မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဗလုံလေးများ၏ နောက်ကွယ်မှ လျှို့ဝှက်ချက်

ဗလုံလေးများ၏ နောက်ကွယ်မှ လျှို့ဝှက်ချက်

ဗလုံလေးများ​၏ နောက်ကွယ်​မှ လျှို့ဝှက်ချက်

ပြင်သစ်​နိုင်ငံ​မှ နိုးလော့! စာရေးသူ ပေး​ပို့​သည်

ကမ္ဘာ​တစ်ဝန်း​တွင် ပြင်သစ်​ရှမ်ပိန်​ဝိုင်​သည် ပျော်ပွဲရွှင်ပွဲ အခမ်းအနား​နှင့် မင်္ဂလာပွဲ​ခံ​ခြင်း​တို့​နှင့် ခွဲ​မရအောင် ဆက်နွှယ်​လျက်​ရှိသည်။ အမှန်​အားဖြင့် ဤ​ယမကာ​ကို ထူးခြားသည့် သွင်ပြင်​လက္ခဏာ ဆောင်​စေသော အ​မြှုပ်​တ​စီ​စီ​တက်​သည့် ဗလုံလေးများ​သည် ပျော်ရွှင်ဖွယ် အခါသမယ​များစွာ​၏ ဝိ​သေ​သ​လက္ခဏာ​ပင်​ဖြစ်သည်။

ရှမ်ပိန်​ဝိုင်ကို ဒွမ် ပေ​ရီး​ညေိုာင်​က တီထွင်​ထုတ်လုပ်​ခဲ့​သည်​ဟု လူအများ​က ဂုဏ်ပြု​မှတ်တမ်းတင်​ကြသည်။ မည်သို့​ပင်​ဆို​စေ၊ သူသည် ဤ​ဝိုင်​၏ အရည်အသွေးကို တိုးတက်​ကောင်းမွန်​အောင် အမှန်ပင် လုပ်ဆောင်ပေး​ခဲ့​သည်။ စိန့် ဘဲ​န်း​န​ဒစ် ဂိုဏ်းဝင်​ဖြစ်သော ဤ​ခရစ်ယာန်​ဘုန်းတော်ကြီး​သည် (ပြင်သစ်​ပြည် ရှမ်ပိန်​ဒေသ​၏ အလယ်ဗဟို​၌) တည်ရှိ​သော ဟော်ဗီးလ်​လာ ကျောင်းတိုက်​၏ စပျစ်​ဝိုင်​ထား​ရာ မြေအောက်ခန်း​ကို ၁၆၆၈ ခုနှစ်​မှ ၁၇၁၅ ခုနှစ်၊ ကွယ်လွန်​ချိန်​အထိ တာဝန်​ယူ​ထိန်းသိမ်း​ခဲ့​သည်။ ယနေ့​ထက်​တိုင် ရှမ်ပိန်​ဝိုင် ပြုလုပ်​ရာ​၌ အသုံးပြုသည့် နည်း​နိဿယ များစွာ​အတွက် အချို့​သူတို့က ဒွမ် ပေ​ရီး​ညေိုာင်​အား ဂုဏ်ပြု​မှတ်တမ်းတင်​ကြသည်။

အ​မြှုပ်​ဗလုံစီ​ထ​သော ဤ​ဝိုင်ကို ပထမဦးဆုံး စိတ်ဝင်စားသူ​တို့​မှာ ဗြိတိသျှ​ပြည်သူ​တို့ ဖြစ်​သော်လည်း ၁၈ ရာစုနှစ်​တွင် ပြင်သစ် မင်း မိဖုရား မှူးကြီးမတ်ရာ သေ​နာ​ပ​တိ​တို့​က အကောင်းတကာ့ အကောင်းဆုံး​ဖြစ်သော ဤ​ယမကာ​ကို တွေ့ ရှိလာ​ကြသည်။ သို့ရာတွင် ဂရုပြု​သင့်​သည့်​အချက်​မှာ ပြင်သစ်​ပြည် ရှမ်ပိန်​ဒေသ​မှ​ထွက်​ရှိသည့် ဝိုင်ကို​မှ ရှမ်ပိန်​ဝိုင်​အစစ်​ဟု ခေါ်ဆို​သတ်မှတ်​ကြသည်။ ယင်း​ဝိုင်ကို​ပြုလုပ်​သည့် စပျစ်​သီး​ပင်​လျှင် ထို​ဒေသ​ထွက် စပျစ်​သီး​များ ဖြစ်​ဖို့​လို​သည်။

