မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်ကြောင့် အထီးကျန်ဖြစ်နေသူ ဤမျှများပြားလာရသနည်း

အဘယ်ကြောင့် အထီးကျန်ဖြစ်နေသူ ဤမျှများပြားလာရသနည်း

အဘယ်ကြောင့် အထီးကျန်​ဖြစ်နေ​သူ ဤမျှ​များပြား​လာ​ရသနည်း

ယနေ့ လူ့​ဘောင်​အဖွဲ့အစည်း​တွင် လူအများသည် အထီးကျန်မှု​ကို တွေ့ကြုံ​ခံစား​နေရ​၏။ ယင်းသည် အသက်အရွယ်​မရွေး၊ လူမျိုး​မရွေး၊ လူမှု​အဆင့်အတန်း​နှင့် အယူဝါဒ​မရွေး​မှ လူ​တို့ကို ထိခိုက်​နေသည်။ အထီးကျန်​နေသည်​ဟု သင်​ခံစားရ​ဖူး​ပါသလော။ ယခု​ကော သင်​အထီးကျန်​နေပါသလော။ အမှန်​ဆို​ရ​လျှင် ကျွန်ုပ်​တို့အားလုံး တစ်ချိန်​မဟုတ်​တစ်ချိန် အဖော်—ကျွန်ုပ်​တို့​ပြော​သည့်​စကား​ကို နားထောင်ပေး​မည့်​သူ၊ နှစ်သိမ့်​အားပေး​မည့်​သူ၊ ကျွန်ုပ်​တို့၏​နက်ရှိုင်း​သည့်​ခံစားချက်​များ သို့​မဟုတ် အတွင်းစိတ်​သဘော​များ​ကို မျှဝေ​ခံစား​ပေး​နိုင်​မည့်​သူနှင့် ကျွန်ုပ်​တို့ကို ပုဂ္ဂိုလ်​တစ်ဦး​အဖြစ် နားလည်​ပေး​မည့်​သူ​တစ်ဦးဦး—လိုအပ်​ကြ​၏။ ကျွန်ုပ်​တို့၏​ခံစားချက်​များ​ကို အကင်းပါးပါး​နှင့်​သိ​သူ​တစ်ဦးဦး​ကို ကျွန်ုပ်​တို့​လိုအပ်​ကြသည်။

သို့သော် တစ်ကိုယ်တည်း​နေ​တိုင်း အထီးကျန်​နေသည်​ဟု မဆိုလို​ပါ။ လူတစ်ဦး​သည် အချိန်​အတန်ကြာ တစ်ကိုယ်တည်း​ဖြစ်နေ​နိုင်​ကာ အထီးကျန်​သည်​ဟု လုံးဝ​မခံစား​ရ​ဘဲ မိမိ​လုပ်​သည့်​အလုပ်​တွင် ပျော်ရွှင်​နေနိုင်​ပါ​သည်။ ယင်း​နှင့်​ခြားနား​စွာ၊ တစ်ဦးတည်း မနေ​တတ်​သူများ​လည်း​ရှိသည်။ အမေရိကန်​အမွေအနှစ်​အဘိဓာန်​က ဤသို့​ဆို​သည်– “တစ်ကိုယ်တည်း​နေခြင်း​သည် အခြား​သူများ​နှင့် သီးခြား​ဖြစ်နေ​ခြင်း​ဘက် အလေးသာ​သော်လည်း ပျော်ရွှင်မှု​ကင်းမဲ့​သည့်​သဘော မသက်ရောက်​ချေ။ . . . အထီးကျန်​ဆန်​ခြင်း​သည် တစ်ယောက်တည်း​ဖြစ်​နေ၍ အလွန်​စိတ်ပျက်​နေခြင်း​ကို အလေးပေး​သည်၊ . . . အဖော်မဲ့​ခြင်း​မူ အပေါင်းအဖော်​ရ​လို​၍ ကြေကွဲ​နေခြင်း​ဟူ​သည့် သဘောဆောင်​လေ့​ရှိသည်၊” ဆိုလိုသည်မှာ၊ ဝမ်းနည်းပူဆွေး​ခြင်း၊ ဘေးဒုက္ခ​ရောက်​ခြင်း သို့​မဟုတ် စိတ်​အားငယ်​ခြင်း စ​သည့် အခြေအနေ​များ​ဖြစ်သည်။ ဤသို့​ကြုံတွေ့​ရသူ​တစ်ဦး​အဖို့ ပြန်လည်​ကြည်လင်​ရွှင်​ပျ​လာ​စေရန် စိတ်ရင်းမှန်​ပြီး မေတ္တာပြည့်​ဝ​သည့် အပေါင်းအဖော်​၏ အားပေး​နှစ်သိမ့်မှု​ကို တမ်းတမ်းတတ လိုအပ်​နေခြင်း​ဖြစ်သည်။ နောက်ဆုံး​အနေ​နှင့် တ​သီး​တခြား​ဖြစ်​ခြင်း​သည် “အထီးကျန်​ဆန်​ခြင်း၊ အဖော်မဲ့​ခြင်း​တို့ကို ပေါင်းစပ်​ထား​သည့် အခြေအနေ​တစ်ရပ်” ဟု အနက်ဖွင့်​ကြသည်။ . . . သို့သော် ယင်းသည် တစ်ကိုယ်​တည်းနေ​ရန် မိမိ​ဘာသာ​ရွေးချယ်​ယူခြင်း​ဘက် အလေးသာ​၏။”

