မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ အစားအစာကို ကျွန်ုပ်တို့ ဘာပြုလုပ်နေကြသနည်း

ကျွန်ုပ်တို့၏ အစားအစာကို ကျွန်ုပ်တို့ ဘာပြုလုပ်နေကြသနည်း

ကျွန်ုပ်တို့၏ အစားအစာကို ကျွန်ုပ်တို့ ဘာပြုလုပ်နေကြသနည်း

အစားအစာကို ပြုပြင်ပြောင်းလဲခြင်းသည် အသစ်အဆန်းမဟုတ်ပေ။ စင်စစ်ဆိုလျှင် လူမျိုးဆက်များစွာချီ၍ လူတို့သည် အစားအစာများကို ကျွမ်းကျင်စွာ ပြုပြင်ပြောင်းလဲခဲ့ကြပြီ။ စနစ်တကျ မျိုးစပ်ပွားနည်းပညာများကြောင့် ကောက်ပဲသီးနှံ၊ ကျွဲနွားနှင့်သိုး မျိုးကွဲအသစ်များစွာ ပေါ်ထွန်းခဲ့သည်။ အမှန်အားဖြင့် အမေရိကန်ပြည်ထောင်စု အစားအစာနှင့် ဆေးဝါး စီမံခန့်ခွဲရေးအဖွဲ့၏ ကိုယ်စားလှယ်တစ်ဦးက “သင်ဝယ်ယူသည့် အစားအစာ အားလုံးဆိုရမလောက်သည် အစဉ်အလာ မျိုးစပ်ပွားနည်းဖြင့် ပြုပြင်ပြောင်းလဲပြီးသားဖြစ်သည်” ဟုဖော်ပြသည်။

မျိုးစပ်ပွားခြင်းသည် အစားအစာကို ပြုပြင်ပြောင်းလဲသည့် တစ်ခုတည်းသောနည်းလမ်း မဟုတ်ပေ။ အစားအစာထုတ်လုပ်ရေးလုပ်ငန်းသည် အစားအစာများကို အနံ့အရသာ ရှိစေရန်၊ အရောင်အဆင်း လှစေရန်၊ စံကိုက်စေရန်နှင့် တာရှည်ခံစေရန်အတွက် အစားအစာများကို စီမံပြုပြင်ထုတ်လုပ်သည့် နည်းစနစ်များစွာကို တီထွင်ထားကြသည်။ လူတို့သည် တစ်နည်းမဟုတ် တစ်နည်းနည်းဖြင့် ပြုပြင်ပြောင်းလဲထားသည့် အစားအစာများကို စားနေကျဖြစ်၍ ကျင့်သားရနေကြပြီဖြစ်သည်။

သို့သော် စားသောက်ကုန် ထုတ်လုပ်ရာ၌ ယခုအခါ အသုံးပြုလျက်ရှိသည့် လုပ်နည်းစနစ်နှင့်ပတ်သက်၍ အထိတ်တလန့်ဖြစ်သည့် စားသုံးသူဦးရေ တိုးများလျက်ရှိသည်။ အကြောင်းမူကား လက်ရှိအသုံးပြုနေသည့် ခေတ်သစ်နည်းပညာများသည် အစားအစာ၏ စိတ်ချရမှုကို ထိခိုက်စေသည်ဟု လူအချို့က စိုးရိမ်နေကြသောကြောင့်တည်း။ ဤအထိတ်တလန့်ဖြစ်ခြင်းသည် အကြောင်းခိုင်လုံပါသလော။ စိုးရိမ်ပူပန်ရခြင်းအကြောင်း သုံးရပ်ကို ကျွန်ုပ်တို့ ဆန်းစစ်ကြည့်ကြပါစို့။ *