ရှမ်ပိန်​ဒေသ​၏ အောက်ခံ​မြေလွှာ​သည် ပေ ၃၃၀ အနက်​အထိ ထုံး​ကျောက်​များ​ဖြစ်​ပြီး အပေါ်ယံ​တွင် ပါးလွှာ​သည့် နုန်းမြေ​တစ်​လွှာ ဖုံးအုပ်​လျက်​ရှိသည်။ * ထူးခြားသော ဤ​အင်္ဂါရပ်​က အမြဲတမ်း စိုထိုင်း​မှု ဖြစ်စေ​သည့်​အပြင် ညဘက်​တွင် မြေကြီး​သည် နေ့​ဘက်က စုပ်ယူ​စုဆောင်း​ထား​သည့် အပူ​ကို ထုတ်လွှတ်​သည်။ ထို့​အပြင် စပျစ်​ပင်​များသည် မြေကြီး​ထဲ​သို့ ပေ ၃၀ မ​က အနက်​ထိ အမြစ်​ဆင်း​ခြင်း​ဖြင့် ယင်း​ဝိုင်​၏ ကောင်းခြင်း​လက္ခဏာ အဖြာဖြာ​အတွက် မရှိမဖြစ်​လိုအပ်​သည့် သတ္တု​ဓာတ်​များ​ကို လွယ်​လင့်​တကူ စုပ်ယူ​စေနိုင်​သည်။

ရှမ်ပိန်​ဟု အမည်တွင်​သော ထို​ဒေသ​သည် ဧ​က ၉၀,၀၀၀ ခန့်​ကျယ်ဝန်း​၍ စပျစ်​ခြံ​များ​က ခန့်မှန်းခြေ​အားဖြင့် ဧ​က ၇၀,၀၀၀ ခန့်​နေရာယူ​ထား​သည်။ ၁၉၈၅ ခုနှစ်​တွင် အပူချိန် သု​ည​အောက် ၂၂ ဒီဂရီ ဖာရင်ဟိုက်​အထိ ကျဆင်း​ခဲ့​သဖြင့် နှင်း​ခါး​ရိုက်​၍ အပင်များ ပျက်စီး​ခဲ့​သကဲ့သို့ ပျက်စီးမှု​နည်းပါး​စေရန်​အတွက် စပျစ်​ပင်​များ​ကို တောင်စောင်း​များ​၏ အမြင့်​ပိုင်း​တွင် စိုက်​ပျိုး​ကြသည်။ စိုက်​ပျိုး​သည့် စပျစ်​သီး အမျိုးအစား သုံးမျိုး​မှာ အနက်ရောင် စပျစ်​သီး​များ​ဖြစ်​ကြ​သည့် ပီ​နိုး မြူ​ညား (Pinot Meunier) နှင့် ပီ​နိုး န​ဝါး (Pinot Noir) နှင့် အဖြူရောင် စပျစ်​သီး​ဖြစ်သည့် ရှား​ဒန်း​နေး (Chardonnay) တို့​ဖြစ်​ကြသည်။ *

အ​မြှုပ်​နည်းသော စပျစ်​ဝိုင်

ဆွတ်ခူး​လာ​သည့် စပျစ်​သီး​များ​ကို ၎င်းတို့၏​အခွံ​မှ အရောင်​များ အရည်​ထဲ​သို့ ရောနှော​၍ ပါ​မသွား​စေရန် ကြီးမား​၍ ဇောက်​တိမ်​သော အရည်​ညှစ်​စက်​များ​အတွင်း​သို့ ချက်ချင်း​ထည့်၍ အရည်​ညှစ်​ယူ​သည်။ စပျစ်​သီး လေး​တန်​ကို ပထမ​အကြိမ် ညှစ်​ယူ​ရာ​၌ ထွက်​ရှိသည့် ကူ​ဗေး (cuvée) ၅၄၀ ဂါလံ​ကို အကောင်းဆုံး​ဝိုင် ပြုလုပ်​ရန်​အတွက်သာ အသုံးပြု​သည်။ နောက်ထပ်​နှစ်ကြိမ် ညှစ်​ယူ​သည့်​အခါ အရည်အသွေး​ညံ့​သည့် စပျစ်​ရည် ၁၁၀ ဂါလံ​နှင့် ၅၄ ဂါလံ အသီးသီး ထွက်​ရှိသည်။ ၎င်းနောက်​ပိုင်း ထွက်​ရှိသည့် စပျစ်​ရည်​သည် ရှမ်ပိန်​အစစ် မဟုတ်​တော့​ပေ။

