မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မီးယပ်စချိန်အတွက် သင့်သမီးကို ကြိုတင်ပြင်ဆင်ပေးခြင်း

မီးယပ်စချိန်အတွက် သင့်သမီးကို ကြိုတင်ပြင်ဆင်ပေးခြင်း

မီးယပ်စချိန်အတွက် သင့်သမီးကို ကြိုတင်ပြင်ဆင်ပေးခြင်း

အပျိုဘော်ဝင်ချိန်သည် အပြောင်းအလဲများစွာ ဖြစ်ပေါ်သည့်အချိန်ဖြစ်သည်။ ငယ်ရွယ်သော မိန်းကလေးများအတွက် ဤကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်တွင် သိသာထင်ရှားသည့်ဖြစ်ရပ်တစ်ခုမှာ မီးယပ်စချိန်ဖြစ်ပြီး “ရာသီစလာချိန်” ဟူ၍အဓိပ္ပာယ်ဖွင့်ဆိုသည်။

မီးယပ်စချိန်သည် ငယ်ရွယ်သောမိန်းကလေးများအတွက် စိုးရိမ်ပူပန်မှုအများဆုံးအချိန်ဖြစ်နိုင်ပြီး စိတ်ခံစားချက်များ ရောထွေးနေလေ့ရှိသည်။ အပျိုဘော်ဝင်ချိန်တွင်ဖြစ်သော အခြားအပြောင်းအလဲများစွာကဲ့သို့ ယင်းသည် စိတ်ရှုပ်ထွေးမှုဖြစ်စေနိုင်၏။ မိန်းကလေးများစွာသည် ဤကိစ္စနှင့်ပတ်သက်၍ တလွဲသိရှိထားခြင်း သို့မဟုတ် ပို၍ဖြစ်တတ်သည်မှာ ဘာမျှမသိရှိထားခြင်းကြောင့် ဦးဆုံးအကြိမ် မီးယပ်သွေးလှည့်ပတ်ချိန်တွင် ထိတ်လန့်မှု၊ စိုးရိမ်မှုများ ခံစားကြရသည်။

မီးယပ်စချိန်အတွက် ကြိုတင်ပြင်ဆင်ပေးခံရသော မိန်းကလေးများသည် ရာသီစလာချိန်တွင် စိတ်ဖိစီးမှုပိုနည်းလေ့ရှိသည်။ သို့သော် မိန်းကလေးများစွာသည် ကြိုတင်ပြင်ဆင်ပေးခြင်းမခံရကြောင်း လေ့လာမှုများက ဖော်ပြသည်။ ၂၃ နိုင်ငံမှ မိန်းကလေးများပါဝင်သော လေ့လာမှုတစ်ခုတွင် သုံးပုံတစ်ပုံနီးပါးက မီးယပ်စချိန်နှင့်ပတ်သက်၍ သူတို့ကို ပြောပြထားခြင်းမရှိခဲ့ကြောင်း ဖော်ပြသည်။ မိန်းကလေးများသည် ကြိုတင်ပြင်ဆင်မှုမရှိသဖြင့် ရာသီစလာသည့်အခါ ဘာလုပ်ရမှန်းမသိကြချေ။

ရာသီလာခြင်း သို့မဟုတ် မီးယပ်စချိန်နှင့်ပတ်သက်၍ အသိပညာမရှိသော အမျိုးသမီးအချို့သည် မနှစ်မြို့ဖွယ်ခံစားချက်များကို ခံစားရကြောင်း ဖော်ပြကြသည်။ လေ့လာမှုတစ်ခု၌ အမျိုးသမီးများသည် မီးယပ်စချိန်တွင် သူတို့ခံစားခဲ့ရာကို ပြန်ပြောသည့်အခါ “ထိတ်လန့်ခြင်း၊” “စိတ်ထိခိုက်ခြင်း၊” “စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊” “ကြောက်ရွံ့ခြင်း” စသည့်အသုံးအနှုန်းများ သုံးခဲ့ကြသည်။