ဟော်မုန်းဆေးများနှင့် ပဋိဇီဝဆေးများ

၁၉၅၀ ပြည့်လွန်နှစ်များမှစ၍ အချို့ဒေသများတွင် မွေးမြူရေး ကြက်၊ ဝက်၊ နွားစာများတွင် ပဋိဇီဝဆေး ပမာဏအနည်းအကျဉ်း ထည့်ကျွေးခဲ့ကြသည်။ ရည်ရွယ်ချက်မှာ ရောဂါဖြစ်ပွားမည့် အန္တရာယ်ကို လျော့ချရန်အတွက်ဖြစ်သည်။ အထူးသဖြင့် တိရစ္ဆာန်များကို စုပြုံ၍ မွေးမြူသည့်နေရာများ၌ ထိုသို့ပြုလုပ်ကြသည်။ အချို့တိုင်းပြည်များတွင် တိရစ္ဆာန်ကြီးထွားနှုန်း မြန်စေရန် တိရစ္ဆာန်အစာတွင်လည်း ဟော်မုန်းဆေးများ ထည့်ကျွေးကြသည်။ ဟော်မုန်းဆေးများနှင့် ပဋိဇီဝဆေးများသည် တိရစ္ဆာန်များကို ကူးစက်ရောဂါများမှ ကာကွယ်ပေးပြီး အားသွန်စိုက်ပျိုးမွေးမြူခြင်းလုပ်ငန်းကို ပိုမို အကျိုးအမြတ် ထွက်စေသည့်အပြင် စားသုံးသူများအတွက်လည်း ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်သည့် အကျိုးရရှိသည်ဟု ဆိုကြသည်။

အထက်ပါကောက်ချက်သည် မဆိုးလှပါ။ သို့သော် အဆိုပါ ဖြည့်စွက်စာများစားသည့် တိရစ္ဆာန်များ၏အသားတွင် စားသုံးသူများအား ဘေးဥပဒ်ဖြစ်စေနိုင်သည့်အရာ တစ်စုံတစ်ရာ ပါမလာနိုင်ပေလော။ ဥရောပ မိသားစုအဖွဲ့၊ စီးပွားရေးနှင့် လူမှုရေး ကော်မတီမှ တင်သွင်းသည့် အစီရင်ခံစာတစ်စောင်၌ ဘက်တီးရီးယားပိုးများသည် ပဋိဇီဝဆေးများနှင့် ယဉ်ပါး၍ ဆေးဒဏ်ကို ခံနိုင်ရည်ရှိလာပြီး စားသုံးသူတို့ထံ ကူးစက်လာနိုင်စရာရှိသည်ဟု ကောက်ချက်ချထားသည်။ “ဆာမွန်နယ်လာနှင့် ကဲမ်ပီလောဘက်တာ ကဲ့သို့သော ဘက်တီးရီးယားပိုး အချို့တို့သည် ဆင့်ကဲစားစဉ်မှတစ်ဆင့် လူတို့တွင် ပြင်းထန်သည့် ရောဂါများကို ဖြစ်ပွားစေသည့် တိုက်ရိုက်ကျသော အကြောင်းတရား ဖြစ်ဖွယ်ရှိကြောင်း” ၎င်းအစီရင်ခံစာက တွေ့ရှိသည်။ ၎င်းပြင်၊ ဆင့်ကဲစားစဉ်၌ ဘက်တီးရီးယားများ သာမကဘဲ ပဋိဇီဝဆေးများ၏ အကြွင်းအကျန်များလည်း ပါရှိနေလျှင်ကော မည်သို့ဖြစ်မည်နည်း။ အကျိုးဆက်အနေနှင့် လူတို့၌ ရောဂါဖြစ်ပွားစေသည့် ရောဂါပိုးများသည် တစ်စတစ်စနှင့် ပဋိဇီဝဆေးများ ခံနိုင်ရည်ရှိလာမည်ကို စိုးရိမ်ထိတ်လန့်မှု တိုးပွားလာသည်။

