မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

“ကမ္ဘာပေါ်တွင် သက်ရှိတို့စံပျော်ရာ အကျယ်ပြန့်ဆုံးနေရာမှာ ပင်လယ်ရေနက်ပိုင်းဖြစ်၏။ ယင်းသည် အကြမ်းတမ်းဆုံးနေရာတစ်ခုလည်း ဖြစ်၏။ . . . မည်သည့်နေရာကိုပင်ကြည့်ကြည့် သက်ရှိများကိုတွေ့ရကာ တစ်ခါတစ်ရံ အမြောက်အမြား တွေ့ ရှိရသည်။”—NEW SCIENTIST မဂ္ဂဇင်း၊ ဗြိတိန်။

မကြာသေးမီက အမေရိကန်နိုင်ငံ၊ ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ ဟာရစ္စဘာ့ဂ်မြို့မှ ဖက်ဒရယ်တရားသူကြီးတစ်ဦးသည် စံနမူနာပြအမှု တစ်ခု၌ “ကျောင်းတစ်ကျောင်းရှိ သိပ္ပံစာသင်ခန်းတွင် ဆင့်ကဲဖြစ်စဉ်အစား [အသိဉာဏ်ဖြင့် ပုံစံပြုထားခြင်း] ကို သင်ပေးခြင်းက ဥပဒေနှင့်မညီ” ဟု ပြဋ္ဌာန်းလိုက်သည်။—NEW YORK TIMES သတင်းစာ၊ အမေရိကန်နိုင်ငံ။

၂၀၀၅ ခုနှစ်တွင်ပြုလုပ်သည့် သဘောထား စစ်တမ်းတစ်ခုအရ “အမေရိကန်လူမျိုး ၅၁ ရာခိုင်နှုန်းသည် ဆင့်ကဲသီအိုရီကို ငြင်းပယ်ကြသည်။”—NEW YORK TIMES သတင်းစာ၊ အမေရိကန်နိုင်ငံ။

အလေးချိန်ပေါင် ၃၃၀ရှိ ဂါလာပါဂိုစ်ကျွန်းပျော် ဟာရီယက်လိပ်ကြီးသည် ၂၀၀၆၊ ဇွန်လတွင် ဩစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းမြို့ရှိ တိရစ္ဆာန်ဥယျာဉ်တစ်ခု၌ သေဆုံးသွားသည်။ သက်တမ်း ၁၇၅ နှစ်ရှိသည့် ဟာရီယက်လိပ်ကြီးသည် “ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံးတိရစ္ဆာန်” ဖြစ်၏။ —ဩစတြေးလျ အသံလွှင့်ကော်ပိုရေးရှင်း။

တချို့သော ပြောင်းမျိုးများသည် ပင်ဖျက်ပိုးအန္တရာယ်မှ ကာကွယ်နိုင်ကြောင်း ဆွစ်သုတေသီများ တွေ့ ရှိခဲ့ကြသည်။ ၎င်းပြောင်းမျိုးများသည် မြေကြီးထဲသို့ အနံ့များထုတ်လွှတ်ကြ၏။ ယင်းအနံ့များက ပင်ဖျက်ပိုး၏သားလောင်းများကို သတ်ပစ်သည့် ချည်မျှင်ကဲ့သို့သော ပိုးကောင်လေးများကို ဆွဲဆောင်၏။—DIE WELT သတင်းစာ၊ ဂျာမနီ။

ဧရာမပြည်ကြီးငါး ဓာတ်ပုံရိုက်ခံရ

ဂျပန်နိုင်ငံတောင်ဘက် ဘိုနင်ကျွန်းများအနီးတွင် သိပ္ပံပညာရှင်များသည် ဧရာမပြည်ကြီးငါးအရှင်တစ်ကောင်ကို ဦးဆုံးအကြိမ်အနေနှင့် ဓာတ်ပုံရိုက်ယူခဲ့ကြသည်။ သူတို့သည် ငါးမျှားချိတ်များတွင် ပြည်ကြီးငါးလေးများနှင့် ပုစွန်အသားများတပ်ထားကာ ယင်းတို့အပေါ်တွင် ကင်မရာများကို ဆိုင်းထားသည်။ ရေအနက်ပေ ၃,၀၀၀ ခန့်တွင်တွေ့ရသည့် ဧရာမပြည်ကြီးငါးသည် အရှည် ၂၅ ပေခန့်ရှိကြောင်း ခန့်မှန်းရ၏။

“ဒိုင်နိုဆောများ မြက်စားခဲ့ကြ”

