မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လင်းယုန်၏ မျက်လုံး

လင်းယုန်၏ မျက်လုံး

လင်းယုန်​၏ မျက်လုံး

စပိန်​မှ နိုးလော့! စာရေးသူ ပေး​ပို့​သည်

စပိန်​လူမျိုးများ​က အမြင်​အာရုံ​အထူး​ကောင်း​သူကို လင်းယုန်​မျက်လုံး​ပိုင်ရှင် (ဗီး​စတေး ဒီ အာဂီးလာ) ဟု ပြော​ကြသည်။ ဂျာမန်​လူမျိုး​တွင်​လည်း အလားတူ​ဝေါဟာရ (အာ့ဒ်လာအောဂ) ရှိသည်။ လင်းယုန်​၏ စူးရှ​သော​အမြင်​အာရုံ​သည် ရာစုနှစ်များစွာ​တိုင်အောင် ပြောစမှတ်ပြု​လာ​ခြင်း​သည် အကြောင်းမဲ့​မဟုတ်​ချေ။ လွန်ခဲ့သော​နှစ်ပေါင်း​သုံး​ထောင်​ကျော်​က ရေးသားခဲ့​သော ယောဘ​ကျမ်း​တွင် လင်းယုန်​နှင့်​ပတ်သက်​၍ “မျက်စိသည် အဝေးက​ပင် မြင်တတ်၏” ဟု ဆို​ထား​သည်။—ယောဘ ၃၉:၂၇၊ ၂၉သမ္မာ။

လင်းယုန်​သည် မည်မျှ​အကွာအဝေး​ကို အမှန်​မြင်နိုင်​သနည်း။ အကောင်းဆုံး​အခြေအနေ​များ​အောက်တွင် ရွှေ​လင်းယုန် (အာ့ကွီလာ ခရစ်​စေ​တော) တစ်ကောင်​သည် [၁၁/၄မိုင်] ကျော်​ဝေး​သော​နေရာ​မှ ယုန်​တစ်ကောင်​၏ မသိမသာ​လှုပ်ရှားမှု​ကို မြင်နိုင်​သည်” ဟု ဂျင်း​နစ်​စ် တိရစ္ဆာန်​မှတ်တမ်းများ​စာအုပ် က​ရှင်းပြသည်။ အခြားသူများ ခန့်မှန်း​သည်​မှာ လင်းယုန်​သည် ထို​ထက်​ဝေးဝေး​ကို​ပင် မြင်နိုင်​သည်​ဟူ​၏!

ထိုသို့​သော​စူးရှ​သည့်​အမြင်ကို လင်းယုန်​အား အဘယ်အရာက ရရှိစေ​သနည်း။ ဦးဆုံး​အနေ​နှင့်၊ ရွှေ​လင်းယုန်​၌ ဦးခေါင်း​၏​နေရာ​အများစုကို​ယူ​ထားသော ကြီးမား​သည့်​မျက်လုံး​တစ်စုံ​ရှိသည်။ ရွှေ​လင်းယုန်​၏​မျက်လုံး​နှင့်​ပတ်သက်​၍ ၎င်းတို့၏​မျက်လုံး​သည် “ပြူးကျယ်​သလော​က် အမှန်​ဆို​သော် ပျံသန်းမှု​ကို​ထိခိုက်​သည့်​အထိ အလွန်​လေးလံ​ခြင်း​မရှိ” ကြောင်း ဗြိတိသျှ​ငှက်​များ​စာအုပ် က ရေးသား​ဖော်ပြ​သည်။