ဟော်မုန်းဆေးကျွေးထား၊ ထိုးထားသည့် အသားများကော မည်သို့ဆိုမည်နည်း။ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှ ပါမောက္ခ တစ်ဦးဖြစ်သူ ဒေါက်တာ ဟိုင်းရစ်ခ် ကာ့ခ်က ဤသို့မှတ်ချက်ချသည်– “လမ်းညွှန်ချက်များနှင့်အညီ ဟော်မုန်းဆေးများ တိုက်ကျွေးထိုးနှံမည်ဆိုလျှင် ဟော်မုန်းဓာတ်ကျွေးထား၊ ထိုးထားသည့် တိရစ္ဆာန်များ၏အသားသည် ကျန်းမာရေးကို မထိခိုက်ကြောင်း ကျွမ်းကျင်သူပညာရှင်အားလုံးက သဘောတူလက်ခံကြသည်။” သို့ရာတွင် ဟော်မုန်းဆေးကျွေးထားသည့် တိရစ္ဆာန်များ၏အသားသည် စိတ်ချရခြင်း ရှိမရှိနှင့်ပတ်သက်၍ “လွန်ခဲ့သည့် ၁၅ နှစ်အတွင်း သုတေသီများသည် တူညီသည့် အမြင်သဘောထား မချနိုင်ခဲ့ကြောင်း” ဒီဗောကာ သတင်းစာကဆိုသည်။ ပြင်သစ်နိုင်ငံတွင် အသား၌ ဟော်မုန်းဆေးပါဝင်သည့် ပြဿနာနှင့်ပတ်သက်၍ ပြည်သူတို့က ‘ဟော်မုန်းဆေးများ လုံးဝလက်မခံ!’ ဟူသောကြွေးကြော်သံဖြင့် အဖြေပေးပြီးဖြစ်သည်။ ဤအငြင်းပွားမှုသည် အပြီးသတ် ဖြေရှင်းနိုင်ခြင်းမရှိသည်မှာ ရှင်းနေပါသည်။

ဓာတ်ရောင်ခြည်ပေး၍ ပြုပြင်ထားသော အစားအစာများ

၁၉၁၆ ခုနှစ်တွင် ဆွီဒင်နိုင်ငံ၌ စတင် စမ်းသပ်လုပ်ဆောင်ခဲ့ချိန်မှစ၍ အာလူး၊ ပြောင်း၊ သစ်သီးနှင့် အသား ကဲ့သို့သော စားသောက်ကုန်များကို အားပျော့သော ဓာတ်ရောင်ခြည်ပေးသည့် အလေ့အထကို အနည်းဆုံး ၃၉ နိုင်ငံက လက်ခံအတည်ပြုခဲ့ကြပြီ။ အဘယ်ကြောင့် ဓာတ်ရောင်ခြည် ပေးရသနည်း။ ဓာတ်ရောင်ခြည်ပေး၍ ပြုပြင်ခြင်းဖြင့် ဘက်တီးရီးယားပိုးများ၊ အင်းဆက်ပိုးများနှင့် ကပ်ပါးကောင်များ အများစုကို သေကျေစေသဖြင့် စားသုံးသူများအား အစားအစာကြောင့် ဖြစ်ပွားသည့်ရောဂါများ ကူးစက်မည့်အန္တရာယ်ကို လျော့ပါးစေသည်ဟု ဆိုကြသည်။ ထုတ်ကုန်ပစ္စည်း ပို၍အထားခံသည်။

