အကျင့်သိက္ခာ အဘယ်နေရာတွင် တွေ့နိုင်သနည်း

အကျင့်သိက္ခာ အဘယ်နေရာတွင် တွေ့နိုင်သနည်း

အကျင့်​သိက္ခာ အဘယ်​နေရာတွင် တွေ့​နိုင်​သနည်း

ကျင့်ဝတ်​စံနှုန်း​များ ပြောင်းလဲ​နေသည့်​လောကတွင် ကျွန်ုပ်​တို့ အသက်​ရှင်​နေကြ​ရသည်။ အတိတ်​က ပြစ်တင်​ရှုတ်ချခဲ့​သော မရိုးသား​သည့်​အကျင့်အကြံ​များ​ကို မျက်မှောက်ခေတ်တွင် မသိကျိုးကျွန်​ပြု​နေကြ​သည်။ သူခိုး​များနှင့် လူလိမ်​များ​ကို မီဒီယာ​များ​၌ မကြာခဏ ချီးမွမ်း၊ အမွှမ်းတင်​ခဲ့​ကြပြီ။ ရလဒ်​အနေ​နှင့် လူများစွာ​သည် သမ္မာ​ကျမ်းစာပါ ဤ​ဖော်ပြချက်​နှင့် တူ​လာ​ကြသည်– “သင်သည် သူခိုး​ကို​မြင်လျှင် အားရ​တတ်၏။”—ဆာလံ ၅၀:၁၈သမ္မာ။

သို့သော် လူလိမ်​များ​ကို သဘောကျ​စ​ရာ​အကြောင်း လုံးဝ​မရှိပါ။ စာရေး​ဆရာ​တစ်ဦး ဤသို့​ဖော်ပြ​၏– “အ​လိမ်​ကျွမ်းကျင်​သူ၏ ထူးခြားသော​စရိုက်​မှာ အလွန်​ငယ်​သည့်​အရွယ်​တွင်​ပင် သူ့​ဝန်းကျင်ရှိ​လူ​တို့ကို ဉာဏ်​ဆင်​လှည့်စား​နိုင်​သည့် ပင်ကိုစွမ်းရည်​ဖြစ်သည်။ ပို​ဆိုး​သည်​မှာ ယင်း​သို့​ဉာဏ်​ဆင်​လှည့်စားခြင်း​သည် အပြစ်ရှိ​သည်၊ နောင်တ​ယူရ​မည်​ဟူသော​အသိစိတ် လုံးဝ​မရှိခြင်း​ဖြစ်သည်။ ဆန့်ကျင်ဘက်​အနေ​နှင့် သူတို့သည် ထိုသို့​ပြု​ရ​၍ အလွန်​စိတ်​ကျေနပ်​ကြသည်—ထို​စိတ်​ကျေနပ်မှု​ကြောင့် အ​လိမ်​ခံရ​သူတို့၏ ဆိုးကျိုး​များ​ကို​ထည့်​မ​တွက်​ဘဲ သူတို့​လိုချင်​သည့် အဘယ်အရာကို​မဆို​ရ​ရန် ဆက်၍​ဉာဏ်​ဆင်​လှည့်စား​ကြသည်။”

မုဆိုးမ​တစ်ဦး၏ စုဆောင်း​ထား​ရာ​များ အ​လိမ်​ခံရ​သည့်​အခါ လူအများစု​သည် ကိုယ်ချင်းစာ​သနား​ကြသော်လည်း စီးပွားရေး​လုပ်ငန်းကြီး​တစ်ခု သို့​မဟုတ် အာမခံကုမ္ပဏီ​တစ်ခု​မှ​ငွေ​များ လိမ်လည်​ဖြတ်​စား​ခံရ​သည့်​အခါ သိပ်​ဝမ်း​မနည်း​ကြ​ပါ။ စီးပွားရေး​လုပ်ငန်းများ​သည် ချမ်းသာ​ကြွယ်ဝ​ကြသည်​ဟု အများစုက ဆို​ကြသည်။ သို့သော် ထိုသို့​သော​လိမ်လည်​ဖြတ်​စား​မှု​သည် စီးပွားရေး​လုပ်ငန်း​လောက်​ကို​သာ အခက်တွေ့​စေ​သည်မဟုတ်​ပါ၊ သူတို့၏​ဆုံးရှုံးမှု​အတွက် ဝယ်ယူ​သုံးစွဲ​သူများကို အစားလျော်​စေ​ကြသည်။ ဥပမာ၊ ယူနိုက်တက်​စ​တိတ်​တွင် အ​လိမ်​ခံရ​သည့်​ငွေ​ကို ကာမိ​စေရန် မိသားစု​တိုင်း​သည် တစ်နှစ်​လျှင် အပို​အာမခံကြေး ဒေါ်လာ ၁,၀၀၀ ကျော်​ပေး​ကြ​ရသည်။

ထို့​ပြင် အဝတ်အစား၊ နာရီ၊ ရေမွှေး၊ အလှ​ပြင်​ပစ္စည်း​များနှင့် လက်ကိုင်​အိတ်​စ​သော ကုန်​ပစ္စည်း​များ​ကို တံဆိပ်​အတု​ဖြင့် ထုတ်လုပ်​ထားသော​ကြောင့် များစွာ​သော​သူတို့သည် ဈေး​ပေါ​ပေါ​ဖြင့် ဝယ်ယူ​သုံးစွဲ​ခွင့် ရ​ကြသည်။ ပစ္စည်း​အတု​များသည် နှစ်စဉ် ဒေါ်လာ​သန်းပေါင်း ထောင်နှင့်ချီ​၍ စီးပွား​ဖြစ်နေ​ကြသည်​ကို သူတို့​သိ​ကြသော်လည်း မိမိတို့ကို ဘာမျှ​ထိခိုက်မှု​မရှိ​ဟု ယူဆကြ​သည်။ သို့သော် ဝယ်ယူ​သုံးစွဲ​သူများ​သည် တရားဝင်​ကုန်​ပစ္စည်း​များနှင့် ဝန်ဆောင်မှု​များ​အတွက် များစွာ​ပေးဆောင်​ကြ​ရသည်။ ထို့​ပြင် ပစ္စည်း​အတု​များ​ကို ဝယ်ယူခြင်း​သည် ရာဇဝတ်သား​များ​ကို ငွေပေး​နေခြင်း​ဖြစ်သည်။