နာကျင်မှု၊ ထိခိုက်ဒဏ်ရာရမှုတို့ကြောင့် သွေးထွက်လေ့ရှိရာ ယေဘုယျအားဖြင့် သွေးကိုတွေ့မြင်ရခြင်းသည် လူတို့အား ထိတ်လန့်စေ၏။ ထို့ကြောင့် ကောင်းစွာရှင်းပြထားခြင်း သို့မဟုတ် ကြိုတင်ပြင်ဆင်ထားခြင်းမရှိလျှင် ယဉ်ကျေးမှုဆိုင်ရာ အယူအဆများ၊ ယုံတမ်းစကားများ သို့မဟုတ် လုံးဝမသိရှိခြင်းကပင် ရာသီလာခြင်းကို ရောဂါ၊ ထိခိုက်ဒဏ်ရာ သို့မဟုတ် ရှက်ဖွယ်ကောင်းသည့်အရာအဖြစ် မှားယွင်းစွာ ယူမှတ်စေနိုင်သည်။

ရာသီလာခြင်းသည် ကျန်းမာသောမိန်းကလေးအားလုံး ကြုံရသည့် ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း သင့်သမီးသိရှိဖို့လို၏။ မိဘတစ်ဦးအနေနှင့် သင်သည် သူ၏ စိုးရိမ်မှု၊ ထိတ်လန့်မှုစသည့် ခံစားချက်များ လျော့ပါးသက်သာစေရန် ကူညီပေးနိုင်သည်။ မည်သို့အားဖြင့်နည်း။

မိဘများ၏ကဏ္ဍ အလွန်အရေးပါ

ရာသီလာခြင်းနှင့်ပတ်သက်သော အချက်အလက်များကို ကျောင်းဆရာမများ၊ ဆရာဝန်များ၊ ပုံနှိပ်စာအုပ်များနှင့် ပညာပေးရုပ်ရှင်များမှပင် ရရှိနိုင်ပါသည်။ ယင်းတို့တွင် ရာသီလာခြင်းနှင့်ပတ်သက်၍ ခန္ဓာကိုယ်၏လုပ်ဆောင်မှုအကြောင်း အဖိုးတန်အချက်အလက်များအပြင် ရာသီလာချိန်တွင် တစ်ကိုယ်ရေသန့်ရှင်းမှုအကြောင်းများကိုပါ ဖော်ပြထားကြောင်း မိဘများတွေ့ရှိကြသည်။ သို့တိုင် မိန်းကလေးများတွင် ယင်းတို့က မဖြေရှင်းပေးနိုင်သော မေးခွန်းများနှင့် လိုအပ်ချက်များ ရှိနေနိုင်သည်။ မိန်းကလေးများသည် ရာသီလာချိန်တွင် အဘယ်အရာလုပ်ဆောင်ရမည်ကို သိသည့်တိုင် ထိုအချိန်တွင်ဖြစ်တတ်သော စိတ်လှုပ်ရှားမှုများနှင့် ခံစားချက်များကို မည်သို့ဖြေရှင်းရမည်နှင့်ပတ်သက်၍ သေသေချာချာမသိဘဲ ဖြစ်တတ်သည်။

ငယ်ရွယ်သောမိန်းကလေးများ လိုအပ်သည့် ထပ်ဆင့်အချက်အလက်များနှင့် စိတ်လှုပ်ရှားမှုပိုင်း ထောက်မမှုတို့ကို အဘွား၊ အစ်မ၊ အထူးသဖြင့် မိခင်တို့က ပေးနိုင်ကြပါသည်။ များသောအားဖြင့် ရာသီလာခြင်းနှင့်ပတ်သက်သော အချက်အလက်ရရှိရန် မိခင်များသည်အရေးပါဆုံးဟု မိန်းကလေးတို့ ယူမှတ်လေ့ရှိကြသည်။

ဖခင်များကော။ မိန်းကလေးများစွာသည် ရာသီလာခြင်းနှင့်ပတ်သက်၍ ဖခင်များကိုပြောပြရန် ရှက်ရွံ့တွန့်ဆုတ်တတ်ကြသည်။ အချို့က ဖခင်တို့သည် ထောက်မမှုနှင့် နားလည်မှုပေးခြင်းဖြင့် မိမိတို့ကို သွယ်ဝိုက်သောနည်းဖြင့် ကူညီပေးစေလိုသော်လည်း အခြားသူတို့ကမူ ဖခင်ကို ပါဝင်ပတ်သက်ခြင်းမပြုစေလိုချေ။

လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်က နိုင်ငံများစွာတွင် ကြင်ဖော်မဲ့ဖခင်အိမ်ထောင်စု အရေအတွက် တိုးများလာသည်။ * ထို့ကြောင့် ပို၍တိုးများလာသော ဖခင်များသည် ရာသီလာခြင်းနှင့်ပတ်သက်၍ သမီးများကို ကောင်းစွာသင်ကြားပေးနိုင်ရန် လေ့လာထားဖို့လိုအပ်သည်။ ထိုဖခင်များသည် ရာသီလာခြင်းနှင့်ပတ်သက်သော အခြေခံအချက်အလက်များအပြင် သမီးများရင်ဆိုင်ရသော ကာယနှင့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုတို့ကိုပါ အကျွမ်းတဝင်နားလည်ထားဖို့လိုသည်။ ဤကိစ္စတွင် ဖခင်များသည် မိမိတို့၏မိခင်များ သို့မဟုတ် အစ်မ/ညီမများနှင့်တိုင်ပင်ပြီး အကြံဉာဏ်နှင့်အကူအညီများ တောင်းခံနိုင်ပါသည်။

စတင်ဆွေးနွေးရမည့်အချိန်

အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယားနှင့် အနောက်ဥရောပရှိ ဒေသအချို့စသည့် စက်မှုထွန်းကားသောနိုင်ငံများတွင် မီးယပ်စချိန်သည် အစောဆုံး ၈ နှစ်နှင့် နောက်အကျဆုံး ၁၆ သို့မဟုတ် ၁၇ နှစ်ဖြစ်နိုင်သော်လည်း အများအားဖြင့် ပျမ်းမျှအသက် ၁၂ နှစ်နှင့် ၁၃ နှစ်ကြားတွင် ဖြစ်သည်။ အာဖရိကနှင့်အာရှရှိ ဒေသအချို့တွင် မီးယပ်စချိန် ပျမ်းမျှအသက်သည် ပိုကြီးတတ်သည်။ ဥပမာ၊ နိုင်ဂျီးရီးယားတွင် ပျမ်းမျှအသက် ၁၅ နှစ်ဖြစ်သည်။ မျိုးရိုးဗီဇ၊ စီးပွားရေးအခြေအနေ၊ အာဟာရဓာတ်၊ ကာယပိုင်းလှုပ်ရှားဆောင်ရွက်မှု၊ ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့် စသည့်အချက်များစွာက မီးယပ်စချိန်အပေါ် အကျိုးသက်ရောက်မှုရှိနိုင်သည်။

ပထမဆုံးရာသီစလာချိန်မတိုင်မီ သင့်သမီးကို အချက်အလက်များ စပြောပြထားခြင်းက အကောင်းဆုံးဖြစ်ပါသည်။ ထို့ကြောင့် ကိုယ်ခန္ဓာပြောင်းလဲမှုများနှင့် ရာသီလာခြင်းအကြောင်းကို ငယ်ရွယ်စဉ်မှ၊ ဖြစ်နိုင်သည်မှာ သင့်သမီး ရှစ်နှစ်အရွယ်ခန့်မှ စတင်ပြောဆိုသင့်သည်။ ယင်းအချိန်သည် သိပ်ငယ်လွန်းသည်ဟု သင်ယူဆကောင်းယူဆနိုင်သော်လည်း သင့်သမီးသည် ရှစ်နှစ်နှင့်ဆယ်နှစ်ကြားရှိပါက တိုးများလာသောဟော်မုန်းများကို တုံ့ပြန်ရန် သူ့ခန္ဓာကိုယ်အတွင်းပိုင်းတွင် စတင်ကြီးထွားဖွံ့ဖြိုးနေပြီ ဖြစ်ပေမည်။ အပျိုဘော်ဝင်ခြင်းနှင့်အတူ ရင်သားဖွံ့ဖြိုးလာခြင်း၊ ခန္ဓာကိုယ်အမွေးအမျှင်များ ပေါက်လာခြင်းစသည့် ပြင်ပကာယပိုင်းဆိုင်ရာပြောင်းလဲမှုများကို သင်သတိပြုမိမည်။ မိန်းကလေးအများစုသည် မီးယပ်စချိန်မတိုင်မီလေးတွင် ကြီးကောင်ငင်ကြသည်။ (အရပ်ရော၊ ကိုယ်အလေးချိန်ပါ မြန်မြန်ဆန်ဆန် တိုးလာမည်)

