မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

ရင့်ကျက်တဲ့ ခရစ်ယာန်များနဲ့ တွဲလုပ်ရတဲ့ကောင်းချီး

ရင့်ကျက်တဲ့ ခရစ်ယာန်များနဲ့ တွဲလုပ်ရတဲ့ကောင်းချီး

၁၉၃​၀ ပြည့်လွန်နှစ်​တွေ အလယ်ပိုင်း​မှာ အဖေ ဂျိမ်းစ်​နဲ့ အမေ ဂျက်​ဆီ စင်​က​လဲ​ရ်​တို့ နယူးယောက်မြို့၊ ဘ​ရွန့်ဇ်​ကို ပြောင်းရွှေ့​ကြ​တ​ယ်။ သူတို့​လိုပဲ စကော့တလန်​က​နေ ပြောင်း​လာတဲ့ ဝီ​လီ ဆ​နေ​ဒွန်​နဲ့ သိကျွမ်း​ခဲ့တယ်။ စကားပြော​ရင်းနဲ့ မိသားစု​အကြောင်း စကားစပ်​မိ​ကြ​တ​ယ်။ အဲဒါ ကျွန်တော် မမွေးခင် နှစ်​အနည်းငယ်​တုန်းက​ပေါ့။

ပထမ​ကမ္ဘာစစ် မဖြစ်ခင်​လေးမှာ အမေ​ရဲ့ အဖေ​နဲ့ အစ်ကို​တို့ မြောက်ပိုင်း​ပင်လယ်​မှာ ငါးဖမ်း​ရင်း မိုင်း​ထိ​ပြီး သင်္ဘော​မြုပ်​သွားတယ်​လို့ ဝီ​လီ​ကို အမေ ပြောပြတယ်။ “ဒါဆို ခင်ဗျား​အဖေ ငရဲ​မှာပေါ့” လို့ ဝီ​လီ ပြောတယ်။ ဝီ​လီ​က ယေဟောဝါသက်သေ​ပါ။ ဒီလိုနဲ့ ကျမ်းစာ​အမှန်တရားကို အမေ အထိတ်တလန့် စတင်​ထိတွေ့​ခဲ့တယ်။

ဝီ​လီ​နဲ့ လိ​ဇ် ဆ​နေ​ဒွန်

အဘိုး​က လူကောင်း​ဆိုတော့ ဝီ​လီ​စကား​ကြောင့် အမေ စိတ်ဆိုး​မိတယ်။ “ယေရှု​လည်း ငရဲ​ကျ​ခဲ့တယ်​လို့ သိရ​ရင် စိတ်သက်သာ​မယ် မဟုတ်လား” လို့ ဝီ​လီ ဆက်​ပြောတယ်။ ယေရှု ငရဲ​ကျပြီး​မှ သုံးရက်​မြောက်​နေ့​မှာ ထမြောက်​တဲ့​သဘော သက်​ရောက်တဲ့ ဘုရားကျောင်း ယုံကြည်ချက်​ကို အမေ ပြန်အမှတ်ရ​မိတယ်။ ‘ငရဲ​ဟာ လူဆိုး​တွေကို ညှဉ်းဆဲ​တဲ့ မီး​ပြင်း​ဖို ဖြစ်မယ်ဆိုရင် ယေရှု ဘာကြောင့် သွား​ရသလဲ’ လို့ စဉ်းစား​မိတယ်။ အမှန်တရားကို အမေ စတင်​စိတ်ဝင်စား​လာတယ်။ ဒီလိုနဲ့ ဘ​ရွန့်ဇ်​အသင်းတော်​မှာ အစည်းအဝေး​တွေ စတက်​ပြီး ၁၉၄၀ မှာ နှစ်ခြင်းခံ​တ​ယ်။

