သည်​ဟု ယုံကြည်​နေကြောင်း The Jerusalem Post က​ဆို​သည်။ မြေ​တူး​စက်​များ​ဖြင့် တူးဖော်​ရာ​တွင် အရှည်​တစ်မိုင်​ခွဲ​ရှိသည့်​ဂူ​၏ အဝ​တစ်ခု​ကို တွေ့ရှိ​ခဲ့​ကြ​ပြီး ယင်း​အထဲ​တွင် မြေအောက်​ရေကန်​တစ်​ကန်​ရှိသည်။ ရှာဖွေ​တွေ့ရှိ​ခဲ့​သော မျိုးစိတ်သစ်​များ​တွင် ကင်းမြီးကောက်​နှင့်​တူ​သည့် အကောင်​တချို့၊ ရေ​ငန်​ခွံမာ​သတ္တဝါ​နှစ်မျိုး၊ ရေချို​ခွံမာ​သတ္တဝါ​နှစ်မျိုး​နှင့် ကုန်း​သတ္တဝါ​မျိုးစိတ်​လေးမျိုး​တို့ ပါဝင်​သည်။