ဤအကြောင်းကို ပြောဆိုနိုင်ပုံ

ရာသီစလာခါနီး မိန်းကလေးများသည် အဘယ်အရာဖြစ်လာမည်ကို စပ်စုတတ်လေ့ရှိသည်။ ဤအကြောင်းကို ကျောင်းတွင် အခြားမိန်းကလေးများ ပြောဆိုကြ၍ သိရခြင်းဖြစ်ပေမည်။ သူတို့ သိလိုသည့်အရာများစွာ ရှိသော်လည်း ယင်းအကြောင်းကို မည်သို့စမေးမြန်းရမည်ကို အခက်တွေ့ကြသည်။ ဤအကြောင်းနှင့်ပတ်သက်၍ သူတို့ စိုးရွံ့နေကြသည်။

မိဘများလည်း အလားတူပင်။ အများအားဖြင့် ရာသီလာခြင်းနှင့်ပတ်သက်သော အချက်အလက်များပြောပြရာတွင် မိခင်တို့သည် အဓိကဖြစ်သော်လည်း ဤအကြောင်းကို ပြောဆိုသည့်အခါ အသင့်ပြင်ဆင်ထားခြင်းမရှိဘဲ စိတ်ကသိကအောက်ဖြစ်ကြသည်။ သင်လည်း အလားတူခံစားရနိုင်ပါသည်။ သို့ဖြစ်၍ မီးယပ်စချိန်နှင့် ရာသီလာခြင်းအကြောင်းတို့ကို သင့်သမီးနှင့် မည်သို့စတင်ပြောဆိုမည်နည်း။

မီးယပ်စချိန်နီးလာသော ဆယ်ကျော်သက်မတိုင်မီအရွယ် မိန်းကလေးများသည် ရိုးရှင်းပြီး တိကျသောအချက်အလက်များကို နားလည်လွယ်ကြပေမည်။ ထိုအချက်အလက်များတွင် ရာသီဘယ်နှစ်ကြိမ်လာသည်၊ မည်မျှကြာသည် သို့မဟုတ် မည်မျှသွေးဆင်းသည် စသည့်အကြောင်းများ ပါဝင်ပေမည်။ ထို့ကြောင့် ရာသီလာခြင်းအကြောင်း ပညာပေးပြောဆိုခြင်း၏ အစောပိုင်းအဆင့်များတွင် ရာသီလာသည့်အခါ မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း ပို၍တိုက်ရိုက်ဖြစ်ပြီး လက်တွေ့ကျသည့် အချက်အလက်များကို အာရုံစိုက်ခြင်းက အကောင်းဆုံးဖြစ်နိုင်ပါသည်။ ထို့ပြင် အဲဒါက ဘယ်လိုခံစားချက်မျိုးလဲ သို့မဟုတ် ဘာတွေဖြစ်လာမလဲ စသည့် မေးခွန်းများကို ဖြေဆိုပေးဖို့လိုပေမည်။

နောက်ပိုင်းတွင် ရာသီလာခြင်းနှင့်ပတ်သက်၍ ခန္ဓာကိုယ်၏လုပ်ဆောင်မှုအကြောင်း အသေးစိတ်ဆွေးနွေးနိုင်သည်။ တစ်ခါတစ်ရံ ဆရာဝန်များထံမှ၊ စာကြည့်တိုက် သို့မဟုတ် စာအုပ်ဆိုင်မှ ပညာပေးစာပေများ ရရှိနိုင်သည်။ ထိုသို့သော ကိုးကားစာပေများသည် အသေးစိတ်အချက်အလက်များကို ရှင်းပြရာတွင် အကူအညီဖြစ်စေနိုင်သည်။ အချို့မိန်းကလေးများသည် မိမိတို့ဘာသာ ယင်းစာပေကို ဖတ်ရှုလိုကြမည်။ အခြားမိန်းကလေးများမူ သူတို့နှင့်အတူ သင်ဖတ်ရှုမည်ဆိုလျှင် နှစ်သိမ့်မှုခံစားရပေမည်။

