မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားရဲ့အုပ်ချုပ်မှုအောက်မှာ ဖန်ဆင်းခံသတ္တဝါအားလုံး စည်းလုံးမှု၊ ငြိမ်သက် အေးချမ်းမှု ရှိခဲ့

ဘုရားသခင့်နိုင်ငံတော်ကို ဘာကြောင့် လိုအပ်သလဲ

ဘုရားသခင့်နိုင်ငံတော်ကို ဘာကြောင့် လိုအပ်သလဲ

လူ့သမိုင်းအစမှာ ယေဟောဝါလို့နာမည်ရှိတဲ့ ဖန်ဆင်းရှင်ပဲ တစ်ပါးတည်းသော အုပ်စိုးရှင်ဖြစ်ခဲ့တယ်။ ယေဟောဝါဟာ မေတ္တာနည်းလမ်းနဲ့ အုပ်ချုပ်ခဲ့တယ်။ လူသားတွေနေထိုင်ဖို့ သာယာလှပတဲ့ ဧဒင်ဥယျာဉ်စံအိမ်ကို ပြုလုပ်ပြီး စားစရာတွေ အလျှံပယ် ထောက်ပံ့ပေးတယ်။ ဒါ့အပြင် လူသားတွေအတွက် အဓိပ္ပာယ်ရှိတဲ့အလုပ် ပေးခဲ့တယ်။ (ကမ္ဘာဦး ၁:၂၈၊ ၂၉။ ၂:၈၊ ၁၅) ဘုရားရဲ့ မေတ္တာပါ အုပ်ချုပ်မှုအောက်မှာ ဖန်ဆင်းခံသတ္တဝါတွေဟာ စည်းလုံးမှု၊ ငြိမ်သက်အေးချမ်းမှု ရှိခဲ့တယ်။

ပထမလူသားတွေဟာ ဘုရားကို အုပ်စိုးရှင်အဖြစ် လက်မခံခဲ့

စာတန်မာရ်နတ်ဖြစ်လာတဲ့ ပုန်ကန်သူ ကောင်းကင်တမန်ဟာ ဘုရားရဲ့ ဖြောင့်မှန်တဲ့ အုပ်ချုပ်မှုကို အန်တုခဲ့တယ်လို့ ကျမ်းစာမှာ ပြောထားတယ်။ ဘုရားရဲ့ လမ်းညွှန်မှုနဲ့ အုပ်ချုပ်မှု မရှိရင် လူတွေအတွက် ပိုကောင်းမယ်လို့ သူပြောခဲ့တယ်။ ဝမ်းနည်းစရာက ကျွန်တော်တို့ရဲ့ ပထမမိဘ ဖြစ်တဲ့ အာဒံနဲ့ ဧဝဟာ စာတန့်လမ်းစဉ်ကို လိုက်ပြီး ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့တယ်။—ကမ္ဘာဦး ၃:၁-၆။ ဗျာဒိတ် ၁၂:၉

အာဒံနဲ့ ဧဝဟာ ဘုရားသခင်ကို အုပ်စိုးရှင်အဖြစ် လက်မခံခဲ့လို့ သာယာလှပတဲ့ ပရဒိသုစံအိမ်၊ ဒေါင်ဒေါင်မြည်ကျန်းမာရေးနဲ့ ထာဝစဉ်အသက်ရှင်ခွင့် အလားအလာတွေကို ဆုံးရှုံးလိုက်ရတယ်။ (ကမ္ဘာဦး ၃:၁၇-၁၉) သူတို့ရဲ့ ဆုံးဖြတ်ချက်ကြောင့် သားမြေးတွေလည်း ထိခိုက်ခဲ့တယ်။ အာဒံရဲ့အပြစ်ကြောင့် ‘အပြစ်ဟာ လူ့လောကထဲ ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်’ လို့ ကျမ်းစာ ပြောတယ်။ (ရောမ ၅:၁၂) အဲဒီအပြင် “ထိခိုက်နစ်နာစရာတွေပဲ” ဖြစ်စေတဲ့ “လူလူချင်း အုပ်ချုပ်” မှုလည်း ပေါ်ပေါက်လာတယ်။ (ဒေသနာ ၈:၉) လူလူချင်း အုပ်ချုပ်မှုက ပြဿနာတွေပဲ ဖြစ်စေတယ်။