အစားအစာသည် သန့်ရှင်းလတ်ဆတ်လျှင် အကောင်းဆုံးဖြစ်သည်ဟု ကျွမ်းကျင်သူပညာရှင်များက ပြောဆိုကြသည်မှာ မှန်သော်လည်း မည်သူက အချိန်အကုန်ခံ၍ သန့်ရှင်းလတ်ဆတ်သည့် အစားအစာများကို မှန်မှန် ပြင်ဆင်ကြသနည်း။ စမ်းသပ်ခြင်း မဂ္ဂဇင်း ဖော်ပြချက်အရ “နံနက်စာအတွက် ဆယ်မိနစ်၊ နေ့လယ်စာနှင့် ညစာတို့အတွက် ဆယ့်ငါးမိနစ်စီ” သည် သာမန်လူတစ်ဦး အစာစားရန် အသုံးပြုသည့်အချိန်ဖြစ်သည်။ ထို့ကြောင့် စားသုံးသူအများတို့သည် အသင့်စားနိုင်သည့်အစာနှင့် ကြာကြာအထားခံသည့် အစာများကို ပို၍နှစ်သက်ကြသည်မှာ အံ့ဩစရာမဟုတ်ပေ။ သို့သော် ဓာတ်ရောင်ခြည်ပေး၍ ပြုပြင်ထားသည့် အစားအစာများသည် စိတ်ချရပါသလော။

၁၉၉၉ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နိုင်ငံတကာ ကျွမ်းကျင်သူပညာရှင်များ အဖွဲ့တစ်ဖွဲ့က လုပ်ဆောင်သည့် လေ့လာမှုတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ၎င်းတို့က ဓာတ်ရောင်ခြည်ပေး၍ ပြုပြင်ထားသည့် အစားအစာသည် “စိတ်ချစွာ စားသုံးနိုင်သည့်အပြင် အာဟာရလည်း ပြည့်ဝသည်” ဟုကောက်ချက်ချထားသည်။ ထောက်ခံသူတို့က အစားအစာကို ဓာတ်ရောင်ခြည်ပေး၍ ပြုပြင်ခြင်းကို ဓာတ်ရောင်ခြည်ပေး၍ ဆေးပတ်တီးများကို ပိုးသတ်ခြင်းနှင့်လည်းကောင်း၊ လေဆိပ်တွင် အထုပ်အပိုး ဝန်စည်စလယ်များကို အီလက်ထရောနစ် စကင်နာအတွင်း ဖြတ်သန်းစေခြင်းနှင့်လည်းကောင်း နှိုင်းယှဉ်ကြသည်။ သို့သော် အပြစ်မြင်သူတို့ကမူ ဓာတ်ရောင်ခြည်ပေး၍ ပြုပြင်ခြင်းဖြင့် အစားအစာ၏ ပင်ကိုအာဟာရတန်ဖိုးကို ယုတ်လျော့စေသည့်ပြင် ယခုလောလောဆယ် မသိရသေးသည့် ဘေးအန္တရာယ်များပင် ဖြစ်စေနိုင်သည်ဟု အခိုင်အမာ ဆိုကြသည်။

မျိုးရိုးဗီဇ ပြုပြင်မွမ်းမံထားသည့် အစားအစာများ

မျိုးရိုးဗီဇပညာရှင်များသည် သက်ရှိဇီဝရုပ်တစ်ခု၏ ဒီအင်အေမှ ဗီဇတစ်ခုကို အခြားအမျိုးတူ ဇီဝရုပ်တစ်ခု၏ ဒီအင်အေအတွင်း ပြောင်းရွှေ့နိုင်သည်မှာ ကာလအတန်ကြာပြီဖြစ်သည်။ သို့သော် ယခုခေတ်တွင် မျိုးရိုးဗီဇပညာရှင်တို့သည် ထိုထက်မက လုပ်ဆောင်လာနိုင်ကြသည်။ သာဓကအားဖြင့်၊ အအေးဒဏ် ပို၍ခံနိုင်ရည်ရှိအောင် စတော်ဘယ်ရီသီးနှင့် ခရမ်းချဉ်သီးတို့ကို ငါးတစ်မျိုး၏ဗီဇဖြင့် ပြုပြင်ထားသည်။