အမေနဲ့​အတူ၊ နောက်ပိုင်းမှာ အဖေ​နဲ့အတူ

အဲဒီတုန်းက သားသမီး​တွေနဲ့​အတူ ကျမ်းစာ​လေ့လာဖို့ ခရစ်ယာန်​မိဘတွေ​ကို အထူး​အားပေး​တာမျိုး မရှိ​သေး​ဘူး။ ကျွန်တော် လမ်းလျှောက်​တတ်​စ​အရွယ် စ​နေ၊ တနင်္ဂနွေ​နေ့​တွေမှာ အမေ အစည်းအဝေး တက်၊ အမှုဆောင်ထွက်​တဲ့အခါ အဖေ​က ကျွန်တော့်ကို ထိန်း​ရတယ်။ နှစ်​အနည်းငယ်​ကြာ​တော့ အမေနဲ့​အတူ ကျွန်တော် အစည်းအဝေး စတက်​တ​ယ်။ အမေ​ဟာ သတင်းကောင်း ဟောပြောခြင်း၊ စိတ်ဝင်စားသူ​တွေနဲ့ ကျမ်းစာ လေ့လာခြင်း​မှာ သိပ်​ထက်သန်​တ​ယ်။ သင်အံမှု​တွေဟာ အိမ်​ချင်း​နီး​လို့ အုပ်စု​လိုက် သင်ပေး​ရတဲ့​အခါ​တွေ ရှိတယ်။ ကျောင်းပိတ်ရက်​တွေမှာ အမေနဲ့​အတူ အမှုဆောင်​လိုက်တယ်။ ဒီလိုနဲ့ ကျမ်းစာ​အကြောင်း၊ တခြားသူတွေကို သွန်သင်ပေး​နည်း​အကြောင်း အများကြီး သိလာ​တ​ယ်။

ငယ်ငယ်​တုန်းက အမှန်တရားကို အပြည့်အဝ မ​လေးမြတ်​ခဲ့ဘူး။ ပေါ့ပေါ့တန်တန် သဘောထား​ခဲ့တယ်။ ဒါပေမဲ့ အသက် ၁၂ နှစ်မှာ ကြေညာသူ ဖြစ်လာတယ်။ အဲဒီအချိန်ကစပြီး အမှုဆောင်လုပ်ငန်းမှာ ပုံမှန် ပါဝင်ခဲ့တယ်။ အသက် ၁၆ နှစ်မှာ ယေဟောဝါ​ဆီ ဆက်ကပ်အပ်နှံ​ပြီး ၁၉၅​၄၊ ဇူလိုင် ၂၄၊ ကနေဒါနိုင်ငံ၊ တိုရွန်တို အစည်းအဝေးကြီး​မှာ နှစ်ခြင်းခံ​တ​ယ်။

ဗေသလ​မှာ အမှုဆောင်ခြင်း

အသင်းတော်​က ညီအစ်ကို​တချို့ဟာ ဗေသလအိမ်သား​တွေ ဖြစ်ကြ​တ​ယ်၊ ဖြစ်ခဲ့​ဖူး​ကြ​တ​ယ်။ ကျွန်တော့်​အပေါ် သူတို့ တော်တော်​ဩဇာ​ညောင်း​ကြ​တ​ယ်။ သူတို့ရဲ့ စကားပြောစွမ်းရည်၊ ကျမ်းစာ အမှန်တရား ရှင်းပြ​ပုံတွေ​ကို သဘောကျ​တ​ယ်။ ဆရာ​တွေ​က ကျွန်တော့်ကို တက္ကသိုလ် တက်​စေချင်​ကြပေမဲ့ ဗေသလ သွားဖို့ ပန်းတိုင်​ထားတယ်။ ဒါကြောင့် တိုရွန်တို အစည်းအဝေးကြီး​မှာ ဗေသလ​လျှောက်လွှာ တင်​လိုက်တယ်။ ၁၉၅​၅ ခုနှစ်၊ နယူးယောက်မြို့၊ ရန်​ကီး​အားကစားကွင်း​မှာ ကျင်းပတဲ့ အစည်းအဝေးကြီး​မှာလည်း လျှောက်လွှာ ထပ်​တင်​တ​ယ်။ ၁၉၅​၅၊ စက်တင်ဘာ ၁၉၊ အသက် ၁၇ နှစ်မှာ ဘရွတ်ကလင် ဗေသလ​မှာ အမှုဆောင်ဖို့ ဖိတ်ခေါ်​ခံ​ရတယ်။ ဗေသလ ရောက်​ပြီး ဒုတိယ​နေ့​မှာ အမှတ် ၁၁၇၊ အာဒံ​လမ်း​က စာအုပ်​ချုပ်လုပ်​ရေး​မှာ လုပ်တယ်။ ပြီးနောက် စာအုပ်​ချုပ်စက်​အတွက် အသင့်​ဖြစ်အောင် ၃၂ မျက်နှာ​ပါတဲ့ အတွဲ​တွေကို စု​ရတဲ့​စက်​မှာ လုပ်တယ်။