ထို့​ပြင် လင်းယုန်​တစ်ကောင်​၏​မျက်စိ​တွင်ရှိသော အလင်း​လက်ခံ​ဆဲလ်​အရေအတွက်​သည် ကျွန်ုပ်​တို့၏ ငါး​ဆ​ခန့်​ရှိသည်—၁ စတုရန်း မီလီ​မီတာ​တွင် ဆဲလ်​က​တော့ (cones) ၁,၀၀၀,၀၀၀ ခန့်​ကို ကျွန်ုပ်​တို့ ရှိ ၂၀၀,၀၀၀ နှင့်​နှိုင်းယှဉ်​နိုင်​သည်။ လက်ခံ​ဆဲလ်​တစ်ခုစီ​အားလုံးနီးပါး​သည် အာရုံကြော​ဆဲလ်​တစ်ခု​နှင့် ဆက်စပ်​လျက်​ရှိသည်။ ထို့​ကြောင့် လင်းယုန်​တွင် မျက်စိ​မှ ဦးနှောက်​သို့​သတင်းပေး​ပို့​သည့် အမြင်​အာရုံကြော​၌​တွေ့ရ​သော အမျှင်​အရေအတွက်​သည် လူ​တို့​ထက် နှစ်ဆ​ပို​များသည်။ ထို့​ကြောင့်​ပင် ဤ​သတ္တဝါများ​၌ စူးရှ​သော​အရောင်မြင်နိုင်စွမ်း​ရှိ​ခြင်း​ကို မအံ့သြ​သင့်​ပေ! နောက်ဆုံး​အနေ​နှင့် အခြား​ငှက်​များ​ကဲ့သို့ ငှက်​ရဲ​များ​၌ အလွန်​အား​များသော မှန်ဘီလူး​ရှိသည်၊ ယင်းသည် တစ်လက်​မ​အကွာ​မှ​သည် အလွန်​ကွာဝေး​သော​နေရာ​ရှိ အရာဝတ္ထု​သို့ ၎င်း​၏​ဆုံချက်​ကို လျင်မြန်​စွာ​ပြောင်းလဲ​နိုင်​သည်။ ဤ​အပိုင်း​တွင်​လည်း ၎င်းတို့၏​မျက်လုံး​သည် ကျွန်ုပ်​တို့​ထက် များစွာ​သာလွန်​၏။

လင်းယုန်​၏​မျက်လုံး​သည် နေ့​အချိန်တွင် ထူးကဲ​မြင်နိုင်စွမ်း​ရှိသော်လည်း ညဘက်​တွင်​မူ ဇီးကွက်​များ​က တစ်ပန်းသာ​သွား​သည်။ ည​အချိန်​ကျက်စား​သော ငှက်​ရဲ​များ​တွင် အလင်း​ခံ​အာရုံ​သိ ဆဲလ်​ချောင်း (rod) အမြောက်အမြား​နှင့် ကြီးမားသော မှန်ဘီလူး​များ​ပါရှိ​သော မျက်လုံးကို​ပိုင်ဆိုင်​ကြသည်။ ထို့​ကြောင့် ည​အချိန်တွင် ကျွန်ုပ်​တို့ မြင်နိုင်​သည်ထက် ၎င်း​တို့​က အဆ ၁၀၀ ပို​၍​မြင်နိုင်​သည်။ သို့သော် ဖြစ်​တော​င့်​ဖြစ်​ခဲ​အခြေအနေ​ဖြစ်သော လုံးဝ​မှောင်​ပိတ်​နေသည့်​အခါ​မျိုး​တို့​တွင်​သာ ဇီးကွက်​များသည် သားကောင်​ရှိရာ​ကို​သိ​ရန် သူတို့၏​ထက်မြက်​သော​အကြားအာရုံ​အပေါ် လုံးလုံး​မှီခို​ကြ​ရသည်။

ထိုသို့​သော​အရည်အသွေးကို ဤ​ငှက်​များ​အား မည်သူ​ပေး​ထား​သနည်း။ ယောဘ​အား ဘုရားသခင်​မေး​၏– “သင်၏​အမိန့်​ကြောင့် လင်းယုန်​သည်​အထက်​သို့​ပျံတက် . . . တတ်​သလော။” ရှင်း​နေသည်​မှာ ဖန်ဆင်း​ရှင်​၏​အံ့ဖွယ်အမှု​အတွက် မည်သည့်​လူသားကို​မျှ ဂုဏ်​မပြု​ထိုက်​ပေ။ ယောဘသည် နှိမ့်ချစွာ​ဝန်ခံခဲ့​သည်– “ကိုယ်တော် [ယေဟောဝါ] သည်​အလုံးစုံ​တို့ကို တတ်နိုင်​တော်​မူ​ကြောင်းကို . . . အကျွန်ုပ်​သိပါ​၏။” (ယောဘ ၃၉:၂၇; ၄၂:၁၊ ၂သမ္မာ) လင်းယုန်​၏​မျက်လုံး​သည် ကျွန်ုပ်​တို့​ဖန်ဆင်း​ရှင်​၏​ဉာဏ်ပညာ​ကို​ဖော်ပြ​သော နောက်ထပ်​သာဓက​တစ်ခု​သာ​ဖြစ်သည်။

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

ရွှေ​လင်းယုန်

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

နှင်း​ဖြူ​ဇီးကွက်