မျိုးရိုးဗီဇ ပြုပြင်မွမ်းမံထားသည့် အစားအစာများနှင့်ပတ်သက်၍ ထောက်ခံချက်နှင့် ကန့်ကွက်ချက်အကြောင်း များစွာ ပြောဆိုခဲ့ကြပြီဖြစ်သည်။ * ထောက်ခံသူတို့က ဤဇီဝနည်းပညာ အမျိုးအစားသည် သမားရိုးကျ ပျိုးပင်ဖောက်သည့်နည်းထက် ပို၍ ခန့်မှန်းတွက်ဆနိုင်ရုံမက ပို၍လည်း ထိန်းချုပ်နိုင်သဖြင့် သီးနှံထွက်နှုန်းကို တိုးစေနိုင်သည့်အပြင် ငတ်မွတ်ခြင်းဘေးကိုလည်း လျော့နည်းစေမည်ဟု ဆိုကြသည်။ သို့သော် မျိုးရိုးဗီဇ ပြုပြင်မွမ်းမံထားသည့် အစားအစာများသည် စားသုံးရန် စိတ်ချရပါသလော။

ဤအကြောင်းအရာနှင့် စပ်လျဉ်း၍ အင်္ဂလန်၊ အမေရိကန်ပြည်ထောင်စုအပြင် ဘရာဇီး၊ တရုတ်၊ အိန္ဒိယ၊ မက္ကစီကိုနှင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများမှ စာပေ၊ အနုပညာ၊ သိပ္ပံ မြှင့်တင်ရေး အသင်းအဖွဲ့များကို ကိုယ်စားပြုသည့် သိပ္ပံပညာရှင်များ အဖွဲ့တစ်ဖွဲ့က အစီရင်ခံစာတစ်စောင် ပြုစုရေးသားခဲ့သည်။ ၂၀၀၀ ပြည့်နှစ် ဇူလိုင်လအတွင်း ပုံနှိပ်ထုတ်ဝေခဲ့သည့် ၎င်းအစီရင်ခံစာက ဤသို့ဆို၏– “ယနေ့အထိ မျိုးခြားအပင်မှ မျိုးပွားယူသော ကောက်ပဲသီးနှံများ ဟက်တာ သန်းပေါင်း ၃၀ [ဧက သန်းပေါင်း ၇၀] ကျော် စိုက်ပျိုးလျက်ရှိပြီး ယင်းမျိုးခြားအပင်မှ မျိုးပွားယူသော ကောက်ပဲသီးနှံများ သို့မဟုတ် ထုတ်ကုန်များကို စားသုံးခြင်းနှင့် ဆက်နွှယ်သော မည်သည့်ကျန်းမာရေး ပြဿနာမျှ မတွေ့ရပါ။” အချို့ဒေသများတွင် ဗီဇပြုပြင်မွမ်းမံထားသည့် ထုတ်ကုန်ပစ္စည်းများကို သမားရိုးကျ အစားအစာများနည်းတူ စိတ်ချရသောအစာအဖြစ် မှတ်ယူကြသည်။

သို့ရာတွင် အခြားဒေသများ၌မူကား မသေချာမရေရာမှုများ ပျံ့နှံ့နေသည်။ ဩစတြေးလျ၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့တွင် ဗီဇပြုပြင်မွမ်းမံထားသည့် အစားအစာများကို အချို့သူတို့က သံသယရှိနေကြသည်။ ဒတ်ခ်ျ နိုင်ငံရေးသမားတစ်ဦးက ဗီဇပြုပြင်မွမ်းမံထားသည့် အစားအစာနှင့်ပတ်သက်၍ “အစားအစာ အမျိုးအစားတချို့ကို ကျွန်တော်တို့ လုံးဝမနှစ်သက်ပါ” ဟူ၍ပြောခဲ့သည်။ ထိုသို့သော အစားအစာနှင့်ပတ်သက်၍ အပြစ်မြင်ဝေဖန်သူတို့က လူ့ကျင့်ဝတ်နှင့်ဆိုင်သော အငြင်းပွားဖွယ်ရာများနှင့် ပတ်ဝန်းကျင်အတွက် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်များကိုလည်း ထောက်ပြကြသည်။