ဝက်​သစ်​ချ​စ​ည် သို့​မဟုတ် သတ္တု​စ​ည်​များ​အတွင်း​၌ တဆေး​များသည် တိတ်ဆိတ်​စွာ​ဖြင့် သီတင်းပတ်​အတန်ကြာ ၎င်းတို့၏​အလုပ်ကို လုပ်ဆောင်ကြ​သည်။ အဏုဇီဝ​ရုပ်​များသည် အရည်​ထဲ​မှ သကြား​များ​ကို စားသောက်​၍ စွန့်ပစ်​ပစ္စည်း​များ​အဖြစ် အရက်​နှင့် ကာဗွန်​ဒို​င်​အောက်​ဆိုက်​ကို ထုတ်လုပ်​ကြသည်။ ဤ​ပထမ​အကြိမ် က​ဇော်​ဖောက်​ခြင်း​သည် ကျန်​အခြား​ဝိုင်​များ က​ဇော်​ဖောက်​သကဲ့သို့ပင်​ဖြစ်သည်။ ဤနည်းဖြင့် အ​မြှုပ်​နည်းသော စပျစ်​ဝိုင်ကို ရရှိ​သည်။ နောက်​တစ်ဆင့်​အနေ​နှင့် ဤ​ထူးကဲ​သော စပျစ်​ဝိုင်ကို အ​မြှုပ်​တ​စီ​စီ​ထ​သော အနံ့​အရသာ​ထူးကဲ​သည့် ယမကာ​အဖြစ်သို့ ပြောင်းလဲ​စေ​သည်။

အ​မြှုပ်​နည်းသော စပျစ်​ဝိုင်ထဲ​၌​ပါဝင်​သည့် သကြားဓာတ်​ကို တိုင်းတာ​၍ တစ်​ကွတ်​လျှင် တစ်​အောင်​စ​နှုန်း​ခန့် (စပျစ်​ရည် ၁ ပိဿာ​လျှင် သကြား ၂ ကျပ်​ခွဲ​သား​ခန့်) ရှိ​လာအောင် စပျစ်​ဝိုင်​အဟောင်း​တွင် ဖျော်​ထားသော ကြံ​သကြား​ပါဝင်​သည့် အရက်​ချို​ပြင်း​ကို ထည့်​ပေး​သည်။ ထို့နောက် ရရှိ​လာ​သည့် စပျစ်​ဝိုင်ကို ပုလင်း​ထဲ​ထည့်၍ ယာယီ​အ​ဆို့​ဖြင့် ပိတ်​ထား​လိုက်​သည်။ ဤ​ပုလင်း​တို့ကို လ​အတန်ကြာ​အောင် ၅၀ ဒီဂရီ ဖာရင်ဟိုက်​ရှိသည့် မြေအောက်ခန်း​တွင် လှဲ​လျက်​အနေအထား​ဖြင့် အစီ​အ​ရီ​ဆ​င့်​ထား​သည်။ ဤ​ကာလ​အတွင်း တဆေး​သည် သကြား​ကို တ​ဝ​စားခြင်း​ဖြင့် တဖြည်းဖြည်း​နှင့် ဒုတိယ​အကြိမ် က​ဇော်​ဖောက်​ခြင်း စတင်​သည်။ အဏုဇီဝ​ရုပ်​များသည် နောက်​တစ်ကြိမ် သကြား​ကို စားခြင်း​ဖြင့် ကာဗွန်​ဒို​င်​အောက်​ဆိုက် ပိုမို​ထုတ်လုပ်​ကြသည်။ သို့သော် ဤ​တစ်ကြိမ်​တွင် ကာဗွန်​ဒို​င်​အောက်​ဆိုက်​သည် စ​ည်​အတွင်း ရှိ​စဉ်​က​ကဲ့သို့ အပြင်​သို့ စိမ့်​မ​ထွက်​နိုင်​ဘဲ ပုလင်း​အတွင်း​၌ ပိတ်မိ​နေ​သဖြင့် တွန်း​ကန်​အား​သည် တဖြည်းဖြည်း​နှင့် သဘာဝ​လေထု​ဖိအား​၏ ခြောက်​ဆ​ဖြစ်လာ​သည်။ အ​ဆို့ ဖွင့်လိုက်​သည့်​အခါ ငါး​လီတာ ခြောက်​လီတာ​မျှ​သော ဓာတ်ငွေ့​များ​ထွက်​လာ​သဖြင့် သန်းပေါင်း​များစွာ​သော လင်းလက်​သည့် ဗလုံလေးများ​ကို ဖြစ်ပေါ်​စေ​သည်။

