မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အန္တရာယ်ကြုံနေသောလူမျိုးဆက်

အန္တရာယ်ကြုံနေသောလူမျိုးဆက်

အန္တရာယ်ကြုံနေသောလူမျိုးဆက်

“လွန်ခဲ့တဲ့နှစ်လအထိ ကျွန်တော်ဟာ ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွပါပဲ။ အခုတော့ တစ်ခုခုလုပ်ခွင့်ကြုံတိုင်း လုပ်ချင်စိတ်မရှိတော့ဘူး။ စိတ်ဆင်းရဲပြီး သိပ်စိတ်တိုနေတယ်၊ ကျွန်တော့်ကို ဘယ်သူကမှ သည်းခံနိုင်မှာမဟုတ်ဘူး။ ကျွန်တော် ဘာကြောင့်များ ရုတ်တရက်ကြီး အဲဒီလိုဖြစ်သွားသလဲ မပြောတတ်ဘူး။”—⁠ပေါလ်။

“ကျွန်မ ငိုနေတယ်၊ စိတ်ထဲမှာ နာကျင်နေတယ်။ စိတ်နာကျင်မှုမခံစားရရင် ခြေပစ်လက်ပစ်ပဲနေချင်တယ်။ ဘာလုပ်လုပ် မပျော်တော့ဘူး။ ကျွန်မ သူငယ်ချင်းတွေနဲ့လည်း မပေါင်းချင်တော့ဘူး။ အိပ်ပဲအိပ်နေလိုက်တယ်။ နေ့အတော်များများ ကျောင်းသွားဖို့ အိပ်ရာကမထနိုင်လို့ အဆင့်လည်းကျသွားပြီ။”—⁠မယ်လနီ။

ပေါလ်နှင့် မယ်လနီတို့သာ မဟုတ်ပါ။ ခန့်မှန်းခြေအားဖြင့် ယူနိုက်တက်စတိတ်ရှိ မြီးကောင်ပေါက်အရွယ် ၈ ရာခိုင်နှုန်းခန့်သည် စိတ်ကျရောဂါတစ်မျိုးမျိုးကို ခံစားနေကြပြီး ၄ ရာခိုင်နှုန်းသည် ဆိုးဆိုးရွားရွားဖြစ်လာကြောင်း လေ့လာမှုများက ဖော်ပြသည်။ သို့သော် ဤကိန်းဂဏန်းများက အခြေအနေအပြည့်အစုံကို မဖော်ပြချေ၊ အကြောင်းမှာ စိတ်ကျရောဂါကို အကဲခတ်၍မရ သို့မဟုတ် လုံးလုံးဂရုမပြုမိတတ်ကြ၍ ဖြစ်သည်။ “ကလေးများနှင့် ဆယ်ကျော်သက်များအား လေ့လာသည့်သုတေသနကို ပြန်လည်သုံးသပ်ပြီးသည့်အခါ သူတို့သည် ၎င်းတို့၏ဆယ့်ရှစ်နှစ်မြောက်မွေးနေ့ရောက်သောအခါ လူငယ်လေးယောက်တွင် တစ်ယောက်ထက်မက စိတ်ကျရောဂါအကြီးအကျယ် ခံစားကြမည်ဟု ကျွန်ုပ်ယူဆသည်” ဟူ၍မြီးကောင်ပေါက်စိတ်ပညာရှင် ဒေးဗစ် ဂျီ. ဖက်စလာက ရေးသားသည်။

အကြီးအကျယ်ထိခိုက်မှုများ

စိတ်ကျရောဂါသည် ဆယ်ကျော်သက်များကို အကြီးအကျယ်ထိခိုက်လျက်ရှိသည်။ မှန်ပါသည်၊ ယင်းသည် မြီးကောင်ပေါက်အရွယ် အစားမူမမှန်မှုများ၊ စိတ်ဖိစီးမှုအရင်းခံသောရောဂါများ၊ ကျောင်း၌ ပြဿနာများခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းတို့တွင် အရေးပါသည့်ကဏ္ဍမှပါဝင်သည်ဟု ကျွမ်းကျင်သူများက ယူမှတ်ကြသည်။