“ဒိုင်နိုဆောများ မြက်စားခဲ့ကြ” သည်ကို လေ့လာသိရှိခဲ့၍ “သိပ္ပံပညာရှင်များ အလွန်အံ့အားသင့်ကြ” ကြောင်း အေပီသတင်းတစ်ပုဒ်ကဆို၏။ အိန္ဒိယနိုင်ငံတွင်တွေ့ရသည့် ကျောက်ဖြစ်ရုပ်ကြွင်း ဒိုင်နိုဆောမစင်ကို ဓာတ်ခွဲလေ့လာကြည့်ရာမှ ယင်းသို့ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့် အံ့အားသင့်သွားကြသနည်း။ “ဒိုင်နိုဆောများ မျိုးသုဉ်းပြီး နှစ်ပေါင်းများစွာကြာသည်အထိ မြက်ပင်များ မပေါက်ခဲ့” ဟုယူဆခဲ့ကြကြောင်း အဆိုပါသတင်းက ရှင်းပြသည်။ ထို့ပြင် ဒိုင်နိုဆောများတွင် “မြက်ကြမ်းများကို ဝါးစားနိုင်သည့် သွားများမရှိ” ဟုလည်း ယူဆခဲ့ကြသည်။ အဆိုပါလေ့လာရေးအဖွဲ့၏ခေါင်းဆောင် ကျောက်ဖြစ်ရုပ်ကြွင်းရုက္ခဗေဒပညာရှင် ကယ်ရိုလင်းစထရောမ်းဘာ့ဂ်က “[ဒိုင်နိုဆောတွေ] မြက်စားကြမယ်လို့ လူအများစုက တွေးမိခဲ့မှာမဟုတ်ဘူး” ဟုဆို၏။

ပျားများ ပျံသန်းပုံ

ပျားများ မပျံသန်းနိုင်ကြောင်း အင်ဂျင်နီယာများ သက်သေထူခဲ့ကြသည်ဟု ရယ်စရာအဖြစ်ဆိုခဲ့ကြသည်။ တောင်ပံတိုကိုခတ်၍ ပျံသန်းသည့် “လေးလံသော” ဤအင်းဆက်ပိုးသည် လုံလောက်သောလေပင့်အားကို မဖြစ်ပေါ်စေနိုင်ဟု ထင်ရသည်။ အဆိုပါအင်းဆက်ပိုး၏ လျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိရန် အင်ဂျင်နီယာများသည် “ပျံဝဲနေသည့် ပျားများကို တစ်စက္ကန့်လျှင် ဖလင်ကွက်ပေါင်း ၆,၀၀၀ ဖြင့် ရိုက်ကူးခဲ့ကြသည်” ဟု New Scientist မဂ္ဂဇင်းကဆို၏။ အဆိုပါပျားများ၏နည်းပညာသည် “တစ်မူထူးခြား” ၏။ “တောင်ပံကို ၉၀ ဒီဂရီ စက်ဝိုင်းပြတ်ဖြင့် အနောက်ဘက်သို့ ရိုက်ခတ်ပြီး အရှေ့ဘက်သို့ တစ်ပတ်လည်ရိုက်ခတ်ကာ ယင်းသို့ တစ်စက္ကန့်လျှင် အကြိမ်ပေါင်း ၂၃၀ ပြုလုပ်နိုင်သည်။ . . . ယင်းသည် ပန်ကာရွက်လည်းလည်နေသည့် ပန်ကာနှင့်တူ၏” ဟုသုတေသနအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကရှင်းပြသည်။ ၎င်းတို့၏ရှာဖွေတွေ့ရှိချက်များကြောင့် အင်ဂျင်နီယာများသည် ပန်ကာပုံစံများကို ပြန်ဆန်းသစ်ပြီး ထိန်းရပိုလွယ်သောလေယာဉ်ကို တီထွင်ရာတွင် အထောက်အကူရရှိပေမည်။

တေးဆိုကြွက်

“ကြွက်များသည် တေးသီဆိုနိုင်ပြီး . . . ၎င်းတို့၏မိတ်ဖက်လောင်းများအတွက် သီဆိုသောတေးများသည် ငှက်တေးသံများနီးပါး ရှုပ်ထွေးသည်” ဟု New Scientist မဂ္ဂဇင်းကဆို၏။ ကြွက်များသည် အသံလွန်လှိုင်းများဖြင့် တေးသီဆိုကြသည်။ ဆိုလိုသည်မှာ လူ၏နားဖြင့်မကြားနိုင်လောက်အောင် မြင့်လွန်းသည့်အသံဖြင့် သီဆို၏။ ယင်းကြောင့် လူတို့သည် ကြွက်များ၏တေးသံကို သတိမထားမိခဲ့ကြခြင်းဖြစ်သည်။ ကြွက်ထီးများသည် “လိုက်ဖက်သံစဉ်များနှင့် သံစဉ်တန်းများဖြင့် သီဆိုကြသည်။ ယင်းတို့က အဓိပ္ပာယ်ရှိ ‘တေး’ တစ်ပုဒ်ဖြစ်စေသည်” ဟု အမေရိကန်နိုင်ငံ၊ မစ်ဆူရီပြည်နယ်၊ စိန့်လူးဝစ္စမြို့မှ သုတေသီများ တွေ့ရှိခဲ့ကြသည်။ ယင်းကြောင့် ကြွက်များကို ထူးခြားသည့်သတ္တဝါအဖြစ် သတ်မှတ်နိုင်သည်။ တေးဆိုတတ်သည်ဟု သိထားကြသော အခြားနို့တိုက်သတ္တဝါများမှာ ဝေလငါးများ၊ လင်းပိုင်များ၊ လင်းနို့တချို့နှင့် လူသားများဖြစ်ကြသည်။