လူ့အုပ်ချုပ်မှု ပေါ်ပေါက်လာ

နိမ်ရောဒဟာ ယေဟောဝါကို ဆန့်ကျင်ပုန်ကန်ခဲ့

ပထမဆုံး လူ့အုပ်စိုးရှင်ဟာ နိမ်ရောဒလို့ ကျမ်းစာမှာ ပြောထားတယ်။ သူဟာ ယေဟောဝါရဲ့ အုပ်ချုပ်မှုကို ပုန်ကန်ခဲ့တယ်။ နိမ်ရောဒခေတ်ကတည်းက အခွင့်အာဏာရှိသူတွေဟာ အခွင့်အာဏာကို သုံးပြီး လူတွေကို ဖိနှိပ်ခဲ့တယ်။ လွန်ခဲ့တဲ့ အနှစ် ၃,၀၀၀ လောက်က ဘုရင်ရှောလမုန် ဒီလို ရေးခဲ့တယ်– “ဖိနှိပ်ခံရသူတွေ ငိုကြွေးနေပေမဲ့ နှစ်သိမ့်ပေးသူတစ်ယောက်မှ မရှိမှန်း ငါမြင်တယ်။ ဖိနှိပ်သူတွေက ဩဇာအာဏာရှိသူတွေဖြစ်လို့ နှစ်သိမ့်ပေးသူ တစ်ယောက်မှ မရှိဘူး။”—ဒေသနာ ၄:၁

အခုအချိန်မှာလည်း အခြေအနေတွေ မပြောင်းလဲသေးဘူး။ “ကမ္ဘာ့ပြဿနာတွေဟာ ညံ့ဖျင်းတဲ့ အုပ်ချုပ်မှုတွေကြောင့်ဆိုတာ ထင်ရှားလာပြီ” လို့ ကုလသမဂ္ဂ ထုတ်ဝေတဲ့ စာစောင်တစ်ခုမှာ ဖော်ပြထားတယ်။

အချိန်ကျပြီ

ကမ္ဘာကြီးဟာ ပိုကောင်းတဲ့ အုပ်စိုးရှင်၊ ပိုကောင်းတဲ့ အစိုးရ လိုအပ်နေပြီ။ ဖန်ဆင်းရှင်က အဲဒါကိုပဲ ကတိပေးခဲ့တယ်။

အကောင်းဆုံး လူ့အစိုးရတွေတောင် အရေးကြီးတဲ့ လူ့ပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့

လူ့အုပ်ချုပ်မှုအားလုံးကို အစားထိုးမယ့်၊ “ထာဝစဉ် တည်တံ့” မယ့် နိုင်ငံတော်၊ အစိုးရတစ်ခုကို ဘုရား တည်ထောင်ထားပြီးပြီ။ (ဒံယေလ ၂:၄၄) အဲဒီနိုင်ငံတော်ဟာ သန်းနဲ့ချီတဲ့သူတွေ ဆုတောင်းကြတဲ့ နိုင်ငံပဲ။ (မဿဲ ၆:၉၊ ၁၀) ဒါပေမဲ့ ဘုရားသခင်ကိုယ်တိုင် အဲဒီနိုင်ငံတော်မှာ အုပ်ချုပ်မှာ မဟုတ်ဘူး။ အဲဒီအစား လူသားဖြစ်ခဲ့ဖူးသူတစ်ဦးကို အုပ်စိုးရှင်အဖြစ် ခန့်အပ်ထားပြီးပြီ။ ဘယ်သူဖြစ်မလဲ။