မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘေးကင်းလုံခြုံမှု​ကို ခြိမ်းခြောက်​နေတဲ့

ပြဿနာ

ပြဿနာ

“ဒီ​လူမျိုးဆက်​ဟာ နည်းပညာ၊ သိပ္ပံ​ပညာ၊ ငွေရေးကြေးရေး​တို့မှာ မကြုံစဖူး တိုးတက်​ကြွယ်ဝ​ နေတယ်။ . . . ဒါပေမဲ့ [နိုင်ငံရေး၊ စီးပွားရေး၊ ပတ်ဝန်းကျင်​ဆိုင်ရာ] စနစ်​တွေ ပြိုကွဲ​လု​မတတ် ဖြစ်နေပြီ။”—The Global Risks Report 2018, World Economic Forum.

ပညာတတ်​အများစုဟာ ကျွန်တော်တို့ရဲ့ အနာဂတ်နဲ့ ကမ္ဘာမြေရဲ့ အနာဂတ်​အတွက် ဘာကြောင့် စိုးရိမ်​နေကြ​သလဲ။ ကျွန်တော်တို့ ရင်ဆိုင်​နေရတဲ့ စိန်ခေါ်ချက်​တချို့ကို သုံးသပ်ကြည့်​ပါ။

  • ဆိုက်​ဘာ​ရာဇဝတ်မှု။ “အင်တာနက်​ဟာ အန္တရာယ် များသည်​ထက် များ​လာ​နေတယ်။ လိင်​မုဆိုး​တွေ၊ အနိုင်ကျင့်​တတ်​သူတွေ၊ နှောင့်ယှက်​သူတွေ၊ ဟက်​ကာ​တွေ ကျက်စား​ရာ ဖြစ်နေတယ်။ ကိုယ်ရေး​အချက်အလက် ခိုးယူမှု​လည်း အလွန်​တိုးပွား​များပြား​လာတယ်။ . . . အင်တာနက်​ဟာ ရက်စက်​ကြမ်းကြုတ်မှု ဉာဉ်ဆိုး​အတွက် ထွက်ပေါက်​တစ်ခု ဖြစ်တယ်” ဆိုပြီး သည်​ဩစတြေးလျန်း သတင်းစာမှာ ဖော်ပြ​ထားတယ်။

  • ငွေကြေး မမျှတမှု။ အော့စ်ဖမ် နိုင်ငံတကာ​မှတ်တမ်းအရ ကမ္ဘာ့​အ​ချမ်းသာ​ဆုံး လူ​ရှစ်ယောက်​ရဲ့ ကြွယ်ဝမှု​ဟာ ကမ္ဘာ့​လူဦးရေ ထက်ဝက်​ရဲ့ ကြွယ်ဝမှု​နဲ့ ညီမျှ​တယ်။ “စီးပွားရေး မမျှတမှု​ကြောင့် ချမ်းသာသူ​တွေ ပို​ချမ်းသာ​လာတယ်၊ ဆင်းရဲသားတွေ ပို​ဆင်းရဲ​လာတယ်။ ဆင်းရဲတဲ့​ဒဏ်​ကို အမျိုးသမီးတွေ ပို​ခံရတယ်” လို့ အော့စ်ဖမ်​မှာ ဖော်ပြ​ထားတယ်။ မမျှတမှု တိုးများလာ​လို့ လူတွေ ဆူပူအုံကြွ​လာ​မှာ​ကို စိုးရိမ်​ကြတယ်။

  • ပဋိပက္ခ​နဲ့ နှိပ်စက်​ညှဉ်းပန်းမှု။ ၂၀၁၈ ကုလသမဂ္ဂ ဒုက္ခသည်​အဖွဲ့ အစီရင်ခံစာ​မှာ ဒီလို​ဖော်ပြ​ထားတယ်– “အိမ်ရာ စွန့်ခွာ​ထွက်ပြေး​မှု တစ်ခါ​နဲ့​မှ မတူ​အောင် မြင့်မား​လာတယ်။” အိမ်ရာ စွန့်ခွာ​ထွက်ပြေး​ရသူ ၆၈ သန်း​ကျော်​မှာ အများစုဟာ ပဋိပက္ခ၊ နှိပ်စက်​ညှဉ်းပန်းမှု​ကြောင့် ဖြစ်​ရတယ်။ “နှစ်​စက္ကန့်​တိုင်းမှာ လူတစ်ယောက်လောက် မဖြစ်​မနေ အိမ်ရာ​စွန့်ခွာ​ထွက်ပြေး​နေရ​တယ်” လို့ မှတ်တမ်းမှာ ဖော်ပြ​ထားတယ်။

  • ပတ်ဝန်းကျင် အန္တရာယ်။ “ဇီဝ​မျိုးစိတ်တွေ အကြီးအကျယ် မျိုးသုဉ်း​ပျောက်ကွယ်​နေတယ်။ လေထု​နဲ့ ပင်လယ်ရေ ညစ်ညမ်းမှု​ဟာ ကျန်းမာရေး​အတွက် အန္တရာယ် ပို​များ​လာ​နေပြီ” လို့ The Global Risks Report 2018 မှာ ဖော်ပြ​ထားတယ်။ နိုင်ငံ​တချို့မှာ ပိုးမွှား​မျိုးစိတ်တွေ အလွန်​လျော့နည်းလာ​တယ်။ ပိုးမွှား​တွေ​က အပင်​တွေကို ဝတ်​မှုံ​ကူး​ပေးနေ​လို့ “ဂေဟစနစ် အာမဂေဒုန်​ကပ်” ဖြစ်တော့မယ်​လို့ သိပ္ပံ​ပညာ​ရှင်​တွေ သတိပေး​နေကြပြီ။ သန္တာ​ကျောက်တန်း​တွေ​လည်း ပျက်စီး​ဆုံးရှုံး​နေတယ်။ လွန်ခဲ့တဲ့​အနှစ် ၃၀အတွင်း​ ကမ္ဘာ့​သန္တာ​ကျောက်တန်း ထက်ဝက်​လောက် ပျက်စီး​သွားတယ်လို့ သိပ္ပံ​ပညာရှင်​တွေ ခန့်မှန်း​ကြ​တယ်။

ပို​ဘေးကင်းလုံခြုံ​တဲ့​ကမ္ဘာ ဖြစ်လာအောင် ပြုပြင်​ပြောင်းလဲ​နိုင်​ပါ့မလား။ ပြုပြင်​ပြောင်းလဲရေး​အတွက် ပညာရေး လိုတယ်လို့ တချို့ ယူဆကြတယ်။ ဘယ်လို ပညာရေး​မျိုး​လဲ။ ဒီ​မေးခွန်းတွေကို နောက်ဆောင်းပါး​တွေမှာ သုံးသပ်​သွားပါမယ်။