မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၁ ပြဿနာတွေကို ရှောင်လွှဲဖို့ ကူညီပေး

၁ ပြဿနာတွေကို ရှောင်လွှဲဖို့ ကူညီပေး

ကျမ်းစာကို ဘုရား​စွမ်းအားတော် လမ်းညွှန်မှု​နဲ့ ရေးထား​တဲ့​ အတွက် ကျမ်းစာ​အကြံဉာဏ်​တွေဟာ ‘သွန်သင်​တဲ့အခါ၊ အမှားတွေ ဖော်ထုတ်​တဲ့အခါ၊ ပဲ့ပြင်​တဲ့အခါ အကျိုးဖြစ်ထွန်း​စေတယ်။’ (၂ တိမောသေ ၃:၁၆) ဒါ အမှန်​ပဲ​လား။ ကျမ်းစာ​အကြံဉာဏ်​တွေကြောင့် အခြေအနေ သိပ်​မဆိုး​ခင် ဘဝ​ပြဿနာ​တချို့ကို ရှောင်လွှဲ​နိုင်​ခဲ့​ပုံ​အကြောင်း သုံးသပ် ကြည့်​ကြစို့။

အရက်​အလွန်အကျွံ​သောက်​ခြင်း

ရှေ့ဆောင်းပါး​မှာ​ပါတဲ့ ဒ​က်​ဖ​နီ​ဟာ စိုးရိမ်ပူပန်မှု​တွေကြောင့် အရက် အလွန်အကျွံ သောက်​လာတယ်။ တော်သင့်​ရုံ​သောက်​တာကို ကျမ်းစာ မတားမြစ်​ပေ​မဲ့ ‘စပျစ်ဝိုင်​သောက်ကြူး​သူတွေ​ထဲမှာ မပါ​စေ​နဲ့’ လို့ ပြောတယ်။ (ပညာအလိမ္မာ ၂၃:၂၀) သောက်ကြူး​ခြင်း​ကြောင့် ကျန်းမာရေး ထိခိုက်​တယ်။ မိသားစု ပြိုကွဲ​တယ်။ နှစ်စဉ် လူ​သန်းနဲ့​ချီ အချိန်မတန်​ဘဲ သေဆုံး​ကြရတယ်။ ကျမ်းစာ​အကြံပေးချက်​တွေကို​သာ လိုက်နာ​မယ်ဆိုရင် အဲဒီ​ပြဿနာ​တွေကို ရှောင်လွှဲ​နိုင်မယ်။

ဒ​က်​ဖ​နီ အဲဒီ​အတိုင်း လုပ်​ခဲ့တယ်။ သူ အခုလို​ပြောတယ်– “အရက်သောက်​လို့လည်း စိုးရိမ်​ပူပန်မှု လျော့​မသွား​ပါဘူး။ ‘ဘာမှ​ မစိုးရိမ်​ဘဲ . . . ဘုရား​သခင်​ဆီ အသနားခံ​ကြပါ’ ဆိုတဲ့ ဖိလိပ္ပိ ၄:၆၊ ၇ မှာ​ပါတဲ့ အကြံပေးချက်​ကို ကျွန်မ လိုက်နာ​တယ်။ ညဘက် အိပ်မပျော်​လို့ ဟိုဟိုဒီဒီ တွေး​ပြီး စိုးရိမ်စိတ်​များ​လာတဲ့အခါ ယေဟောဝါ​ဆီ အသနားခံ​ဆုတောင်း​တယ်။ စိတ်ဆိုး​တာ၊ စိတ်​ထိခိုက်တာ၊ စိတ်ပျက်​မိ​တာ အားလုံးကို ရင်ဖွင့်​ပြီး အပြုသဘော​ရှိ​လာအောင် ကူညီပေးပါ​လို့ အသနားခံ​တယ်။ မနက်​ရောက်​တော့ စိတ်ညစ်​စရာ​တွေကို ပြန်တွေး​မနေ​တော့ဘူး။ ဒီလိုနဲ့ ကိုယ့်​မှာ​မရှိတဲ့​အရာတွေ​အတွက် တွေးပူ​နေမယ့်​အစား ရှိတဲ့​အရာတွေ​ကိုပဲ အာရုံစိုက်​တတ်​လာတယ်။ အရက်​ကို လုံးဝ ပြန်​မ​သောက်​တော့ဘူး။ အခု​ဆို စိတ်ငြိမ်သက်မှု ခံစား​နေရ​ပြီ။ အဲဒါကို ဘယ်တော့မှ အ​ဆုံးၡုံး မခံနိုင်​ဘူး။”