စကားပြောဆိုမှု စတင်ရန် တိတ်ဆိတ်ငြိမ်သက်သောနေရာကို ရွေးပါ။ ကြီးပြင်းလာခြင်းနှင့် ကြီးထွားဖွံ့ဖြိုးလာခြင်းအကြောင်း ရိုးရိုးလေးပြောဆိုခြင်းဖြင့် စတင်ပါ။ သင် ဤသို့ပြောဆိုနိုင်ပေမည်– “မကြာခင်မှာ သမီးဟာ မိန်းကလေးတွေအားလုံးမှာ ဖြစ်တတ်တဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုကို တွေ့ကြုံရတော့မယ်။ အဲဒါဘာလဲ သမီးသိသလား။” သို့မဟုတ် မိခင်ဖြစ်သူသည် ကိုယ်ပိုင်အတွေ့အကြုံဖြင့် ဤသို့စတင်နိုင်သည်– “အမေ သမီးအရွယ်တုန်းက ရာသီလာတယ်ဆိုတာ ဘာ,ဘာလိမ့်ဆိုပြီး စစဉ်းစားခဲ့တယ်။ ဒီအကြောင်းကို အမေ့သူငယ်ချင်းတွေနဲ့ ကျောင်းမှာပြောဖြစ်ခဲ့ကြတယ်။ သမီးသူငယ်ချင်းတွေကော၊ ဒီအကြောင်း စပြောနေကြပြီလား။” ရာသီလာခြင်းအကြောင်း သမီးဖြစ်သူ အဘယ်အရာသိရှိထားသည်ကို သိအောင်ပြုလုပ်ပြီး တလွဲသိရှိထားရာများကို တည့်မတ်ပေးပါ။ သင်တို့၏ ဦးဆုံးအကြိမ်ပြောဆိုမည့်အရာကို ကြိုတင်ပြင်ဆင်ပါ။ ပြောဆိုရမည့်အရာ အားလုံးမဟုတ်သည့်တိုင် အတော်များများကို ပြင်ဆင်ထားဖို့လိုပေမည်။

အမျိုးသမီးတစ်ဦးအနေနှင့် သင်သည် ရာသီစလာချိန်နှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရာ ဤအကြောင်း ဆွေးနွေးပြောဆိုသည့်အခါ သင့်ကိုယ်ပိုင်အတွေ့အကြုံကို ပြန်လည်အသုံးချနိုင်ပါသည်။ သင်အဘယ်အရာသိဖို့ လိုအပ်ခဲ့သနည်း။ သင်အဘယ်အရာ သိလိုခဲ့သနည်း။ အဘယ်အချက်အလက်က သင့်ကို အထောက်အကူဖြစ်စေခဲ့သနည်း။ ရာသီလာခြင်း၏ အကျိုးပြုသောကဏ္ဍများနှင့် စိတ်အနှောင့်အယှက်ဖြစ်စေသည့် ကဏ္ဍများအပေါ် မျှတသောအမြင်ရှိစေရန် ကြိုးစားကူညီပေးပါ။ မေးခွန်းများကို လိုလိုလားလားဖြေဆိုဖို့ အသင့်ရှိပါ။

ဆက်လုပ်ဆောင်နေရမည့်အရာ

ရာသီလာခြင်းအကြောင်း ပညာပေးခြင်းကို တစ်ကြိမ်တစ်ခါဆွေးနွေးမှုအဖြစ်မဟုတ်ဘဲ ဆက်လုပ်ဆောင်နေရမည့်အရာအဖြစ် ရှုမြင်သင့်သည်။ တစ်ထိုင်တည်းနှင့် အသေးစိတ်အချက်အားလုံး ပြောဆိုဖို့မလိုပါ။ တစ်ကြိမ်တည်းနှင့် အချက်အလက်များလွန်းခြင်းသည် ငယ်ရွယ်သောမိန်းကလေးတစ်ဦးအတွက် မခံမရပ်နိုင်အောင် ဖိစီးမှုဖြစ်စေနိုင်သည်။ ကလေးများသည် တစ်ဆင့်ပြီးတစ်ဆင့် သင်ယူကြသည်။ ထို့ပြင် အချက်အလက်ကို အကြိမ်ကြိမ် ထပ်တလဲလဲပြောဖို့ လိုအပ်ပေမည်။ မိန်းကလေးများ ကြီးပြင်းလာသည်နှင့်အမျှ ထပ်ဆင့်အသေးစိတ်အချက်အလက်များကို ပို၍နားလည်လာနိုင်သည်။