အသက် ၁၇ နှစ်၊ ဘရွတ်ကလင် ဗေသလမှာ စတင်​အမှုဆောင်

ကျွန်တော် လက်နှိပ်စက် ရိုက်​တတ်​တော့ စာအုပ်​ချုပ်လုပ်​ရေး​မှာ တစ်လ လုပ်​ပြီးတဲ့နောက် မဂ္ဂဇင်း​ဌာန​ကို ရောက်​သွားတယ်။ အဲဒီတုန်းက ညီအစ်ကို/မတွေ​က ကင်းမျှော်စင်၊ နိုးလော့! နှစ်စဉ်​ကြေး ယူ​တဲ့​သူတွေ​ရဲ့ လိပ်စာ​တွေကို သတ္တုပြား​ပေါ်မှာ ရိုက်​ပေး​ရတယ်။ လ​အနည်းငယ်​ကြာ​တော့ ထုတ်​ပို့​ရေး​ဌာန​မှာ လုပ်တယ်။ ဌာန​ကြီးကြပ်မှူး က​လော့​စ် ဂျ​န်​ဆင်​က ကမ္ဘာ​တစ်ဝန်း တင်ပို့​မယ့် စာအုပ်ပုံး​တွေကို ဆိပ်ကမ်း​ပို့​မယ့် ကုန်တင်ကား​နဲ့ လိုက်​သွားဖို့ ပြောတယ်။ အမေရိကန်​တစ်ဝန်း​က အသင်းတော်တွေ​ကို စာတိုက်​ကတစ်ဆင့် ပို့​ဖို့​လည်း မဂ္ဂဇင်း​အိတ်တွေ ရှိသေးတယ်။ ညီအစ်ကို ဂျန်​ဆင်​က ကျွန်တော့်ကို အလုပ်ကြမ်း​လုပ်​ရင် ကောင်း​မယ်လို့ ပြောတယ်။ အဲဒီတုန်းက ကျွန်တော် ၁၂၅ ပေါင် (၅၇ ကီ​လို​ဂ​ရ​မ်) ပဲ​ရှိတယ်။ ပိန်​ပိန်​လေး။ ဆိပ်ကမ်း​နဲ့ စာတိုက် သွားလာ​နေရ​တော့ တော်တော်​ကြံ့ခိုင်​လာတယ်။ ကျွန်တော့်​အတွက် ဘာက ကောင်း​သလဲ​ဆိုတာ ညီအစ်ကို ဂျ​န်​ဆင် သိ​တဲ့​ပုံ​ပါပဲ။

မဂ္ဂဇင်း​ဌာန​က အသင်းတော်တွေ​ရဲ့ မဂ္ဂဇင်း တောင်းခံမှု​တွေကိုလည်း ပို့ပေး​ရတယ်။ ဒါကြောင့် ကမ္ဘာ့​တခြား​ဒေသ​တွေကို မဂ္ဂဇင်း​တွေ ပို့​ဖို့ ဘရွတ်ကလင်​မှာ ဘယ်​ဘာသာစကားတွေနဲ့ ပုံနှိပ်​ကြောင်း သိလာ​တ​ယ်။ ဘာသာစကား​များစွာကို တစ်ခါ​မှ မကြား​ဖူး​ဘူး။ ဒါပေမဲ့ ကမ္ဘာ့​ရပ်​ဝေး​ဒေသ​တွေဆီ သောင်း​နဲ့​ချီတဲ့ မဂ္ဂဇင်း​တွေ ရောက်နေ​တာ သိရ​လို့ ဝမ်းသာ​မိတယ်။ နောက်ပိုင်းမှာ အဲဒီ​နေရာဒေသ​တွေကို လည်ပတ်ခွင့်​ရမယ်လို့ အဲဒီတုန်းက မထင်​ခဲ့ဘူး။

