မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နှုတ်ခမ်းလှုပ်ပုံကြည့်၍ သူတို့ အဓိပ္ပာယ်ဖော်ကြပုံ

နှုတ်ခမ်းလှုပ်ပုံကြည့်၍ သူတို့ အဓိပ္ပာယ်ဖော်ကြပုံ

နှုတ်ခမ်း​လှုပ်​ပုံ​ကြည့်​၍ သူတို့ အဓိပ္ပာယ်​ဖော်​ကြ​ပုံ

ဗြိတိန်​နိုင်ငံ​မှ နိုးလော့! စာရေးသူ​ပေး​ပို့​သည်

ပြည်​သူ့​ဥယျာဉ်​တစ်ခု​တွင် စကားပြော​နေသော မသင်္ကာ​ဖွယ်​အကြမ်းဖက်​သ​မား​နှစ်ဦး​ကို ဗီဒီယို​ရိုက်​ထား​သည်။ သူတို့​ဘာ​ပြော​နေသည်​ကို မည်သူမျှ​မကြား​နိုင်​ပေ—သို့သော် ရဲက သူတို့ကို​ဖမ်းဆီး​ကာ နောက်ပိုင်း​တွင် နှစ်​ရှည်​ထောင်ဒဏ်​ချမှတ်​လိုက်​သည်။ ရိုက်ကူး​ထားသော သူတို့၏​စကားပြော​ဆို​မှု​ကို ဗြိတိန်​နိုင်ငံ​တွင် ကျွမ်းကျင်​သက်သေ​တစ်ဦး​အဖြစ်​နှင့် ဗြိတိန်​ရဲ​၏ “ထိရောက်​သော​လျှို့ဝှက်​လက်နက်” တစ်ခု​အဖြစ် အသိအမှတ်ပြု​ဖော်ပြ​ခံရ​သော နှုတ်ခမ်း​လှုပ်​ပုံ​အဓိပ္ပာယ်​ဖော်​သူ​တစ်ဦး​က အဓိပ္ပာယ်​ဖော်​ခဲ့​သည်။

နှုတ်ခမ်း​လှုပ်​ပုံ​ကြည့်​၍ အဓိပ္ပာယ်​ဖော်​သည့်​ပညာ​နှင့်​ပတ်သက်​၍ ပိုမို​သိရှိ​ရန် ကျွန်ုပ်​သည် မိုက်ခ်​နှင့် ခရစ္စတီးနား တို့ကို သွား​တွေ့ခဲ့​သည်။ ခရစ္စတီးနား​သည် အသက်​သုံးနှစ်​အရွယ်​ကတည်းက နား​မကြား​ရသူ​ဖြစ်သည်။ နောက်ပိုင်း​တွင် သူသည် နား​မကြား​သူများ​အတွက်​ကျောင်း​ကို တက်ရောက်​ကာ နှုတ်ခမ်း​လှုပ်​ပုံ​ကြည့်​၍ အဓိပ္ပာယ်​ဖော်​သည့်​အတတ်ကို သင်ယူ​ခဲ့​သည်။ မိုက်ခ် သည် ခရစ္စတီးနား​နှင့်​လက်ထပ်​ပြီး​နောက်​တွင် နှုတ်ခမ်း​လှုပ်​ပုံ​ကြည့်​၍ အဓိပ္ပာယ်​ဖော်​သည့် စွမ်းရည်​ကို သူ့​ဖာသာ တတ်မြောက်​လာ​သူ​ဖြစ်သည်။

နှုတ်ခမ်း​လှုပ်​ပုံ​ကြည့်​၍ အဓိပ္ပာယ်​ဖော်​ခြင်း​သည် မည်မျှ​ခက်ခဲ​သနည်း။ “နှုတ်ခမ်း၊ လျှာ​နှင့် အောက်​မေးရိုး​တို့၏ ပုံသဏ္ဌာန်​နှင့် လှုပ်ရှားမှု​ကို အာရုံစိုက်​ရမည်” ဟု​မိုက်ခ် က​ဆို​၏။ ခရစ္စတီးနား​က ဤသို့​ထပ်ဆင့်​သည်– “မိမိ​အား စကားပြော​နေသူကို စူးစိုက်​ကြည့်​ရမည်၊ နှုတ်ခမ်း​လှုပ်​ပုံ​ကြည့်​၍ အဓိပ္ပာယ်​ဖော်​သည့်​စွမ်းရည် တိုးတက်လာ​သည့်​အခါ မျက်နှာ​နေ​မျက်နှာထား​နှင့် ကိုယ်​အမူအရာ​တို့ကို​လည်း အာရုံစိုက်ရန်​ဖြစ်သည်။”