နောက်တစ်ချက်မှာ ရာသီလာခြင်းနှင့် ပတ်သက်သော မိန်းကလေးများ၏သဘောထားသည် မြီးကောင်ပေါက်အရွယ်တစ်လျှောက် ပြောင်းလဲတတ်သည်။ သင့်သမီးသည် ရာသီလာချိန်နှင့်ပတ်သက်၍ အတွေ့အကြုံပိုရလာပြီးနောက် အသစ်သော စိုးရိမ်ပူပန်မှုများနှင့် မေးခွန်းများကို ရင်ဆိုင်ရပေမည်။ ထို့ကြောင့် သူနှင့်အတူ အကြောင်းအရာများကို ဆက်ပြောဆိုဆွေးနွေးပြီး သူ့မေးခွန်းများကို ဖြေဆိုပေးဖို့လိုသည်။ အဘယ်အရာသည် သင့်သမီး၏ အသက်အရွယ်၊ နားလည်နိုင်စွမ်းနှင့် အသင့်တော်ဆုံးဖြစ်မည်၊ အထိရောက်ဆုံးဖြစ်မည်ကို အာရုံစိုက်ပါ။

အစပြုလုပ်ဆောင်ပါ

သို့သော် သင့်သမီးသည် ဤအကြောင်းကို စိတ်ဝင်စားပုံမပေါ်ပါက မည်သို့နည်း။ သူသည် ကိုယ်ရေးကိုယ်တာကိစ္စများနှင့်ပတ်သက်၍ ပြောဆိုရန် တွန့်ဆုတ်ခြင်းဖြစ်နိုင်သည်။ သို့မဟုတ် ဤအကြောင်းနှင့်ပတ်သက်၍ မေးမြန်းလိုစိတ်ဖြစ်လာသည်အထိ အချိန်လိုအပ်ကောင်းလိုအပ်ပေမည်။ သူသိသင့်သိအပ်ရာများကို သိထားပြီးဖြစ်သည်ဟူ၍ပင် ပြောဆိုပေမည်။

အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၁ နှစ်ဝန်းကျင်အရွယ် မိန်းကလေးများကို လေ့လာခဲ့ရာ မိန်းကလေးအများစုက မိမိတို့ကိုယ်ကို မီးယပ်စချိန်အတွက် ပြင်ဆင်ထားပြီးပြီဟု ယူမှတ်ကြသည်။ သို့သော် ထပ်ဆင့်မေးခွန်းများ မေးလိုက်သောအခါ သူတို့တွင် အသိပညာပြည့်ပြည့်စုံစုံ မရှိကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ အယူအဆများနှင့် ယုံတမ်းစကားများအပေါ် အခြေခံထားသော အမြင်မှားများကို အဖြစ်မှန်အဖြစ် လက်ခံထားကြကြောင်း ထင်ရှားခဲ့သည်။ ထို့ကြောင့် သင့်သမီးက သူသည် မီးယပ်စချိန်အတွက် အသင့်ဖြစ်နေပြီဟု ပြောသည့်တိုင် သင့်အနေဖြင့် ဤအကြောင်းကို သူနှင့်ပြောဆိုဖို့ လိုအပ်နေပါသေးသည်။