ရောဘတ် ဝေါ်​လ​န်၊ ချားလ်စ် မော်​လ​ဟန်၊ ဒွန်​အာဒံ​တို့​နဲ့အတူ

၁၉၆​၁ မှာ ညီအစ်ကို ဂ​ရ​န့်​ဆူ​တာ ကြီးကြပ်​တဲ့ ငွေစာရင်း​ဌာန​မှာ လုပ်ဖို့ တာဝန်ရ​တ​ယ်။ အဲဒီမှာ နှစ်​အနည်းငယ် လုပ်ပြီးနောက် ကမ္ဘာချီ​လုပ်ငန်းကို ဦးဆောင်နေတဲ့ ညီအစ်ကို နေသန် နောရ်​ရဲ့ ရုံးခန်း​ကို အခေါ်​ခံ​ရတယ်။ ညီအစ်ကို နောရ်​က ပြောတယ်။ ရုံး​က ညီအစ်ကို​တစ်ယောက် နိုင်ငံ​တော် ဓမ္မအမှု​သင်တန်း တစ်လ တက်ပြီး လုပ်ငန်းတော်​ဌာန​မှာ လုပ်​ရမှာ​မို့ သူ့​နေရာမှာ အစားဝင်​ပြီး ညီအစ်ကို ဒွန်​အာဒံနဲ့ တွဲလုပ်​ရမယ်​တဲ့။ တိုက်​တိုက်ဆိုင်​ဆိုက်​ပဲ ဒွန်​က ၁၉၅​၅ အစည်းအဝေးကြီး​တုန်းက ကျွန်တော့်​ဗေသလ​လျှောက်လွှာ​ကို လက်ခံ​ခဲ့တဲ့ ညီအစ်ကို ဖြစ်နေ​တ​ယ်။ အဲဒီ​ရုံး​မှာ ရောဘတ် ဝေါ်​လ​န်​နဲ့ ချားလ်စ် မော်​လ​ဟန်​တို့လည်း လုပ်တယ်။ ကျွန်တော်တို့​လေးယောက် နှစ်ပေါင်း ၅၀ ကျော် တွဲလုပ်​ခဲ့ကြတယ်။ အဲဒီလို ရင့်ကျက်​တဲ့ သစ္စာရှိ အမျိုးသားတွေ​နဲ့ တွဲလုပ်​ရတာ ဝမ်းသာစရာ​ပဲ။—ဆာ. ၁၃၃:၁

၁၉၇​၀၊ ဗင်နီဇွဲလား နိုင်ငံမှာ ပထမဆုံး ဇုန်​လည်ပတ်မှု

၁၉၇​၀ ပြည့်နှစ်​ကစပြီး ကင်းမျှော်စင်​အသင်း​ရဲ့ ဌာနခွဲရုံး​တွေဆီ တစ်နှစ်​မှာ တစ်ခါ၊ နှစ်ခါ အပတ်​အနည်းငယ် လည်ပတ်​ဖို့ တာဝန်ရ​ရှိတယ်။ အဲဒီတုန်းက​တော့ ဇုန်​လည်ပတ်မှု​လို့ ခေါ်တယ်။ ကမ္ဘာ​တစ်ဝန်း​က ဗေသလမိသားစု​တွေ၊ သာသနာပြု​တွေကို လည်ပတ်​အားပေး​တာ၊ ဌာနခွဲရုံး​မှတ်တမ်းတွေ စစ်ဆေး​တာ​တွေ ပါဝင်တယ်။ နိုင်ငံ​ရပ်​ခြား​မှာ သစ္စာရှိရှိ အမှုဆောင်​နေတဲ့ အစောပိုင်း ဂိလဒ်သင်တန်း​ဆင်း​တွေနဲ့ တွေ့ရ​တာ ဝမ်းသာစရာ​ပဲ။ ဒီ​တာဝန်​ကြောင့် နိုင်ငံ​ပေါင်း ၉၀ ကျော်​ကို လည်ပတ်ခွင့်​ရခဲ့တယ်။