ယခုအချိန်သည် ဗီဇပြုပြင်မွမ်းမံထားသည့် အစားအစာများ၏ ခေတ်ဦးသာရှိသေးသဖြင့် စားသုံးသူများအတွက် ဖြစ်နိုင်ခြေရှိသော ဘေးအန္တရာယ်များအကြောင်း စစ်ဆေးစမ်းသပ်မှုများစွာ ပြုလုပ်ရန်လိုသေးသည်ဟု သိပ္ပံပညာရှင်အချို့က ယူဆကြသည်။ သာဓကအားဖြင့်၊ ဗြိတိသျှ ဆေးပညာရှင်များအသင်းက မျိုးရိုးဗီဇ ပြုပြင်ဖန်တီးမှုသည် ကမ္ဘာ့ပြည်သူတို့ကို အကြီးအကျယ် အကျိုးပြုနိုင်သည့် အလားအလာရှိသည်ဟု ယူဆသည်။ သို့တစေ၊ ဗီဇပြုပြင်မွမ်းမံထားသည့် အစားအစာနှင့် ဓာတ်မတည့်မှု ပြဿနာကဲ့သို့သော ပူပန်စရာအချို့ကိုလည်း ဖော်ပြထားသဖြင့် “နောက်ထပ် သုတေသနလုပ်ရန် လိုနေသေးသည်” ဟူသောသဘောဖြစ်သည်။

မျှမျှတတ ရွေးချယ်ပါ

အချို့တိုင်းပြည်များတွင် စားသုံးသည့်အစားအစာ ၈၀ ရာခိုင်နှုန်းသည် စီမံပြုပြင်ထားသော အစာများဖြစ်သည်။ အရောင်အဆင်းလှ၍ အနံ့အရသာ ပိုပြင်းစေရန်၊ သို့မဟုတ် စံကိုက်စေရန်၊ ပို၍အထားခံစေရန်အတွက် အများအားဖြင့် အဖြည့်ပစ္စည်းများကို ထည့်သုံးကြသည်။ အမှန်အားဖြင့် “ကယ်လိုရီပါဝင်မှုနည်းသော အစားအစာ၊ အဆာပြေစားစရာနှင့် အလွယ်တကူ ပြုပြင်စားသုံးနိုင်သော အသင့်ပြင်ပြီးသည့် အစားအစာများ ကဲ့သို့သော ခေတ်ပေါ် စားသောက်ကုန်ပစ္စည်း အများအပြားသည် အဖြည့်ပစ္စည်းများ မသုံးဘဲ မထုတ်လုပ်နိုင်ကြောင်း” ရည်ညွှန်းကျမ်းတစ်စောင်က အလေးပေးဖော်ပြထားသည်။ ထိုသို့သော အစားအစာများတွင် ဗီဇပြုပြင်မွမ်းမံသည့် အဖြည့်ပစ္စည်းအမည်များ ပို၍ပါဝင်တတ်သည်။