အော်ပြော​သူ သို့​မဟုတ် အလွန်အမင်း​နှုတ်ခမ်း​ရွေ့လျား​သူကို အဓိပ္ပာယ်​ဖော်​ရာ​တွင် အမှား​ကြီး​မှား​ခဲ့​ကြောင်း ကျွန်ုပ်​သိရှိ​ခဲ့​ရသည်။ ထိုသို့ ရှုံ့​တွန့်​ပြောဆိုမှု​များသည် ရှုပ်ထွေး​ကာ အဓိပ္ပာယ်​မဖော်​စေနိုင်​ဘဲ ဖြစ်စေ​သည်။ နှုတ်ခမ်း​လှုပ်​ပုံ​ကို​ကြည့်​၍ ကျွမ်းကျင်​စွာ​အဓိပ္ပာယ်​ဖော်​တတ်လာ​ပြီး​နောက် အဓိပ္ပာယ်​ဖော်​သူ​တစ်ဦး​သည် ဒေသ​အလိုက်​လေသံ​များ​ကို​ပင် ထောက်ပြ​လာနိုင်​သည်။ သို့သော် ယင်း​တို့အားလုံး​သည် မလွယ်ကူ​လှ​ပေ! နှုတ်ခမ်း​လှုပ်​ပုံ​ကြည့်​၍ အဓိပ္ပာယ်​ဖော်​ခြင်း​ကို အထူး​သင်ကြား​ပေး​သည့် ဟီး​ရား​ရင်း​ကွန်​စ​န်း (Hearing Concern) ဟူသော အဖွဲ့အစည်း​တစ်ခု​က ဤသို့​ပွင့်ပွင့်လင်းလင်း​ဖော်ပြ​သည်– “နှုတ်ခမ်း​လှုပ်​ပုံ​ကြည့်​၍ အဓိပ္ပာယ်​ဖော်​တတ်​ရန် ထပ်ခါတလဲ​လဲ လေ့ကျင့်​ဖို့​လို​သည်။”

ဘတ်စကား​ပေါ် သို့​မဟုတ် ရထား​ပေါ်​တွင် စကားစမြည်​ပြောဆိုမှု​တစ်ခု​ကို လုံးဝ​မရည်ရွယ်​ဘဲ “အဓိပ္ပာယ်​ဖော်​နေ” မိ​၍ မိမိ​ဘာသာ အရှက်ရ​မိ​သည့်​အခါ​များ​ရှိကြောင်း ခရစ္စတီးနား​က​ဝန်ခံ​သည်။ သူ​လုပ်နိုင်​သည့်​အရာ​မှာ ချက်ချင်း အကြည့်​လွဲ​လိုက်ခြင်း​ဖြစ်သည်။ သို့သော် သူ၏​စွမ်းရည်​သည် ကာကွယ်​မှု​တစ်ရပ်​ဖြစ်​နိုင်​သည်။ ခရစ္စတီးနား​သည် ရုပ်မြင်သံကြား​တွင် ဘောလုံးပွဲ​မကြည့်​တော့​ပေ၊ အကြောင်း​မှာ ကစားသမား​အချို့ ဘာ​ပြော​နေသည်​ကို တွေ့ မြင်ရ​ခြင်း​က သူ့​အတွက် စိတ်မချ​မ်းမြေ့စ​ရာ​ဖြစ်စေ​သောကြောင့်​ပင်။

ဗြိတိန်​ရဲ​၏ “လျှို့ဝှက်​လက်နက်” စွမ်းရည်​များ​ကို ရရှိ​သူ​နည်း​မည်​ဖြစ်သည်။ သို့သော် ရိုးရှင်း​သည့် နှုတ်ခမ်း​လှုပ်​ပုံ​အဓိပ္ပာယ်​ဖော်​နည်း​ပင်​လျှင် အကြားအာရုံ​အကြီးအကျယ်​ဆုံးရှုံး​ပြီး​နောက် သင်ယူ​တတ်ကျွမ်း​ရန် အဖိုးတန်​ပညာရပ်​တစ်ခု​ဖြစ်​နိုင်​သည်။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ခရစ္စတီးနား

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

မိုက်ခ်