လိင်အကျင့်ယိုယွင်းခြင်း

လိင်​အကျင့်​ယိုယွင်းမှု​ကြောင့် စိတ်ဆင်းရဲ​စရာ​တွေ ကြုံတွေ့ကြရတယ်။ ကျမ်းစာ​လမ်းညွှန်ချက်တွေ​က​တော့ လိင်​အကျင့်​ယိုယွင်းမှု​ကို ဦးတည်​စေတဲ့ ပ​ရော​ပ​ရ​ည်လုပ်တာ၊ ညစ်ညမ်း​ရုပ်ပုံ​ကြည့်​တာ စတဲ့ ပြဿနာ​တွေကို ရှောင်လွှဲ​နိုင်အောင် ကူညီ​ပေး​နိုင်တယ်။ “ပ​ရော​ပ​ရ​ည်လုပ်ဖို့ သိပ်​လွယ်​တယ်။ ကိုယ့်​ဘက်က စိတ်မဝင်စား​ပါဘူး။ ဒါပေမဲ့ သူ့​ဘက်က ကြွေ​နေမှန်း သိသာ​နေ​တော့ ပ​ရော​ပ​ရ​ည် လုပ်​ကြည့်​လိုက်တာ​ပေါ့” လို့ ဆမ်မြူရယ်​လို့ခေါ်တဲ့ လူငယ်​တစ်​ဦး ပြောပြ​တယ်။ ဆမ်မြူရယ်​ဟာ​ ပရောပရည်​မလုပ်ဘဲ နေ​တာတောင် ပ​ရော​ပ​ရ​ည်လုပ်​သူ​ဆိုပြီး နာမည်​ထွက်​လာတယ်။ ဒါနဲ့ သူ​လည်း မထူး​ဘူးဆိုပြီး ပ​ရော​ပ​ရ​ည်လုပ်​တော့​တယ်။ အဲဒီ​အကျင့်​ကြောင့် သူ စိတ်အနှောင့်အယှက် ဖြစ်လာတယ်။ “အဲဒီ​လို​လုပ်​တာဟာ တစ်ကိုယ်ကောင်းဆန်​တဲ့အတွက် အန္တရာယ်​ရှိတယ်” လို့ သူပြောတယ်။

jw.org ဝက်ဘ်ဆိုက်​မှာ တင်ထားတဲ့ လူငယ်များ​အတွက် ဆောင်းပါး​တစ်ခုကို ဆမ်မြူရယ် ဖတ်​ကြည့်​တယ်။ “ကလေး​တစ်ယောက်​ကို​တောင် အမူအကျင့်​တွေ ဖြူစင်မှု၊ မှန်ကန်မှု ရှိ​မရှိ သူ့​လုပ်ရပ်​ကို​ကြည့်ပြီး သိနိုင်တယ်” လို့​ပြောတဲ့ ပညာအလိမ္မာ ၂၀:၁၁ ကို သုံးသပ်​တယ်။ ဘာ​အကူအညီ ရသလဲ။ ပ​ရော​ပ​ရ​ည်လုပ်​တာဟာ မကောင်း​မှန်း ဆမ်မြူရယ် သိလာ​တယ်။ “ပ​ရော​ပ​ရ​ည်လုပ်​တဲ့ လူငယ်​တစ်​ဦး​ဟာ အိမ်ထောင်ဖက်​ကောင်း မဖြစ်​နိုင်မှန်း​ကိုလည်း သိလာ​ပြီ။ ကိုယ်​ပ​ရော​ပ​ရ​ည်လုပ်​နေတာကို ဇနီးလောင်း တွေ့​သွား​ရင် ဘယ်လို​ခံစားရ​မ​လဲ​ဆိုတာ စဉ်းစား​ကြည့်​တယ်။ အဲဒီလို​လုပ်​တာဟာ အန္တရာယ်​ရှိတယ်ဆိုတဲ့​အသိ ဝင်​လာပြီ။ ပ​ရော​ပ​ရ​ည်လုပ်ဖို့ လွယ်​ပေ​မဲ့ ဒါဟာ မှန်ကန်တဲ့​လုပ်ရပ်​လို့ မဆို​နိုင်​ဘူး” လို့ သူပြောတယ်။ အခုတော့ ဆမ်မြူရယ် ပြောင်းလဲ​သွား​ပြီ။ ပ​ရော​ပ​ရ​ည် မ​လုပ်​တော့​တဲ့အတွက် လိင်အကျင့်ယိုယွင်းခြင်း​ကို ရှောင်နိုင်​ခဲ့တယ်။