ထို​မျှ​လောက်​သော တွန်း​ကန်​အား​ကို ခံနိုင်​ရန်​အတွက် ပုလင်း​များသည် ခိုင်ခံ့မှု ရှိ​ရမည့်​အပြင် လုံလုံခြုံခြုံ ပိတ်ဆို့​ထား​ဖို့​လည်း လိုအပ်​သည်။ ရှေး​ယခင်​က ဤ​ပြဿနာ​သည် ထုတ်လုပ်သူ​တို့အတွက် အတော်အတန် အကျပ်ရိုက်​သည့် ကိစ္စ​ဖြစ်​ခဲ့​သည်။ သာဓက​အားဖြင့် စပျစ်​ဝိုင် အတ္ထုပ္ပတ္တိ စာအုပ်​တွင် စာရေးသူ ဟျူး ဂျွန်​ဆင်​က ၁၉ ရာစုနှစ် အကုန်ပိုင်း​တွင် “ပေါက်ကွဲ​လွင့်စင်​လာ​သည့် ဖန်​စ​များ​မှ မျက်နှာကို အကာအကွယ်​ပေး​သည့် သတ္တု​မျက်နှာဖုံး မပါဘဲ ရှမ်ပိန်​ဝိုင်​ထား​ရာ မြေအောက်ခန်း​အတွင်း​သို့ အရဲစွန့်​၍ ဝင်ရောက်ခြင်း​သည် အလွန်​ပင် ဉာဏ်​အမြော်အမြင်​မဲ့​သည်။ အထူးသဖြင့် နွေဦး​ရာသီ​တွင်​ဖြစ်သည်“ ဟု​ဖော်ပြ​ထား​သည်။

သို့သော်လည်း ရှမ်ပိန်​ဝိုင် ပြုလုပ်​မှု​သည် ဤမျှ​နှင့် မပြီးသေး​ပါ။ စပျစ်​ဝိုင်ကို နောက်ကျိ​စေ​တတ်သော သေဆုံး​သွား​သည့် တဆေး​ဆဲလ်​များနှင့် ဓာတ်​ဆား​များ စုပုံ​ဖြစ်ပေါ်​သည့် အနည်အနှစ်​ကို ဖယ်ရှားပစ်​ရဦး​မည်။ ဤ​အလုပ်​သည် ထုံးစံ​အတိုင်း ပုလင်း​လှည့်​သူများ​ဖြစ်သည့် remueurs တို့၏​အလုပ်​ဖြစ်သည်။ ပုလင်း​လှည့်​သူတို့က ပုလင်း​လည်ပင်း​ကို အောက်ဘက်​သို့ တစ်ပတ်​၏ ရှစ်​ပုံ​တစ်​ပုံ​မှ လေး​ပုံ​တစ်​ပုံ​အထိ အဆင့်ဆင့် နေ့စဉ် စောင်း​ပေး​ကြသည်။ အချို့​လုပ်သားများ​သည် တစ်​နာရီ​လျှင် ပုလင်း ၁၀,၀၀၀ အထိ လှည့်​နိုင်​သည်။ သာမန် ရှမ်ပိန်​ဝိုင်​အတွက်​မူ ဤ​အလုပ်ကို တစ်စ​တစ်စ​နှင့် စက်​များ​ဖြင့် အစားထိုး လုပ်ကိုင်​လာ​ကြသည်။