ပို၍ကြေကွဲဖွယ်ကောင်းသည်မှာ စိတ်ကျရောဂါသည် ဆယ်ကျော်သက် ကိုယ့်ကိုယ်ကိုသတ်သေမှုနှင့် ဆက်စပ်မှုရှိခြင်းဖြစ်သည်။ ယူ.အက်စ်. အမျိုးသားစိတ်ကျန်းမာရေးအဖွဲ့အဆိုအရ အကြီးအကျယ် စိတ်ဓာတ်ကျသည့်လူငယ်များအနက် ၇ ရာခိုင်နှုန်းမှာ ကိုယ့်ကိုယ်ကိုသတ်သေကြသည်။ * ယင်းသည်ပင် အကြောင်းခြင်းရာအပြည့်အစုံကို ဖော်ပြခြင်းမဟုတ်သေးချေ၊ အကြောင်းမှာ မိမိအသက်ကိုစတေးကြသည့် လူငယ်တိုင်းသည် ကြိမ်ဖန်များစွာ သတ်သေရန်ကြိုးပမ်းကြသည်ဟု ယူဆရသောကြောင့်တည်း။ သို့ဖြစ်၍ မြီးကောင်ပေါက် ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်သည့် ကာနေဂျီကောင်စီက ခိုင်လုံသည့်အကြောင်းရှိ၍ ဤသို့အစီရင်ခံခြင်းဖြစ်သည်– “ယနေ့ မြီးကောင်ပေါက်ပြဿနာများကို ပေါ့ဆစွာကိုင်တွယ်ခြင်းသည် အကြီးအကျယ်ထိခိုက်စေသည်။ ထိုသို့သောလျစ်လျူရှုမှုက အန္တရာယ်ကြုံနေသော လူမျိုးဆက်တစ်ဆက် အမှန်ရှိနေစေသည်။”

အပူအပင်ကင်းသောအရွယ်လော

ဆယ်ကျော်သက်များ အမှန်တကယ် စိတ်ဓာတ်ကျနိုင်ကြောင်းကို တချို့ယုံကြည်ရခက်နေကြသည်။ ‘သူတို့က ချာတိတ်လေးတွေပဲရှိသေးတာ၊ အပူအပင်ကင်းတဲ့အရွယ်ပဲ။ လူကြီးတွေလို စိုးရိမ်စရာတွေလည်း ရှိတာမှမဟုတ်တာ’ ဟုလူကြီးများက ဆင်ခြင်ကြပေမည်။ သို့မဟုတ် သူတို့၌ စိုးရိမ်စရာရှိနေသလော။ အမှန်မှာ မြီးကောင်ပေါက်များသည် လူကြီးများသိထားသည်ထက် ပို၍ပြင်းထန်သည့်ဖိစီးမှုများကို ရင်ဆိုင်နေကြသည်။ ဒေါက်တာ ဒေးနီယယ်လ် ဂိုလ်မန်က ဤသို့ဆိုသည်– “[၂၀] ရာစုအစကတည်းက ကမ္ဘာတစ်ဝန်းရှိ လူမျိုးအဆက်ဆက်သည် ဘဝတစ်လျှောက်လုံး ပြင်းထန်သော စိတ်ကျရောဂါ—⁠ဝမ်းနည်းခြင်းမျှမဟုတ်ဘဲ မလှုပ်မယှက်ချင်ဘဲ နုံးခွေနေခြင်း၊ စိတ်ပျက်လက်ပျက်ဖြစ်ခြင်း၊ ကိုယ့်ကိုယ်ကိုသနားခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းတို့—⁠ခံစားနေကြသည့် သူတို့မိဘများထက်ပင် စိတ်ကျရောဂါကို ပို၍ခါးစည်းခံရကြပြီ။ ထိုဖြစ်ရပ်များသည် စောစောစီးစီး ငယ်ငယ်ရွယ်ရွယ်နှင့် အစပြုနေသည်။”