အန်တိုနီယို​ဟာ လိင်​အကျင့်​ယိုယွင်း​ဖို့ အန္တရာယ်​ပိုများ​တယ်။ ညစ်ညမ်း​ရုပ်ပုံ​ကြည့်​တဲ့​အကျင့် စွဲ​နေ​လို့ပဲ။ သူ​ချစ်တဲ့​သူနဲ့ လက်ထပ်​ထား​ပေ​မဲ့ အဲဒီ​အကျင့်​ကို မ​ဖြတ်​နိုင်​ဘူး ဖြစ်နေ​တယ်။ “သတိရှိ​ပြီး နိုးနိုးကြားကြား နေကြ​ပါ။ ရန်သူ​မာရ်နတ်​က ဟိန်းဟောက်​နေတဲ့ ခြင်္သေ့​လို တစ်ယောက်​ယောက်ကို ဝါးမျို​ဖို့ လှည့်လည်​ရှာဖွေ​နေတယ်” ဆိုတဲ့ ၁ ပေတရု ၅:၈ ပါ​ကျမ်း​စကားက သူ့ကို အကူအညီ​ပေးတယ်​လို့ ပြောတယ်။ “ညစ်ညမ်း​ရုပ်ပုံ​တွေကို နေရာတိုင်းမှာ ရရှိ​နိုင်တယ်။ အဲဒီ​ပုံရိပ်​တွေကို စိတ်ထဲ​က ဖျောက်ဖျက်​ဖို့ မလွယ်​ဘူး။ ဒါတွေဟာ ဘယ်​က​လာ​မှန်း စဉ်းစား​ကြည့်ဖို့ အဲဒီ​ကျမ်းချက်​က ကူညီပေးတယ်။ ညစ်ညမ်း​ရုပ်ပုံ​တွေဟာ မာရ်နတ်​ဆီက​ပဲ​ဆိုတာ ချက်ချင်း သတိရ​လိုက်တယ်။ ကျွန်တော့်​ရဲ့ စိတ်နှလုံး​နဲ့ အိမ်ထောင်ရေး​ကို ထိခိုက်​စေတဲ့ အရာ​တွေကို တွန်းလှန်​နိုင်အောင် ‘သတိရှိ​ပြီး နိုးကြား​နေ’ ဖို့ ယေဟောဝါ​သာ ကူညီပေး​နိုင်မှန်း သိလာ​ပြီ” လို့ အန်တိုနီယို ပြောတယ်။ အကူအညီ​တွေ ရရှိ​ခဲ့တဲ့​အတွက် အကျင့်​ဆိုး​တွေကို သူ ဖြတ်​နိုင်ခဲ့တယ်။ ဒီထက်​ဆိုးရွား​တဲ့ ပြဿနာတွေ​ကိုလည်း ရှောင်လွှဲ​နိုင်ခဲ့တယ်။

ကျမ်းစာမှာ​ပါတဲ့ လက်တွေ့ကျ အကြံပြုချက်​တွေ​က ကြီးမား​တဲ့ပြဿနာ​တွေကို ရှောင်လွှဲ​ဖို့ ကူညီပေး​နိုင်မှန်း ထင်ရှားတယ်။ အမြစ်​တွယ်​နေတဲ့ ပြဿနာတွေ​ကျတော့​ရော။ အဲဒီလို​ပြဿနာတွေ ပြေလည်​အောင် ကျမ်းစာ ကူညီ​ပေးနိုင်​ပုံ​အကြောင်း လေ့လာ​ကြည့်ကြစို့။

ကျမ်းစာမှာ​ပါတဲ့ လက်တွေ့ကျ အကြံပြုချက်​တွေ​က ပြဿနာ​တချို့ကို ရှောင်လွှဲ​ဖို့ ကူညီ​ပေးနိုင်