အပြီးသတ် အနုစိတ် မွမ်းမံမှု

နောက်ဆုံး​တွင် အနည်အနှစ်​များသည် ပုလင်း​လည်ပင်း​တွင် စု​လာ​ကြသည်။ ယင်းကို dégorgement (အန်ထုတ်​ခြင်း) ခေါ် နည်း​စနစ်​ဖြင့် ဖယ်ထုတ်​သည်။ ပုလင်း​ကို ဇောက်ထိုး​ကိုင်​၍ ပုလင်း​လည်ပင်း​ကို သု​ည​အောက် ၁၇ ဒီဂရီ ဖာရင်ဟိုက်​ရှိသည့် ဆား​ပျော်​ရည်​တွင် စိမ်ထား​သည်။ ထို​နောက် ပုလင်း​ကို အမြန်​ဖွင့်လိုက်​သည့်​အခါ အတွင်း​တွန်း​ကန်​အား​က အေးခဲ​နေသည့် အနည်အနှစ်​ကို အပြင်​သို့ တွန်း​ထုတ်ပစ်​လိုက်​သည်။ ထွက်သွား​သည့် ပမာဏ​ကို ဖြည့်စွက်​သည့်​အနေ​နှင့် အရက်​ချို​ပြင်း​အသစ်​ကို ပြန်​ဖြည့်ပေး​သည်။ ရှမ်ပိန်​ဝိုင်​သည် သုံးစွဲ​သူတို့၏ အကြိုက်ကို​လိုက်၍ ချို​ပေါ့​ဝိုင်၊ ချိုမြမြ​ဝိုင်​နှင့် ဝိုင်​ချို​ဟူ၍ ပါဝင်​သည့်​သကြားဓာတ်​က သတ်မှတ်​ပေး​သည်။ ယခု​သော် နောက်ဆုံး​အနေ​နှင့် ဝိုင်​ပုလင်း​များ​ကို အထူးပြု​လုပ်ထား​သည့် ဖော့ဆို့​ဖြင့် အလုံပိတ်​သည်။ ၎င်း​ဖော့ဆို့​များသည် တဖြည်းဖြည်း​နှင့် ရှမ်ပိန်​ဝိုင်​၏ ဝိ​သေ​သ​လက္ခဏာ တစ်ခု​ဖြစ်သည့် ထူးခြားသော မှို​ပွင့်​သဏ္ဌာန် ဖြစ်လာ​ကြသည်။

ဖော့ဆို့​များ​ကို အသေအချာ ခိုင်ခိုင်​မြဲ​မြဲ ပိတ်ဆို့​ထား​ရန်လို​သည်။ အစပိုင်း​၍ ပိုက်ဆံ​လျှော်ကြိုး​ကို အသုံးပြု​ခဲ့​ရာ​၌ မြေအောက်ခန်း​များ​၏ စိုထိုင်း​မှု​ကြောင့် ကြိုး​များ​ဆွေးမြေ့​တတ်​သဖြင့် မအောင်မြင်​ခဲ့​ချေ။ ၎င်းနောက် ရိုးရိုး သတ္တု​နန်းကြိုး​ကို အသုံးပြု​ခဲ့​သော်လည်း သံချေး​တက်​သဖြင့် ဖော့ဆို့​ကို ပြတ်တောက်​စေ​သည်။ နောက်ဆုံး​၌ စိတ်ကူး​နောက်​တစ်မျိုး ရလာ​သည်– ဖော့ဆို့​အပေါ်​တွင် သတ္တု​အဖုံး​အုပ်​၍ လွန်း​တင်ထား​သည့် နန်းကြိုး​အ​စွပ်​ဖြင့် နေသားကျ​အောင် ထိန်းထား​သည်။ လွန်ခဲ့သော​နှစ်ပေါင်း ၁၅၀ ကျော်​အတွင်း ပုလင်း​များ​ကို ဤနည်းဖြင့် အလုံပိတ်​ခဲ့​ကြသည်။ နောက်ဆုံး​အနေ​နှင့် သတ္တု​လွှာ​အကွပ်​ကွပ်​၍ အလှ​တန်ဆာဆင်​ပေး​သည့် အမှတ်​တံဆိပ် ကပ်​ပေး​သည်။