သို့တိုင် မိဘများစွာက ဤသို့ကန့်ကွက်ကြပေမည်– ‘စိတ်ဓာတ်မကျဘဲ မြီးကောင်ပေါက်အရွယ်ကို ကျွန်တော်တို့ဖြတ်ကျော်လာခဲ့ကြတာပဲ။ ကျွန်တော်တို့ရဲ့ကလေးကျမှ ဘာကြောင့် အပျက်သဘောထားတွေ လွှမ်းမိုးရမှာလဲ။’ သို့သော် လူကြီးများသည် ၎င်းတို့မြီးကောင်ပေါက်အရွယ်နှင့် ယနေ့လူငယ်များ၏အခြေအနေကို မနှိုင်းယှဉ်သင့်ချေ။ ထို့ထက်ကား တစ်ဦးစီသည် မိမိတို့ပတ်ဝန်းကျင်ရှိလောကကြီးကို သိမြင်ပုံနှင့် ယင်းကိုတုံ့ပြန်ပုံတို့ ကွဲပြားကြသည်။

ထို့အပြင် ယနေ့ဆယ်ကျော်သက်များသည် နောက်ထပ်စိန်ခေါ်ချက်များကို ရင်ဆိုင်ကြရသည်။ “၎င်းတို့၏မိဘများငယ်ရွယ်ချိန်က အခြေအနေနှင့် အတော်အတန်ကွဲပြားခြားနားသည့် လောကတွင် သူတို့ကြီးပြင်းလာကြသည်” ဟုဒေါက်တာ ကက်သလင်း မက်ကွိုင်းက သင့်ဆယ်ကျော်သက်ကလေး၏စိတ်ကျရောဂါကို နားလည်ခြင်းဟူသည့် သူ၏စာအုပ်တွင် ရေးသားသည်။ မကြာမီဆယ်စုနှစ်များအတွင်း ဖြစ်ပျက်ခဲ့သော ထူးခြားသည့်ပြောင်းလဲမှုအတော်များများကို ကိုးကားဖော်ပြပြီးနောက် ဒေါက်တာ ကက်သလင်း မက်ကွိုင်းက ဤသို့ကောက်ချက်ချသည်– “ယနေ့ ဆယ်ကျော်သက်များသည် လွန်ခဲ့သော ကျွန်မတို့ခေတ်အချိန်ကထက် လုံခြုံမှု၊ ယုံကြည်စိတ်ချမှုနှင့် မျှော်လင့်ချက်ပိုနည်းသည်ဟု ယူဆကြသည်။”

ဆယ်ကျော်သက်များအကြား စိတ်ကျရောဂါပျံ့နှံ့မှုကိုထောက်ရှု၍ နောက်ဆောင်းပါးများက ဤမေးခွန်းသုံးခုကို ရှင်းလင်းဖော်ပြပေးပါလိမ့်မည်–

• ဆယ်ကျော်သက် စိတ်ကျရောဂါ လက္ခဏာအချို့ကား အဘယ်နည်း။

အဘယ်အရာက ထိုသို့ဖြစ်စေသနည်း။

စိတ်ကျရောဂါခံစားနေရသည့် ဆယ်ကျော်သက်များကို မည်သို့ကူညီပေးနိုင်သနည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 မတော်တဆမှုဟု ထုတ်ပြန်သည့် လူသေမှုအတော်များများသည် ကိုယ့်ကိုယ်ကိုသတ်သေမှု ဖြစ်နိုင်ဖွယ်ရှိသဖြင့် တကယ့်ကိန်းဂဏန်းမှာ ပိုများမည်ဟု ကျွမ်းကျင်သူတချို့က ယူဆကြသည်။