နိုင်ငံ​ပေါင်း ၉၀ ကျော်က ညီအစ်ကို​တွေဆီ လည်ပတ်​ရတာ ပျော်ရွှင်​စရာ​ပဲ

သစ္စာရှိ လက်တွဲဖော် တွေ့ရှိ​ခြင်း

ဘရွတ်ကလင် ဗေသလ​မိသားစုဝင်​အားလုံးဟာ နယူးယောက်မြို့​တစ်ဝိုက် အသင်းတော်တွေ​မှာ တာဝန်ကျ​ကြ​တယ်။ ဘ​ရွန့်ဇ်​အသင်းတော်​မှာ ကျွန်တော် တာဝန်ကျတယ်။ အဲဒီမြို့​ရဲ့ ပထမဆုံး အသင်းတော် ကြီးလာ​လို့ ခွဲ​လိုက်ရတယ်။ ကျွန်တော် တက်​ခဲ့တဲ့ မူလ​အသင်းတော်ကို အထက်​ဘ​ရွန့်ဇ်​အသင်းတော်​လို့ ခေါ်တယ်။

ဘ​ရွန့်ဇ်​တောင်ပိုင်း​မှာ အမှန်တရား ရခဲ့တဲ့ လ​တ်​ဗီး​ယန်း သက်သေခံ မိသားစု​တစ်စု​က ၁၉၆​၀ ပြည့်လွန်နှစ်​တွေ အလယ်ပိုင်း​မှာ ကျွန်တော့်​အသင်းတော်​ရပ်ကွက်​ထဲ ပြောင်းလာ​တ​ယ်။ သမီးကြီး လီ​ဗီ​ယာ​ဟာ အထက်တန်းကျောင်း ပြီးပြီး​ချင်း မှန်မှန်ရှေ့ဆောင် ဖြစ်လာတယ်။ လ​အနည်းငယ်​ကြာ​တော့ ကြေညာသူ ပို​လိုအပ်တဲ့ မက်ဆာချူးဆက်​ကို ပြောင်းရွှေ့​သွားတယ်။ အသင်းတော်​အကြောင်း​တွေ ကျွန်တော် စာရေး​တော့ သူက​လည်း ဘော့စတွန်​ဒေသ​ရဲ့ အမှုဆောင်လုပ်ငန်း အောင်မြင်မှု​တွေအကြောင်း ပြန်​ရေး​လေ့ရှိတယ်။

လီ​ဗီ​ယာ​နဲ့အတူ

နှစ်​အနည်းငယ်​ကြာ​တော့ အထူးရှေ့ဆောင်​အဖြစ် လီ​ဗီ​ယာ ခန့်အပ်ခံ​ရတယ်။ ယေဟောဝါရဲ့ လုပ်ငန်းမှာ ပို​အမှုဆောင်​ချင်တဲ့​အတွက် ဗေသလ​လျှောက်လွှာ တင်ပြီး ၁၉၇​၁ ခုနှစ်မှာ ဗေသလ​ကို ဖိတ်ခေါ်​ခံ​ရတယ်။ ယေဟောဝါ အချက်ပေး​လိုက်​သလို​ပါပဲ။ ၁၉၇​၃၊ အောက်တိုဘာ ၂၇ မှာ ကျွန်တော်တို့ လက်ထပ်​တ​ယ်။ ညီအစ်ကို​နောရ်​က မင်္ဂလာ​ဟောပြောချက် ပေးတယ်။ “ဇနီးကောင်း​ကို ရတဲ့​သူဟာ ကောင်းတဲ့အရာ​ကို ရတဲ့​သူ​ပဲ။ ယေဟောဝါရဲ့ မျက်နှာသာ​ကို ရတဲ့​သူ​ပဲ” လို့ ပညာအလိမ္မာ ၁၈:၂၂ မှာ ပြောထားတယ်။ ဗေသလ​မှာ ကျွန်တော်တို့​နှစ်ယောက် အမှုဆောင်​တာ နှစ်ပေါင်း ၄၀ ကျော်​ပြီ။ ဘ​ရွန့်ဇ်​မြို့​က အသင်းတော်​မှာ အမှုဆောင်​နေကြ​တုန်းပဲ။