မနာလို​စ​ရာ ယမကာ

စပျစ်​ဝိုင်​ပြုလုပ်​သည့် ဒေသ​များစွာ​သည် အလားတူ​သော အ​မြှုပ်​ဗလုံစီ​ထ​သည့် စပျစ်​ဝိုင်​များ​ကို နည်းလမ်း​ရှာကြံ ထုတ်လုပ်​လာ​ခဲ့​ကြသည်။ သို့ရာတွင် ထုတ်လုပ်ပုံ နည်း​စနစ်​ချင်း တူ​သည့်​တိုင်အောင် ၎င်း​ပစ္စည်း​ကို အ​မြှုပ်​ဗလုံစီ​ထ​သော စပျစ်​ဝိုင်​ဟု​သာ ခေါ်​နိုင်​သည်။ ရှမ်ပိန်​ဝိုင်​ဟု ခေါ်​၍​မရ​ပေ။ ရှမ်ပိန်​ဟူသော​အမည်​ကို မှတ်ပုံတင်​ထား​၍​ဖြစ်သည်။ များ​မကြာမီ​က ပြင်သစ် ဖက်ရှင် ပုံစံ​ထုတ်​သူ​တစ်ဦး​က ရှမ်ပိန်​ဟု​ခေါ်​သည့် ရေမွှေး​တစ်မျိုး​ကို ဖြန့်ချိ​လိုက်​သည့်​အခါ တရားစွဲ​ခံ​ခဲ့​ရသည်။ အယ်​လ်​ဒါ​ပန်း​ဖြင့် ပြုလုပ်​၍ ရှမ်ပိန်​ပုလင်း​နှင့်​တူ​သည့် ပုလင်း​ဖြင့်​ထည့်​ကာ အယ်​လ်​ဒါ​ပန်း ရှမ်ပိန် အမည်ပေး​ထား​သည့် ယမကာ​တစ်မျိုး​ကို ဈေးကွက်​တင်​ရောင်းချ​သည့် အင်္ဂလိပ်​လူမျိုး​တစ်ဦး​လည်း အလားတူ​ဖြစ်ရပ်​မျိုး ကြုံတွေ့ ခဲ့​ရသည်။

စီးပွားရေး​လုပ်ငန်း အများ​နည်းတူ ရှမ်ပိန်​လုပ်ငန်း​သည်လည်း စီးပွားရေး အကျပ်အတည်း​နှင့် ကြုံတွေ့ ခဲ့​ရသည်။ ၁၉၈၉ ခုနှစ်​တွင် ပုလင်း​ပေါင်း ၂၄၉ သန်း​အထိ စံချိန်​တင် ထုတ်လုပ်​ပြီး​နောက် ရောင်းအား ကျဆင်း​ခဲ့​သဖြင့် များစွာ​ပိုလျှံ​ခဲ့​သည်။ ယနေ့​တွင် စပျစ်​သီး စိုက်​ပျိုး​သူတို့က အရည်အသွေးကို ဦးစားပေး​သည့်​အနေ​နှင့် ထုတ်လုပ်မှု​ကို ကန့်သတ်​ထား​ကြသည်။

အလင်းရောင်​မရှိ၊ အပူချိန် အပြောင်းအလဲ​မရှိသည့် နေရာ၌ ရှမ်ပိန်​ဝိုင်ကို နှစ်​အနည်းငယ်​ကြာ​အောင် သိုလှောင်​ထား​နိုင်​သော်လည်း ထုတ်လုပ်သည့် ကုမ္ပဏီ​က နှစ်​ချို့​ခံ​ပြီး​သား​ဖြစ်သည်။ ထို့​ကြောင့်၊ ရှမ်ပိန်​ဝိုင်ကို ဝယ်ပြီး​သည်​နှင့် သောက်သုံး​နိုင်​သည်။ မည်သို့ တည်ခင်း​သင့်​သနည်း။ ရှမ်ပိန်​ဝိုင်ကို ၄၃ နှင့် ၄၈ ဒီဂရီ ဖာရင်ဟိုက်​ရှိအောင် အအေး​ခံ​သင့်​သည်။ အကောင်းဆုံးနည်း​မှာ ရေ​နှင့် ရေခဲ​တုံး​လေး​များ ထည့်​ထား​သည့် ပုံး​တစ်ခု​ထဲ ပုလင်း​ကို စိမ်ထား​ခြင်း​ဖြစ်သည်။ ၎င်းနောက် ရှည်​မျော​မျော ဖန်ခွက်​ထဲ ငှဲ့​ထည့်ခြင်း​ဖြင့် အ​မြှုပ်​ဗလုံစီ​များ တက်လာ​သည်ကို ဝင့်ကြွား​သည့်​ပီတိ​ဖြင့် ခံစား​နိုင်​ပေ​သည်။