ကမ္ဘာတစ်ဝန်းမှ စိုက်ပျိုးရေးလုပ်ငန်းသည် အန္တရာယ်ရှိသည်ဟု လူအများသဘောထားခဲ့သည့် အလေ့အထများအပေါ် နှစ်ပေါင်းများစွာချီ၍ အားထားခဲ့သည်။ အဆိပ်ဖြစ်စေသော ပိုးသတ်ဆေးများ သုံးစွဲခြင်းသည် သာဓက တစ်ခုမျှသာဖြစ်သည်။ ၎င်းပြင်၊ စားသောက်ကုန်လုပ်ငန်းကလည်း အချို့စားသုံးသူများ၌ ဓာတ်မတည့်ခြင်း ဖြစ်စေတတ်သည့် အဖြည့်ပစ္စည်းများကို အချိန်ကြာမြင့်စွာ သုံးစွဲလာခဲ့ကြသည်။ အစားအစာ ထုတ်လုပ်သည့် နည်းပညာသစ်များသည် အဆိုပါ အလေ့အထများထက် သိသိသာသာ ပို၍ အန္တရာယ်များသလော။ ကျွမ်းကျင်သူပညာရှင်များပင် သဘောချင်း မကြိုက်ညီနိုင်ကြချေ။ အမှန်ဆိုရသော် အရေးပါသော သိပ္ပံ အစီရင်ခံစာများက ဤအငြင်းအခုံ၏ တစ်ဖက်ဖက်ကို ထောက်ခံနေကြသဖြင့် အမြင်သဘောထားကို နှစ်ခြမ်းကွဲအောင် ပို၍အားပေးသကဲ့သို့ ဖြစ်နေသည်။

ယခုခေတ် လူများစွာတို့သည် အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်သော အစားအစာများကို ရှောင်၍မရနိုင်သော အရာအဖြစ် သဘောထားခြင်းကြောင့်လည်းကောင်း၊ အခြားအလေးထားစရာများက ပို၍အရေးကြီးသည်ဟု ယူဆခြင်းကြောင့်လည်းကောင်း ဤကိစ္စအတွက် ပူပင်သောကမဖြစ်ရန် ဆုံးဖြတ်ထားကြသည်။ သို့သော် အချို့သူတို့မူကား မပူပန်ဘဲ မနေနိုင်ကြချေ။ သင်နှင့် သင့်မိသားစုအနေဖြင့် ခေတ်ပေါ်နည်းပညာဖြင့် ခက်ခဲရှုပ်ထွေးစွာ ပြုပြင်စီမံထားသည့် အစားအစာများကို စားသုံးခြင်းနှင့်ပတ်သက်၍ သံသယရှိနေပါက ဘာပြုလုပ်နိုင်သနည်း။ သင်လှမ်းနိုင်သော လက်တွေ့ကျသည့် ခြေလှမ်းအချို့ကို နောက်ဆောင်းပါးတွင် ဆွေးနွေးတင်ပြထားပါသည်။ သို့သော်၊ ဦးဆုံးအနေနှင့် ဤကိစ္စနှင့်ပတ်သက်၍ မျှတသည့် အမြင်သဘောထားရှိလျှင် အမြော်အမြင် ရှိရာကျမည်။

အစားအစာ စိတ်ချရခြင်းသည် ကျန်းမာခြင်းနှင့်တူသည်။ လောလောဆယ်အချိန်၌ ခြောက်ပြစ်ကင်း သဲလဲစင်သည့် နည်းလမ်းဟူ၍ မရှိပေ။ ဂျာမန် မဂ္ဂဇင်း သဘာဝနှင့် စကြဝဠာ ၏အဆိုအရ အစားအစာ ရွေးချယ်ခြင်း၊ ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ အလွန်စေ့စပ်တိကျသူဟု သိထားသူတို့၌ပင် အာဟာရမျှတအောင် အမြဲတမ်း ညှိယူကြရသည်။ လူတစ်ဦးအတွက် အကျိုးပြုသည့်အရာသည် နောက်တစ်ဦးအတွက် ဘေးဖြစ်စေနိုင်သည်။ သို့ဖြစ်လျှင် မျှတသော သဘောထားကိုမွေးမြူ၍ အစွန်းရောက်မှုများကို ရှောင်ကြဉ်ခြင်းသည် အမြော်အမြင်ရှိရာမကျပေလော။