ခရစ်တော်ရဲ့ ညီ​တွေနဲ့ လက်တွဲ​အမှုဆောင်ခြင်း

ညီအစ်ကို​နောရ်​နဲ့အတူ အလုပ်လုပ်​ရတာ တကယ်​ပျော်စရာ​ကောင်းတယ်။ အမှန်တရား​အတွက် မမော​နိုင်​မ​ပန်း​နိုင် အလုပ်လုပ်​တဲ့​သူ၊ ကမ္ဘာ​တစ်ဝန်း​က သာသနာပြု​တွေကို အလွန်​တန်ဖိုးထားတဲ့​သူ​ပါပဲ။ သာသနာပြု​အများစုဟာ တာဝန်ကျ​ရာ တိုင်းပြည်​မှာ ဦးဆုံး သက်သေခံ​တွေ ဖြစ်​လေ့ရှိတယ်။ ၁၉၇​၆ မှာ ညီအစ်ကို​နောရ် ကင်ဆာရောဂါ ခံစား​နေရတာ​ကို မြင်ရ​တာ ဝမ်းနည်းစရာ​ပဲ။ တစ်ခါတုန်းက အိပ်ရာ​ထဲ လဲနေ​တုန်း ပုံနှိပ်တိုက် ပို့​မယ့် အကြောင်းအရာ​တချို့ ဖတ်ပြ​ခိုင်း​တ​ယ်။ ဖရက်​ဒ​ရစ် ဖ​ရ​န့်​ကိုလည်း လာ​နားထောင်​ဖို့ ခေါ်​ခိုင်း​တ​ယ်။ ညီအစ်ကို ဖ​ရ​န့် မျက်စိ​မကောင်း​လို့ သူ့​အတွက် ညီအစ်ကို​နောရ် စီစဉ်​ပေး​မှန်း နောက်ပိုင်း​မှ သိလိုက်​ရတယ်။

၁၉၇​၇၊ ဇုန်​လည်ပတ်မှု​မှာ ဒေ​နီ​ယ​ယ်​နဲ့ မာ​ရီ​နာ ဆစ်​ဒ​လ​စ်​တို့​နဲ့အတူ

၁၉၇​၇ ခုနှစ်မှာ ညီအစ်ကို​နောရ် သေဆုံးသွားတယ်။ မြေကြီးအသက်တာ ကုန်ဆုံး​တဲ့​အထိ သစ္စာရှိ​သွား​လို့ သူ့ကို ချစ်မြတ်နိုးသူ​တွေ နှစ်သိမ့်မှု ရရှိ​ကြ​တ​ယ်။ (ဗျာ. ၂:၁၀) နောက်ပိုင်းမှာ လုပ်ငန်းကို ညီအစ်ကို ဖ​ရ​န့် ဦးဆောင်​ပေးခဲ့တယ်။