အဖော်မဲ့​မှု​သည် အင်အားကြီး​မား​သည့် ခံစားချက်​တစ်ခု​ဖြစ်​ရာ အလွန်​နာကျင်​နိုင်​ပေ​သည်။ စိတ်​တွင် ဟာတာတာ​ဖြစ်နေ​ခြင်း​ဖြစ်သည်။ ဖယ်​ကြ​ဉ်​ထားခြင်း​ခံရ​သည်​ဟူ​သည့် တ​သီး​တခြား​ဖြစ်နေ​သော ခံစားမှု​ဖြစ်၏။ စိတ်​အားငယ်​လာ​ကာ ကြောက်​စိတ်ဝင်​လာနိုင်​သည်။ ဤ​အတိုင်း သင်​ခံစားရ​ဖူး​သလော။ အဘယ်​အကြောင်း​များ​ကြောင့် အထီးကျန်မှု ခံစားရ​သနည်း။

ပြဿနာ​များ၊ အခက်အခဲ​များနှင့် အခြေအနေ​များသည် လူ​တို့ကို ဆိုးကျိုး​ပေး​သည်။ သင်၏​ပုံပန်း​သဏ္ဌာန်၊ လူမျိုး၊ ဘာသာ​တရား​တို့​ကြောင့် ရွယ်တူချင်း​များ​၏ အပယ်ခံ​ဘဝသို့ သင်​ရောက်နေ​ပေမည်။ ဝန်းကျင်​အပြောင်းအလဲ​များ—ကျောင်း​အသစ်​တက်​ရခြင်း၊ အလုပ်​အသစ်​စ​လုပ်​ရခြင်း သို့​မဟုတ် ရပ်ကွက်သစ်၊ မြို့​သစ်၊ နိုင်ငံ​သစ်​သို့ ပြောင်းရွှေ့​ရခြင်း​စ​သည်​ဖြင့်—က အထီးကျန်မှု​ခံစားရ​စေနိုင်​သည်၊ အကြောင်း​မှာ မိတ်ဆွေဟောင်း​များ​ကို ထားရစ်​ခဲ့​ရသော​ကြောင့်​ဖြစ်၏။ မိဘများ သို့​မဟုတ် အိမ်ထောင်ဖက်​တစ်ဦး ဆုံးပါး​သွားခြင်း​သည် ချစ်​မြတ်နိုးသူ​များ​အား နှစ်ပေါင်း​များစွာ အထီးကျန်​စေနိုင်​သည်။ ထို့​ပြင် အသက်အရွယ်​အိုမင်း​လာ​သည်​နှင့်​အမျှ အသိ​မိတ်ဆွေ​အသိုင်းအဝိုင်း ပြောင်းလဲ​သွား​သည်၊ လျော့နည်း​သွား​သည်  သို့​မဟုတ် ပျောက်ကွယ်​သွားလေသည်။

အိမ်ထောင်ပြု​လိုက်ခြင်း​သည် အထီးကျန်​ဖြစ်မှု​မှ ကင်းလွတ်​သွား​သည်​ဟု အမြဲ​အာမ,မခံ​ပါ။ တစ်ဦး​နှင့်​တစ်ဦး နားလည်မှု​လွဲ​ခြင်း သို့​မဟုတ် အစေး​မ​ကပ်​ခြင်း​ကြောင့် စိတ်ဖိစီးမှု​ဖြစ်​ပြီး မည်သို့​ဆက်​စခန်း​သွား​ရမည်​မသိ ဖြစ်လာ​နိုင်​သည့်​အပြင် ကြင်ဖော်​ကြင်​ဖက် သို့​မဟုတ် သားသမီး​များနှင့် တ​သီး​တခြား​ပင် ဖြစ်လာ​နိုင်​ပေမည်။ သို့သော် ချစ်​မြတ်နိုး​ရသူ​တစ်ဦး သေဆုံး​ခြင်း၊ ကွာရှင်း​ခြင်း၊ သို့​မဟုတ် ကိုယ်​ကာယပိုင်း သို့​မဟုတ် စိတ်​လှုပ်ရှားမှု​ပိုင်း​အရ သီးခြား​ဖြစ်​ခြင်း​တို့​ကြောင့် အဖော်မဲ့​ရခြင်း​မျိုး​အပြင် ကျွန်ုပ်​တို့အား အပြင်းအထန်​ဆိုးကျိုး​ပေး​နိုင်​သည့် အထီးကျန်​ဖြစ်မှု နောက်​တစ်မျိုး​ရှိပါ​သေး​သည်။ ယင်းသည် ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကျဲ​လာပြီး ကိုယ်တော်​နှင့်​ကင်းကွာ​နေသည်​ဟု ခံစား​လာ​ရသည့်​အခါ ဖြစ်ပေါ်​လာ​တတ်​သည်။

သင်သည် အထက်တွင် ဖော်ပြ​ထား​သည့် အခြေအနေ​တစ်မျိုး​မျိုးကို တွေ့ကြုံ​ခံစား​ခဲ့​ရပြီ​လော။ အထီးကျန်​ဖြစ်မှု​ကို ကိုင်တွယ်​ဖြေရှင်း၍​ရနိုင်​ပါသလော။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ကျောင်း​အသစ်​တက်​ရခြင်း​မှ​သည် အိမ်ထောင်ဖက် ဆုံးပါး​သွားခြင်း အစ​ရှိသည့် ဘဝ​အပြောင်းအလဲ​များ​က အထီးကျန်​ဖြစ်မှု ခံစား​ရနိုင်