သမ္မာကျမ်းစာက ယနေ့ အဆင့်မြင့် နည်းပညာဖြင့် ထုတ်လုပ်သည့် အစားအစာနှင့်ပတ်သက်၍ မည်သို့သောဆုံးဖြတ်ချက် ချရမည်ဟု ညွှန်ကြားထားခြင်း မရှိပါ။ သို့သော်လည်း ဤကိစ္စနှင့်စပ်လျဉ်း၍ ထောက်ကူပေးမည့် အရည်အသွေးတစ်ခု မွေးမြူခြင်းအကြောင်း သွန်သင်ထားသည်။ ဖိလိပ္ပိ ၄:၅ က “လူအပေါင်းတို့ရှေ့၌ သင်တို့၏ ဖြည်းညင်းခြင်း [“အကျိုးသင့်အကြောင်းသင့်၊” ကဘ] သဘောကို ထင်ရှားစေကြလော့” ဟုမိန့်မှာထားသည်။ အကျိုးသင့်အကြောင်းသင့် သဘောသည် မျှတသောဆုံးဖြတ်ချက်များ ချနိုင်အောင်၊ အစွန်းနှစ်ဖက်ရောက်မှုကို ရှောင်နိုင်အောင် ထောက်ကူပေးနိုင်သည်။ ဤကိစ္စတွင် အခြားသူတို့အား ဘာလုပ်ပါ၊ ဘာမလုပ်နှင့်ဟူ၍ ဩဇာပေးခြင်းမှလည်း ဟန့်တားပေးနိုင်သည်။ ၎င်းပြင် ဤကိစ္စတွင် ကျွန်ုပ်တို့နှင့် အမြင်သဘောချင်း မတူသူတို့နှင့် အဓိပ္ပာယ်မရှိဘဲ သဘောထားကွဲစေသည့် စကားအချေအတင် ပြောခြင်းတို့မှလည်း တားဆီးပေးနိုင်သည်။

သို့သော်၊ အစားအစာနှင့်ဆက်နွှယ်သည့် အခြားအန္တရာယ် အများအပြားနှင့်ပတ်သက်၍ ဤမျှလောက် အငြင်းမပွားကြကြာင်း ဝန်ခံရပေမည်။ ထိုအန္တရာယ်အချို့ကား အဘယ်နည်း။ ကျွန်ုပ်တို့ဘက်မှ မည်သည့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်သနည်း။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 4 မည်သည့်အစာ စားသည်ဆိုသည်မှာ အများအားဖြင့် ကိုယ်ပိုင်နှစ်သက်မှုနှင့်ဆိုင်သော ကိစ္စဖြစ်သည်။ နိုးလော့! သည် အစားအစာများ စီမံပြုပြင်ရာ၌ အသုံးပြုသည့် နည်းပညာများကို ပဓာနမထားဘဲ ဤတွင်ဆွေးနွေးနေသည့် အစားအစာ အမျိုးမျိုးကို စားခြင်း၊ ရှောင်ခြင်းနှင့်ပတ်သက်၍ ထောက်ခံချက်များ မပေးပါ။ ဤဆောင်းပါးတို့သည် လတ်တလော သိရှိထားသည့် အကြောင်းအချက်များကို စာဖတ်ပရိသတ်များအား အသိပေးရန်သာ ရည်ရွယ်ပါသည်။

^ အပိုဒ်၊ 15 ကျေးဇူးပြု၍ ၂၀၀၀၊ ဧပြီလ ၂၂ ရက်ထုတ် နိုးလော့! (လိပ်) ရှု။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

နွားကျွေးသည့် ဟော်မုန်းဆေးများနှင့် ပဋိဇီဝဆေးများသည် စားသုံးသူများကို ထိခိုက်သလော

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

စားသောက်ကုန်၌ပါရှိသည့် လေဘယ်လ်များကို အသေအချာဖတ်လျှင် အမြော်အမြင် ရှိရာရောက်သည်

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

လတ်ဆတ်သည့် အစားအစာကို ပုံမှန်ဝယ်ခြင်းသည် အကျိုးများသည်