အဲဒီအချိန်​မှာ ကျွန်တော်က ညီအစ်ကို​နောရ်​နဲ့ ဆယ်စုနှစ်​များစွာ တွဲလုပ်​ခဲ့တဲ့ မီလ်တန် ဟန်​ရှယ်​ရဲ့ အတွင်းရေးမှူး တာဝန် ထမ်းဆောင်​တ​ယ်။ ကျွန်တော့်​ရဲ့ အဓိက ဗေသလ တာဝန်​က ညီအစ်ကို ဖ​ရ​န့် လိုအပ်သမျှ​ကို ကူညီပေးဖို့ ဖြစ်သွား​ပြီ​လို့ ညီအစ်ကို ဟန်​ရှယ် ပြောတယ်။ ဒါကြောင့် ပုံနှိပ်တိုက် ပို့​မယ့် အကြောင်းအရာ​တွေကို ပုံမှန် ဖတ်ပြ​ခဲ့ရတယ်။ ညီအစ်ကို ဖ​ရ​န့်​ဟာ မှတ်ဉာဏ်​သိပ်ကောင်း​ပြီး ဖတ်​တဲ့​အကြောင်းအရာကို အံ့ဩစရာ​ကောင်း​လောက်အောင် အပြည့်အဝ အာရုံစိုက်​နိုင်တယ်။ ၁၉၉​၂၊ ဒီဇင်ဘာ​မှာ မြေကြီးအသက်တာ ကုန်ဆုံး​တဲ့​အထိ သူ့ကို ကူညီပေး​ခွင့်​ရလို့ ဝမ်းသာ​တ​ယ်။

ဆယ်စုနှစ်​များစွာ အလုပ်လုပ်​ခဲ့တဲ့ အမှတ် ၁၂၄၊ ကိုလံဘီယာ​ဟိုက်

ဗေသလ​မှာ အမှုဆောင်​ခဲ့တဲ့ ၆၁ နှစ်​ဟာ အကုန်​မြန်​လိုက်တာ။ ယေဟောဝါအပေါ် သစ္စာရှိရှိ သေဆုံး​သွားတဲ့ မိဘတွေ​ကို ပိုကောင်းတဲ့​ကမ္ဘာ​မှာ ကြိုဆို​ဖို့ စောင့်မျှော်​နေပါတယ်။ (ယော. ၅:၂၈၊ ၂၉) ဒီလောက ကမ်းလှမ်း​တဲ့ ဘယ်​အရာက​မှ ကမ္ဘာ​တစ်ဝန်း​က ဘုရားသခင့်​လူမျိုးရဲ့ အကျိုး​အတွက် သစ္စာ​ရှိတဲ့ အမျိုးသား/သမီး​တွေနဲ့ တွဲ​လုပ်ဆောင်​ရတဲ့ အခွင့်ထူး​ကို မ​ယှဉ်​နိုင်​ဘူး။ အချိန်ပြည့်လုပ်ငန်း​မှာ ပါဝင်​ခဲ့တဲ့ နှစ်တွေ​အတွင်း “ယေဟောဝါဘုရား ပေးသနား​တဲ့ ဝမ်းမြောက်ခြင်း​ဟာ [ကျွန်တော်တို့] အတွက် ရဲတိုက်​ပဲ” လို့ လီ​ဗီ​ယာ​နဲ့ ကျွန်တော် ပြောနိုင်​ပါတယ်။—နေ. ၈:၁၀

ယေဟောဝါရဲ့ အဖွဲ့အစည်း​မှာ ဘယ်​လူသား​မှ မရှိမဖြစ် မဟုတ်ဘူး။ နိုင်ငံ​တော် အမှန်တရား ဖြန့်ဝေ​တဲ့​လုပ်ငန်း​လည်း ဆက်တိုးတက်​နေတယ်။ နှစ်တွေ​တစ်လျှောက် ယုံကြည်အားထား​ရတဲ့ သစ္စာရှိ ညီအစ်ကို/မများ​စွာ​နဲ့ တွဲလုပ်​ခွင့်​ရတာ အခွင့်ထူး​ပါပဲ။ ကျွန်တော်​နဲ့ တွဲလုပ်​ခဲ့တဲ့ ဘိသိက်ခံ အများစု မြေကြီး​ပေါ် မရှိကြ​တော့ဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ လုပ်ငန်းမှာ အဲဒီလို သစ္စာရှိသူ​တွေနဲ့ လက်တွဲ​အမှုဆောင်ခွင့်​ရခဲ့​လို့ သိပ်​ကျေးဇူးတင်ပါတယ်။