လိမ်လည်​လှည့်ဖြားမှု နှိမ်နင်း​ရေး​တွင်​ပါဝင်သော စာရေး​ဆရာ​တစ်ဦး​က ဤသို့​ရေးခဲ့​၏– “ယနေ့ လိမ်လည်​လှည့်ဖြားမှု ဤမျှ​များနေ​ရသည့် အဓိက​အကြောင်း​မှာ လူ့​ကျင့်ဝတ်​နှင့်​မညီ​သည့်​လူ့ဘောင်တွင် ကျွန်ုပ်​တို့ အသက်ရှင်နေ​ရသော​ကြောင့်​ဖြစ်သည်။ လိမ်လည်​လှည့်ဖြားမှု​သည် ထူးခြားသည့်​စရိုက်​လက္ခဏာ​ဖြစ်လာ​သည်​အထိ လူ့​ကျင့်ဝတ်​များ သိသိသာသာ​ကျဆင်း​နေသည်။ . . . အိမ်​တွင် လူ့​ကျင့်ဝတ်​အကြောင်းကို မသွန်သင်​သော လူ့​ဘောင်​ဖြစ်နေ​သည်။ ကျောင်း​ဆရာများ​သည် ကိုယ်ကျင့်တရား​အကြောင်း သွန်သင်ပေး​သူ​ဟု စွပ်စွဲ​ခံရ​နိုင်သော​ကြောင့် ကျောင်းတွင်​လည်း လူ့​ကျင့်ဝတ်​အကြောင်း မသွန်သင်​ကြ​တော့​သည့် လူ့ဘောင်တွင် ကျွန်ုပ်​တို့ အသက်ရှင်နေ​ရ​ကြသည်။”

ဆန့်ကျင်ဘက်​အနေ​နှင့် ယေဟောဝါသက်သေ​များသည် ဘုရားသခင်​၏ နှုတ်မြွက်​စကားတော်​ပါ ကိုယ်ကျင့်တရား​စံနှုန်း​နှင့်​အညီ နေထိုင်ရန် ကြိုးစား​နေကြ​ပြီး ယင်းကို သွန်သင်ပေး​ကြသည်။ သူတို့သည် အောက်​ဖော်ပြ​ပါ မူများ​၏ လမ်းညွှန်မှုကို လိုက်နာ​ကြသည်–

● “ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ကိုယ်​နှင့်​အမျှ​ချစ်​လော့။”—မဿဲ ၂၂:၃၉

● “သူ့​ဥစ္စာ​ကို မတရား​သဖြင့် မ​သိမ်း​နှင့်။”—မာကု ၁၀:၁၉

● “ခိုး​တတ်သော​သူသည် နောက်​တစ်ဖန်​မခိုး​ဘဲ ဆင်းရဲသော​သူအား ပေးကမ်း​ဝေငှ​ရန်​ရှိစေ​ခြင်း​ငှာ မိမိ​လက်​နှင့် ကောင်းသော​အလုပ်ကို လုပ်ဆောင်​အားထုတ်​စေ။”—ဧဖက် ၄:၂၈

● ‘ငါ​တို့သည် အရာ​ရာ​တို့​၌ ကောင်းမွန်​စွာ​ကျင့်​နေခြင်း​ငှာ အလိုရှိ​သော​သူ​ဖြစ်သည်။’—ဟေဗြဲ ၁၃:၁၈

သက်သေခံ​များသည် မာန်​ဝင်​နေ​သူများ၊ မိမိတို့​ဘာသာ​ဖြောင့်မတ်​နေ​သူများ​ဟု မယူမှတ်​ကြသော်လည်း အထက်ပါ​မူများ​ကို လူတိုင်း​လိုက်နာမည်​ဆိုပါ​က လောကကြီး​သည် နေချင်စဖွယ်​ပို​ကောင်းသော​နေရာ​ဖြစ်လာ​မည်​ဟု ယုံကြည်​ကြသည်။ ထိုသို့​သော အခြေအနေ​မျိုး တစ်နေ့ ဖြစ်လာ​မည်​ဟူ​သည့် ဘုရားသခင်​၏​ကတိတော်​ကိုလည်း သူတို့​ယုံကြည်​ကြသည်။—၂ ပေတရု ၃:၁၃

[စာမျက်နှာ ၁၁ ပါ အကျဉ်း​ဖော်ပြချက်]

ဘုရားသခင်​၏ နှုတ်မြွက်​စကားတော်​တွင်​ပါ​သော ကိုယ်ကျင့်တရား​စံနှုန်း​များနှင့်​အညီ လူတိုင်း လိုက်နာ​နေထိုင်​မည်​ဆိုပါ​က လောကကြီး​သည် နေချင်စဖွယ်​ပို​ကောင်းသော နေရာ​ဖြစ်လာ​မည်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

စစ်မှန်သော​ခရစ်ယာန်​များသည် “ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ကိုယ်​နှင့်​အမျှ​ချစ်​လော့” အစ​ရှိသည့် သမ္မာကျမ်းစာ​မူများ​ကို လိုက်နာ​ကြ