ဗလုံလေးများ​၏ လျှို့ဝှက်ချက်​ကို ယခု ဖော်ထုတ်​ပြီး​ဖြစ်​ရာ သင့်​အနေ​ဖြင့် အနံ့​အရသာ​နှင့် ပြည့်စုံသော ဤ​ယမကာ​ကို မြည်းစမ်း​ရန် အခွင့်အရေး ကြုံ​လာ​ခဲ့​သော် ယင်းကို​ထုတ်လုပ်​ရာ​၌ လူ​တို့​စိုက်ထုတ်​ခဲ့​သည့် လုံ့လ​ဝီရိယ​ကို သတိရ​လျက် သန်းပေါင်း​များစွာ​သော ဤ​ဗလုံလေးများ​၏ သာယာ​ကြည်နူး​မှု​ကို နှစ်ခြိုက်​စွာ ခံစား​ပါ​လေ။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 6 ထို​ဒေသ​မှ ထုံး​ကျောက်​မြေ​သည် စုစုပေါင်း​မိုင် ၁၅၀ ကျော်​ရှည်လျား​သည့် စပျစ်​ဝိုင်​ထား​ရာ မြေအောက်ခန်း​များ တူးဖော်​ရာ​၌​လည်း လွယ်ကူ​လှ​သည်။ ထို​အခန်း​များ​၏ အပူချိန်​သည် ၅၀ ဒီဂရီ ဖာရင်ဟိုက်​တွင် အမြဲ​ရှိနေ​ရသည်။ ရင်း​မ်စ်​ဒေသ​တွင် ယခု​လက်ရှိ အသုံးပြု​နေသည့် မြေအောက်ခန်း အများစုမှာ ရှေး​ရောမ ကျောက်မိုင်း​များ​၏ အကြွင်းအကျန်​များ ဖြစ်​ကြသည်။

^ အပိုဒ်၊ 7 ထင်ရှား​ကျော်ကြား​သော Blanc de Blancs (အဓိပ္ပာယ်​မှာ အဖြူ​တ​ကာ့ အဖြူ) ကဲ့သို့​သော ရှမ်ပိန်​အချို့​တို့သည် အေ​ပါ​နာ​မြို့​တောင်ဘက် ကော့​ဒေး​ဘ​လ​န် ဒေသ​ထွက် ရှား​ဒန်း​နေး စပျစ်​သီး သက်​သက်​ဖြင့် ပြုလုပ်​ကြသည်။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ရှား​ဒန်း​နေး

ပီ​နိုး န​ဝါး

ပီ​နိုး မြူ​ညား

[Credit Lines]

Photo DUBOIS-Collection C.I.V.C.

Photo collection C.I.V.C.

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

၁ စပျစ်​သီး​များ​ကို ဂရုတစိုက် လက်​ဖြင့် ဆွတ်ခူး​၍ စက်​အား​သုံး​ညှစ်​စက်​ဖြင့် အရည်​ညှစ်​ယူ​သည်

၂ ဝက်​သစ်​ချ​စ​ည်​များ​အတွင်း တဆေး​များ သီတင်းပတ်​အတန်ကြာ က​ဇော်​ဖောက်​ပေး​သည်

၃ ဝိုင်​ပုလင်း​များ​ကို ဒုတိယ​အကြိမ် က​ဇော်​ဖောက်​ရန် စင်​များ​ပေါ်​တွင် သိုလှောင်​ထား​သည်

၄ “အန်ထုတ်​ခြင်း” ခေါ် နည်း​စနစ်​တွင် အနည်အနှစ်​များ​ကို ပုလင်း​ထဲ​မှ ပွင့်​ထွက်​စေ​သည်

[Credit Lines]

Photo M. HETIER-Collection C.I.V.C.

Photo collection C.I.V.C.