ဖြစ်နိုင်လျှင် ရာသီလာခြင်းအကြောင်း သင့်ဘက်မှအစပြုကာ တိုတိုတုတ်တုတ်ပြောပြီး နောက်ပိုင်းတွင်လည်း ဆက်၍ပြောဆိုသွားပါ။ ယင်းသည် သင်၏ မိဘဖြစ်ခြင်းဆိုင်ရာတာဝန် အမှန်ဖြစ်သည်။ တစ်ချိန်ချိန်တွင် ယင်းကို သူအသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ သင့်အကူအညီကို သင့်သမီး အမှန်လိုအပ် ပါသည်။ သင်သည် မိမိကိုယ်မိမိ အားမလိုအားမရဖြစ်ပြီး အရည်အချင်းမရှိဟု ခံစားရနိုင်သော်လည်း လက်မလျှော့ပါနှင့်။ စိတ်ရှည်ပါ။ အချိန်တန်လျှင် သင်၏ကြိုးစားမှုများသည် မည်မျှတန်ဖိုးရှိကြောင်း သင့်သမီး သဘောပေါက်နားလည်လာမည်မှာ သေချာပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 ဂျပန်နိုင်ငံတွင် ကြင်ဖော်မဲ့ဖခင်အိမ်ထောင်စုများ အရေအတွက်သည် ၂၀၀၃ ခုနှစ်တွင် အမြင့်ဆုံးဖြစ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၌ ကြင်ဖော်မဲ့အိမ်ထောင်စု ၆ ခုတွင် ၁ ခုသည် ကြင်ဖော်မဲ့ဖခင်အိမ်ထောင်စုဖြစ်သည်။

[စာမျက်နှာ ၁၁ ပါ အကျဉ်းဖော်ပြချက်]

သင့်သမီး ဦးဆုံးရာသီစမလာမီ ယင်းအကြောင်းကို သူနှင့်အတူ ဝေမျှပြောဆိုခြင်းသည် အကောင်းဆုံးဖြစ်

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

ရာသီလာခြင်းအကြောင်းကို သင့်သမီးနှင့်ပြောဆိုနိုင်ပုံ

သူအဘယ်အရာများ သိရှိထားသည်ကို သိအောင်ပြုလုပ်ပါ။ အမြင်လွဲမှားမှုများကို တည့်မတ်ပေးပါ။ သင်နှင့် သင့်သမီး သိရှိထားသော အချက်အလက်များသည် တိကျမှန်ကန်ကြောင်း သေချာစေပါ။

သင့်အတွေ့အကြုံကို ဝေမျှပါ။ ရာသီစလာခြင်းနှင့်ပတ်သက်သော သင့်ကိုယ်ပိုင်အတွေ့အကြုံကို စဉ်းစားသုံးသပ်ပြီး ဝေမျှပြောဆိုခြင်းဖြင့် သင့်သမီးအတွက် ပို၍လိုအပ်သော စိတ်ပိုင်းဆိုင်ရာထောက်မမှု ပေးနိုင်မည်ဖြစ်သည်။

လက်တွေ့ကျ အကြောင်းအရာကို ပြောဆိုပါ။ ဤမေးခွန်းများကို ငယ်ရွယ်သောမိန်းကလေးများ မေးတတ်ကြသည်– “ကျောင်းမှာ ရာသီလာခဲ့ရင် ဘာလုပ်ရမလဲ။” “ရာသီလာချိန်မှာ ဘယ်လိုပစ္စည်းမျိုး သုံးသင့်သလဲ။” “အဲဒါတွေကို ဘယ်လိုသုံးရမလဲ။”

အခြေခံအချက်များကို ရိုးရိုးလေးပြောပြပါ။ အကြောင်းအရာကို သင့်သမီး သဘောပေါက်ရန် သူ့အသက်၊ နားလည်နိုင်စွမ်းနှင့်အညီ ယင်းကို ပြုပြင်ပြောင်းလဲပေးပါ။

ဆက်၍သင်ကြားပေးသွားပါ။ မီးယပ်စချိန်မတိုင်မီ သင့်သမီးနှင့်စတင်ပြောဆိုပါ။ ရာသီစလာပြီးနောက်ပိုင်းတွင်ပင် လိုအပ်သလို ဆက်၍ပြောဆိုပေးသွားပါ။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

နားလည်မှုရှိပါ။ သင့်သမီးသည် ကိုယ်ရေးကိုယ်တာကိစ္စများနှင့်ပတ်သက်၍ ပြောဆိုရန် တွန့်ဆုတ်နေပေမည်